တရုတ်-မြန်မာကုန်သွယ်ရေး ရပ်တန့်မှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးနိုင်


12 August, 2021

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့တချို့တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးဂိတ်များကို ယာယီပိတ်လိုက်ပြီးသည့် ၁ လကျော် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံး နိုင်ကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ဆောင်နေသော ကချင် ပြည်နယ်နှင် ရှမ်းပြည်နယ်အတွင်းရှိ ကုန်သွယ်ရေးဂိတ်များကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေး ဂိတ်ဖြစ်သော မူဆယ် ၁၀၅ မိုင် တခုတည်း၏ ၁ ရက်တာ ကုန်သွယ်မှု ပမာဏသည် ပုံမှန်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရှိပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို မူဆယ် ၁၀၅ မိုင်အပြင် ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကျင့်စန်းကျော့ စသည့် ကုန်သွယ်ရေးဂိတ်များမှလည်း လုပ်ဆောင်လျက် ရှိသည်။

ထို့ကြောင့် ယခုလို ကုန်သွယ်ရေး ဂိတ်အားလုံး ရပ်တန့်ထားရသည့်အတွက် ၁ လကျော်ကာလအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဆုံးရှုံးနိုင်သည်ဟု ကုန်သည်များက ခန့်မှန်းပြောဆိုကြခြင်း ဖြစ်သည်။

မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “ကျနော့် အတွေ့အကြုံအရ တခါမှ ဒီလိုမျိုး အားလုံး ရပ်သွားတာ မကြုံဖူး ဘူး။ တရုတ်ကို ပို့မယ့် ကုန်ပစ္စည်းတွေ အားလုံးက အခုဆိုရင် မူဆယ်မြို့မှာပဲ သောင်တင်နေပြီ” ဟု ဧရာဝတီကို ပြော သည်။

လက်ရှိအချိန်တွင် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံး ရပ်တန့်သွားသလို ကုန်သွယ်မှုနှင့် ဆက်စပ်ပြီး အလုပ်လုပ်ကိုင်နေ ကြသော နေ့စားအလုပ်သမား၊ ကုန်တင်ယာဉ်မောင်းများ၊ ကုန်သည်နှင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူအထိ အခက် အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည်ဟု ၎င်းက ဆိုသည်။

မြန်မာမှ တရုတ်သို့ တင်ပို့မည့် ဆန်၊ ဆန်ကွဲ၊ ကြက်သွန်၊ ပဲမျိုးစုံ အပါအဝင် ကုန်ပစ္စည်းများအား ကုန်သည်များက မန္တလေး မြို့သို့ ပြန်သယ်ဆောင်ရန် ကုန်ကျစရိတ်ကို ထပ်မံ အကုန်ကျ မခံနိုင်တော့သည့်အတွက် မူဆယ်မြို့ရှိ ဂိုထောင်များကို ငှား ရမ်းပြီး သိုလှောင်ထားရကြောင်း သိရသည်။

“အခုက လုပ်ငန်းတွေ အကုန်ရပ်ပြီးတော့ ငွေသေနေတဲ့ အခြေအနေ ဖြစ်နေတာပေါ့” ဟုလည်း မန္တလေးမြို့မှ ကုန်သည် တဦးဖြစ်သူ ဦးမျိုးဆွေက ပြောသည်။

ယခင် ကိုဗစ်ကာလများတွင် တရုတ်နိုင်ငံဘက်က ကျန်းမာရေး စည်းကမ်းချက်များ တင်းကျပ်ထားသည့်တိုင် ကုန် သွယ်ရေး လုပ်ငန်းစဉ် ရက်ပိုကြာသွားသော်လည်း အလုပ်ဖြစ်နေသေးခဲ့ပြီး လက်ရှိအချိန်၌မူ လုံးဝကို ရပ်တန့်သွားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရိုက်ခတ်မှုအဖြစ် တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိနေသော ပဲတီစိမ်း၊ နှမ်းမျိုးစုံနှင့် မြေပဲ စသည့် ကုန်များ၏ ပြည် တွင်း ဈေးကွက် ဈေးနှုန်းသည် ၁ အိတ်လျှင် မြန်မာငွေ ကျပ် ၂ သောင်းမှ ၃ သောင်း ဝန်းကျင်အထိ ကျဆင်းသွားလျက်ရှိ ကြောင်း မန္တလေးကုန်စည်ဒိုင်ထံမှ သိရသည်။

ဦးမျိုးဆွေက “ဂိတ်တွေ ဖွင့်နိုးဖွင့်နိုး စောင့်နေကြတာပဲ။ တချို့ ငွေပြန်ဖော်ချင်တဲ့ လူတွေကတော့ ပြန်ရောင်းကြတာပေါ့။ တဖက်မှာကလည်း ဈေးကျနေတော့ ဝယ်တဲ့သူက ရှိနေတယ်။ ပြန်ဖွင့်ရင် အဆင်သင့် ရောင်းနိုင်အောင် ကြိုဝယ် စုထားတဲ့ လူတွေပေါ့” ဟု ပြောသည်။

ထို့သို့ မြန်မာနိုင်ငံဘက်မှ တရုတ်ဈေးကွက်သို့ တင်ပို့နေသော ကုန်ပစ္စည်းများ ဈေးနှုန်း ကျဆင်းနေသော်လည်း တရုတ်နိုင် ငံဘက်မှ တင်သွင်းနေရသည့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေဩဇာ အပါအဝင် လူသုံးကုန်နှင့် ကုန်ကြမ်းပစ္စည်းတချို့ သည် အဝင်မရှိတော့သည့်အတွက် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ကလည်း “အခုချိန်က သစ်သီးကတော့ နားတဲ့အချိန် ဖြစ် တာ ပေါ့။ နောက်လာမယ့် ၁၀ လပိုင်းကစပြီး တင်ပို့မယ့်ကာလ ပြန်ရောက်မှာဆိုတော့ ဂိတ်ပြန်ဖွင့်ဖို့ ကိစ္စကလည်း တိကျတဲ့ သတင်းအချက်အလက်က မရှိတော့ တောင်သူတွေလည်း စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ပြော သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသို့ ကိုဗစ်နှင့်ပတ်သက်သော ဆေးဝါး၊ အောက်ဆီဂျင်အိုး အပါအဝင် ကျန်းမာရေးဆိုင်ရာပစ္စည်း တင်သွင်းမှုများမှအပ အခြားသော လူအဝင်အထွက်များနှင့် ကုန်သွယ်ရေး လုပ်ငန်းများအား ယာယီ ရပ်ဆိုင်းထားပြီး မည်သည့်အချိန်တွင် ပြန်ဖွင့်ပေးမည်ကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

burma.irrawaddy.com
 

Export, Import Read 444 times