တရုတ်နိုင်ငံသည် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံမဟုတ်။ သို့သော် ၎င်း၏ စီးပွားဩဇာကို ကြောက်ရခြင်း ဆက်ရှိနေဆဲ ဖြစ်သည်။
တရုတ်၏ အခြေခံအဆောက်အအုံ စီမံကိန်းများ နှေးကွေးခြင်း၊ အိမ်ရှင်နိုင်ငံများတွင် ကြီးမားလေးလံသော အကြွေးဝန်ပိခြင်းတို့အပေါ် ဝေဖန်ခြင်းများ ဖြစ်ပေါ်နေစေသည်။
ရင်းနှီးမြှုပ်နှံမှုများတွင် ဂျပန်၊ အီးယူနှင့် အမေရိကန်တို့က ရှေ့ရောက်နေသော်လည်း အရှေ့တောင်အာရှ နိုင်ငံများသည် အမေရိကန်နှင့် တရုတ်တို့ ဘက်ပြိုင်နေသည့်ကြားတွင် မီးစင် ကြည့်ကရင်း ၎င်းတို့၏ စီးပွားရေးကို အမျိုးမျိုး ခွဲဖြာ လုပ်ကိုင်ဖို့ ကြိုးပမ်းကြရသည်။
အရှေ့တောင်အာရှ နိုင်ငံများအပေါ်တွင် တရုတ်က မယုတ်လျော့သော စီးပွားဩဇာ ကြီးမားနေခြင်းသည် ဒေသအတွင်း ကြီးစိုးထားသော ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသောကြောင့်ဟု ထင်မြင်ယူဆထားသူ အများအပြား ရှိနေသော်လည်း အကယ်စင်စစ် ထိုသို့ မဟုတ်ချေ။
အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့သည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ သုံးဦးအဖြစ် ဆက်ရှိနေခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ် ကတည်းက ဖြစ်ကြောင်းကို ဩစတေးလျ နိုင်ငံမှ သုတေသီများ ပြုလုပ်ခဲ့ကြသည့် သုတေသန အစီရင်ခံအရ သိရသည်။ အဆိုပါအစီရင်ခံစာကို Australia National University (ANU) မှ Chinese Investment in Southeast Asia from 2005 to 2019 ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။
ထိပ်ဆုံး ရင်းနှီးမြှုပ်နှံသူများတွင် တရုတ်မပါခဲ့
၂၀၀၅ မှ ၂၀၁၈ ခုနှစ်အတွင်းကို ကြည့်လျှင် အီးယူက အရှေ့တောင်အာရှ ထိပ်ဆုံး ရင်းနှီးမြှုပ်နှံသူ ၁၀ ကြိမ် ဖြစ်ခဲ့ဖူးသည်။
အမေရိကန်က ထိပ်ဆုံးသို့ သုံးကြိမ် ရောက်ရှိခဲ့ဖူးသည်။
ဂျပန်က တစ်ကြိမ် ရောက်ရှိခဲ့ဖူးသည်။
တရုတ်သည် ထိပ်ဆုံးသို့ မရောက်ခဲ့ဖူးပေ။ ထိပ်ဆုံး သုံးနေရာထဲသို့သာ တတိယနေရာသို့ နှစ်ကြိမ် ရောက်ခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလျံတွင် ရှိပြီး ဂျပန်နိုင်ငံက ကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလျံ ရှိခဲ့သည်။ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၁၉ ဒသမ ၉ ဘီလျံ ရှိခဲ့သည်။
၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၉ ဒသမ ၉ ဘီလျံ ရှိခဲ့ရာ ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလျံထက် ထက်ဝက်ကျော် လျော့နည်းနေသည်။ အီးယူ ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၂၁ ဒသမ ၆ ဘီလျံ ရှိသဖြင့် တရုတ်နိုင်ငံထက် နှစ်ဆကျော် ပိုများသည်။
တရုတ်နှင့် ဂျပန် နှိုင်းယှဉ်ချက်
အထင်နှင့် အမြင် ကွဲလွဲနေရသည်မှာ တရုတ်စီမံကိန်းများသည် မြင်သာနေသောကြောင့် ဖြစ်သည်။ အထူးသဖြင့် BRI (Belt and Road Initiative) ခေါင်းစဉ်အောက်မှ အခြေခံအဆောက်အအုံ စီမံကိန်းများ ဖြစ်သည်။
ဒေသတွင်း အခြေခံ အဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုများတွင် ဂျပန်သည် အမြဲတမ်း အများဆုံး ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံက ဂျပန်နိုင်ငံထက် များစွာ နည်းပါးနေခဲ့သည်။
ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ကြီးမားသော်လည်း များသောအားဖြင့် လူအများတို့ သတိမမူမိကြချေ။
၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံက Partnership for Quality Infrastructure (PQI) အစီအစဉ်ကို စတင်ခဲ့ရာ အခြေခံအဆောက်အအုံများအတွက် ကန်ဒေါ်လာ ၁၁ ၀ ဘီလျံ သုံးစွဲပြီး ဒေသတွင်းမှာ စီမံကိန်းများကို ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ရန် ဖြစ်သည်။
တရုတ်နိုင်ငံက ပမာဏကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် နှေးပြီး ပြီးစီးဖို့ အချိန်ကြာသည့်အတွက် ဝေဖန်ခံရသည်။ အိမ်ရှင်နိုင်ငံတို့တွင် ကြီးမားလေးလံသော အကြွေးဝန်ထုပ်ဝန်ပိုးများ တင်ကျန်ရစ်သည့်အတွက်လည်း ဝေဖန်ခံရသည်။ ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း အကြိမ်ကြိမ် ရှိခဲ့ရာ လန်ဒန်အခြေစိုက် Business & Human Rights Resource Centre မှ ထုတ်ပြန်ချက်အရ ၂၀၁၃ မှ ၂၀၂၀ ခုနှစ်အထိကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၆၇၉ ကြိမ် ကျူးလွန်ခဲ့သည်။ ပြည်ပတွင် လုပ်ကိုင်လျက်ရှိသေ တရုတ်လုပ်ငန်းများ ပါဝင်ပတ်သက်သော အမှုများ ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်ခြင်းအပြင် မြေယာပိုင်ဆိုင်မှု ချိုးဖောက်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပွားစေခြင်း၊ လူအများ၏ ကျန်းမာရေး ထိခိုက်စေခြင်းများလည်း ဖြစ်ပွားခဲ့သည်။ ဒေသခံတို့၏ အခွင့်အရေးများကို လျစ်လျူပြုခြင်းများလည်း ရှိခဲ့သည်။
ထိုအခြေအနေများကြောင့် လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်မှ စ၍ အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်စီးပွားရေးအပေါ် မှီခိုမှု များနေသည့်အတွက် စိုးရိမ်မကင်း ဖြစ်လာခဲ့ကြသည်။
ချေးငွေဖြစ်သဖြင့် FDI တွင် စာရင်းမဝင်
တရုတ်နိုင်ငံမှ ဝင်လာသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု( FDI) များသည် အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့မှ ဝင်လာသော FDI များနှင့် မတူချေ။ အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့မှ ဝင်လာသော FDI များသည် များသောအားဖြင့် စက်ရုံများ တည်ဆောက်လုပ်ကိုင်ကြခြင်း ဖြစ်ပြီး ဒေသတွင်း ကုန်ချောများ ကုန်ထုတ်လုပ်မှု လုပ်ကိုင်ကြခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးကို အဓိကအားဖြင့် လုပ်ကိုင်ရာ၌ အိမ်ရှင်နိုင်ငံတို့ကို စီမံကိန်း အကောင်အထည်ဖော်နိုင်စေရန် ချေးငွေပုံစံဖြင့် ထောက်ကူသည်။ ငွေသားဖြင့် ပြန်ဆပ်ရခြင်း ရှိသလို သယံဇာတများဖြင့် ပေးဆပ်ရခြင်းမျိုးလည်း ရှိသည်။ ထိုသို့ သယံဇာတ ရယူရာတွင်လည်း အရိုင်းအတိုင်း ရယူခြင်း ဖြစ်နေလေ့ရှိသည်။ ကုန်ချောအဆင့် ထုတ်လုပ်ရန် စက်ရုံတည်ဆောက်လုပ်ကိုင်ခြင်း နည်းပါးသည်။ ထို့ပြင် ချေးငွေအတွက် အိမ်ရှင်နိုင်ငံမှ အတိုးနှင့် အရင်း နှစ်မျိုးစလုံး တာဝန်ယူထားရသဖြင့် FDI တွင် စာရင်းမဝင်ချေ။ သို့ဖြစ်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ စာရင်းကောက်ယူရာတွင် ထည့်သွင်းခံရခြင်း မရှိသဖြင့် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် လက်တွေ့တွင် လျော့နည်းနေရသည်။ ထိုသို့သော ချေးငွေအမျိုးမျိုးနှင့် မကင်းသည့် နိုင်ငံများမှာ ကမ္ဘောဒီးယား၊ဗီယက်နမ်၊ မြန်မာ၊ လာအိုတို့ ပါဝင်သည်။ ထိုင်းနိုင်ငံလည်း ပမာဏ အနည်းငယ်ဖြင့် ပါဝင်နေသည်။
ထိပ်တန်း သုံးနိုင်ငံ
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အများဆုံး စီးဝင်သော နိုင်ငံများမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံများ ဖြစ်သည်။ အရှေ့တောင်အာရှတစ်ခွင်ရှိ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ၏ ၅၇ % သည် အဆိုပါ သုံးနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် အဓိကအားဖြင့် စွမ်းအင်၊ အခြေခံ အဆောက်အအုံနှင့် သတ္တု ကဏ္ဍများတွင် လုပ်ကိုင်နေသည်။ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းသည် ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ငါးပုံတစ်ပုံ ရှိသည်။
မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသော တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် စွမ်းအင်ဆိုင်ရာ ပိုင်ဆိုင်မှုများကို ၂၀၁၅ ခုနှစ်တွင် 1MDB ထံမှ ကန်ဒေါ်လာ ၅ ဒသမ ၉၆ ဘီလျံဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။ ထို့ပြင် BRI စီမံကိန်း ဖြစ်သော Melaka Gateway Port ဆိပ်ကမ်းစီမံကိန်းနှင့် East Coast Rail Link ရထားလမ်း စီမံကိန်းတို့ ပါဝင်သည်။
စင်ကာပူနိုင်ငံတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် မဟာဗျူဟာမြောက် ဝန်ဆောင်မှု ပေးအပ်သည့် လုပ်ငန်းများ ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ လျှပ်စစ်ဓာတ်အားလုပ်ငန်း သုံးခုမှ တစ်ခုနှင့် Singapore Petroleum Company ပုဂ္ဂလိကပိုင်ပြုသည့်အခါတွင် ဝယ်ယူခြင်းတို့အတွက် ကန်ဒေါ်လာ ၅ ဘီလျံ သုံးစွဲခဲ့သည်။
ထိုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုများသည် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍထဲသို့ စီးဝင်ခဲ့သည်။ အွန်လိုင်းဈေးဆိုင်ကြီးဖွင့်ထားသော စင်ကာပူအခြေစိုက် e-commerce ကုမ္ပဏီ Lazada ကို Alibaba က ဝယ်ယူသိမ်းပိုက်ခဲ့သည်။ ထို့အတွက် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဘီလျံ သုံးစွဲခဲ့သည်။
စင်ကာပူသည် တရုတ်ထိပ်တန်း နည်းပညာကုမ္ပဏီများ လာရောက်လုပ်ကိုင်ကာ ရင်းနှီးမြှုပ်နှံနေကြသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
အခြား အာဆီယံနိုင်ငံများ
အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ၏ ငါးပုံတစ်ပုံကို လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့တွင် လုပ်ကိုင်နေရာ၌ အများစုမှာ စွမ်းအင်ကဏ္ဍတွင် ဖြစ်သည်။ လာအိုတွင် ရေအားလျှပ်စစ်ကို လုပ်ကိုင်နေပြီး ဗီယက်နမ်နိုင်ငံတွင် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံကို လုပ်ကိုင်နေသည်။
လာအိုသည် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိကာလအတွင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့နှင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်တို့အကြား ဆက်သွယ်သည့် ရထားလမ်း စီမံကိန်းအတွက် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ရရှိခဲ့သည်။
ဗီယက်နမ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အထွတ်အထိပ်သို့ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရောက်ရှိခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ တစ်ရုံ အတွက် ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ နှစ်ရုံ အတွက် ရင်းနှီးမြှုပ်နှံခဲ့သည်။
ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာနှင့် ဘရူးနိုင်း နိုင်ငံများသည် အရှေ့တောင်အာရှတွင် တရုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၁% ကို ရရှိသည်။
ကမ္ဘောဒီယားသည် လာအိုနှင့် နှိုင်းယှဉ်ပါက ကဏ္ဍအမျိုးအစား ပိုများသော ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုးကို ရရှိသည်။ မြန်မာသည် စစ်တပ်အုပ်ချုပ်နေစဉ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖယ်ကြည်ခံထားရသဖြင့် တရုတ်အကူအညီအပေါ် အားထားနေခဲ့ရသည်။
BRI စီမံကိန်းများတွင် ပါဝင်သော ကျောက်ဖြူဖွံ့ဖြိုးရေး စီမံကိန်းသည် ထင်ရှားသည်။
၂၀၀၈ မှ ၂၀၁၃ ခုနှစ်အထိကာလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် FDI တွင် ပျမ်းမျှအားဖြင့် ၄၀% သည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ရာ ၆၈% ဖြစ်သွားခဲ့သည်။
ဖိလစ်ပိုင်၊ ထိုင်းနှင့် ဘရူနိုင်း နိုင်ငံများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုသည် အရေးပါလောက်သည့် အဆင့်သို့ မရောက်ရှိချေ။
ဖိလစ်ပိုင်သည် တရုတ်နှင့် ရေပိုက်နက် အငြင်းပွားနေသဖြင့် တရုတ်အစိုးရဦးစီးသော ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း မရှိချေ။
Source: scmp.com