တောင်အာဖရိက သမ္မတ ဆိုင်ရီရာမာဖိုဆာသည် မြို့တော်ပရီတိုးရီးယားတွင် တရုတ်သမ္မတရှီကျင်းပင်းနှင့် တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံတွင် ဒေါ်လာ ၁၄ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားလိမ့်မည်ဟု ကြေညာခဲ့သည်။
ရှီနှင့် ရာမာဖိုဆာတို့သည် တောင်အာဖရိကတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
သမ္မတဟောင်း ဂျက်ကော့ဇူးမားသည် ခြစားမှုအရှုပ်တော်ပုံများ၊ စီးပွားရေးတိုးတက်မှုနည်းပါးခြင်း၊ အလုပ်လက်မဲ့နှုန်း စံချိန်တင် မြင့်တက်မှုတို့ဖြင့် ကြီးစိုးနေသော၎င်း၏ ကိုးနှစ်တာသက်တမ်းကို အဆုံးသတ်ခဲ့ပြီးနောက် ရာမာဖိုဆာသ် တောင်အာဖရိက၏ စီးပွားရေးကို ပြန်လည်ရှင်သန်စေကာ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်ဟု ကတိပေးပြီး ဖေဖော်ဝါရီလက သမ္မတဖြစ်လာသူဖြစ်သည်။
သမ္မတရှီသည် ဇူလိုင် ၂၅ ရက်တွင် စတင်ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တောင်အာဖရိကသို့ ရောက်ရှိခဲ့သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ပါဝင်သော BRICS ဆိုသည်မှာ ပေါ်ထွန်းစ စီးပွားရေးအင်အားကြီးနိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဇူလိုင်လ ၂၄ ရက်နေ့ကရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် တောင်အာဖရိကနိုင်ငံပိုင် ကုမ္ပဏီ Eskom သို့ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ချေးငွေထုတ်ပေးခြင်းလည်း ပါဝင်ကြောင်း သိရသည်။
ကြီးမားလှသော Eskon သည် ဇူးမား၏ အစိုးရအဖွဲ့ပါဝင်နေသော ခြစားမှု စွပ်စွဲချက်များနှင့်လည်း ပတ်သက်မှုရှိနေသည့် လုပ်ငန်းဖြစ်သည်။
ရှီကျင်ပင်းသည် ဇူလိုင် ၂၁ ရက်က ဆီနီဂေါနိုင်ငံခရီးစဉ်တွင်လည်း အာဖရိကတိုက်နှင့် စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာလာစေရန် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
သို့သော်လည်း ဝေဖန်သူများကမူ သတ္တုနှင့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ လုပ်ပိုင်ခွင့်ရရှိရန် မျှော်ကိုးပြီး တရုတ်က ထုတ်ချေးထားသော ချေးငွေများကြောင့် အာဖရိကသည် တရုတ်ကြွေးမြီထဲတွင် နစ်နေပြီဟု သုံးသပ်နေကြသည်။
Daily Eleven