လျှပ်စစ်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်


13 September, 2018

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လျှပ်စစ်ကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ စတင်ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က သတင်းရရှိသည်။

ရင်းနှီးမြှုပ်နှံမှု

********

စက်တင်ဘာလ ၁၁ ရက်က DICA ရုံး၌ ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ဒုညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောခြင်းဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတည်ဆောက်ရန် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၆၈၀ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း

********

အဆိုပါ ၂၃၀ ကေဗွီ ဘဲလင်းဓာတ်အားခွဲရုံကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းကျေးရွာတွင် တရုတ်ကုမ္ပဏီတခုဖြစ်သည့် Power Gen Kyaukse ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ၂ ခုတို့မှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်ထုတ်လုပ် ရောင်းချသွားမည်ဖြစ်ကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။

“ဒီတပတ် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုထဲမှာ ခွင့်ပြုတာက လျှပ်စစ်ကဏ္ဍ ၁ ခုပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၉၂ သန်းကျော် ဆိုတော့မနည်းဘူး။ လျှပ်စစ်ဓာတ်အား ၁၅၀ မီဂ္ဂါဝပ်လောက်ထုတ်လုပ်နိုင်တယ်။ Gas နဲ့ပဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ယင်းလုပ်ငန်းကို ပြီးခဲ့သည့်စက်တင်ဘာလ ၇ ရက်ကပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမှတ်စဉ် (၁၄/၂၀၁၈) အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်သွားမည့် စီမံကိန်းဖြစ်ကြောင်း DICA ကသိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က “ကျေးလက်ဒေသအများစုက ဝေးတယ်ဆိုတော့ အစိုးရပေးတဲ့ မီးကိုမရသေးတာ။ နိုင်ငံခြားကနေ မီးပေးမယ့်သူတွေ ဝင်ရောက်လာတာတော့ ကောင်းပါတယ်။ သူတို့တွေ များများဝင်လေ ရင်းနှီးမြှုပ်နှံမှုတိုးတက်လေဆိုတော့ ကောင်းပေမယ့် မီတာခနှုန်းထားတွေ သက်သာရင် ပိုကောင်းမယ်”ဟု သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု

********

ထို့ပြင် လျှပ်စစ်ကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် Min Zaw Ni Fisherise ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၈၉ အပါအဝင် ကျပ် ၉၅၆၉ ဒသမ ၃၁၀ သန်း ရင်းနှီးမြှုပ်နှံ၍ HFO သုံး Generator များဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကိုလည်း ခွင့်ပြုခဲ့ကြောင်းလည်း DICA ကဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ဥပဒေအရ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ကဏ္ဍတွင် စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၀၅ ဒသမ ၇၇၄ သန်း တန်ဖိုးရှိလုပ်ငန်း ၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

လျှပ်စစ်ကဏ္ဍတွင်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများ

********

ယင်းလုပ်ငန်း ၅ ခုမှာ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် Myanmar Lighting (IPP) ကုမ္ပဏီမှ လုပ်ကိုင်သည့် Developme nt၊ Construction and Operation of ၂၃၀ မဂ္ဂါဝပ်ရှိ Gas Fired Combined Cycle Power Plant လုပ်ငန်း၊ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြ ခရိုင်တွင် Myaung Mya FM Biomass Power ကုမ္ပဏီမှလုပ်ကိုင်သည့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ကချင်ပြည်နယ် ချီဖွေမြို့တွင် Chipwi Nge Hydrop ကုမ္ပဏီမှ လုပ်ကိုင်သည့် ၉၉ မဂ္ဂါဝပ်ရှိ ချီဖွေငယ်ရေအား လျှပ်စစ်စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချရေး လုပ်ငန်းတို့ ဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ် ရေးမြို့တွင် Southern Myanmar Development ကုမ္ပဏီမှ လုပ်ကိုင်သည့် ဒီဇယ်ဆီဖြင့် မောင်းနှင် သည့် မီးစက်များဖြင့် ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ပဲခူးမြို့နယ်တွင် i-Land Park Myanmar Limited မှ လုပ်ကိုင်သည့် i-Land Estate အတွင်းရှိ ငှားရမ်းနေထိုင်သူများကို ၁၉ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားနှင့် ရေနွေးငွေ့ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း စသည်တို့ ဖြစ်သည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ

********

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနှင့် လျှပ်စစ်ကဏ္ဍ၌ လုပ်ငန်း ၄ ခု ခွင့်ပြုပေးခဲ့ရာမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၁၄၆ သန်းအပါအဝင် ကျပ် ၁၇၂၂၆၇ ဒသမ ၃၂၄ သန်း ဝင်ရောက်ထားသည်။

ထိုလုပ်ငန်း ၄ ခုမှာ ရှမ်းပြည်နယ် မူဆယ်မြို့တွင် Great Haw Kham Public ကုမ္ပဏီလီမီတက်က လုပ်ကိုင်မည့် B.O.T စနစ်ဖြင့် ၂၀ မဂ္ဂါဝပ် နမ့်ပေါ်ရေအားလျှပ်စစ် စက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွန်ပြည်နယ် ရေးမြို့တွင် Myat Thura Industry Co.,Ltd မှ လုပ်ကိုင်မည့် ရေးမြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများသို့ HFO/HFD လောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ မွန်ပြည်နယ် ရေးမြို့တွင် South East General Energy & Power ကုမ္ပဏီမှ လုပ်ကိုင်မည့် FO လောင်စာသုံး ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် Min Khit Thit Mining ကုမ္ပဏီမှ လုပ်ကိုင်မည့် ၂၃ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်တို့ ဖြစ်ကြောင်း DICA ရုံးစာရင်းများတွင် ဖော်ပြထားသည်။

ပြည်တွင်း၌ လျှပ်စစ်သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်နေပြီး လက်ရှိအစိုးရမှ ကောက်ခံနေသော နှုန်းထားများမှာ အိမ်သုံးမီတာ ၁ ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀၀ မှ ၂၀၀ အထိ အသုံးပြုပါက ၁ ယူနစ် ၄၀ ကျပ်၊ ၂၀၁ နှင့် အထက် အသုံးပြုပါက ၁ ယူနစ်လျှင် ၅၀ ကျပ်နှင့် လုပ်ငန်းသုံး အနေနှင့် ၁ ယူနစ်လျှင် ၇၅ ကျပ် နှုန်းနှင့် ကောက်ခံလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရသည်။

Source: irrawaddy

Investment/Divestment Local News Read 6453 times