မြန်မာနိုင်ငံမှ ဆန်ကို တရုတ်မှ ဝယ်ယူရန်ကမ်းလှမ်း


09 April, 2018

ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သန်း တရားဝင်ဝယ်ယူရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ စာပို့၍ ကမ်းလှမ်းထားကြောင်း သိရပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသော စုစုပေါင်း ဆန်တန်ချိန် ပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ဝေစု ရယူထားသော လူဦးရေ သန်း ၅၀ ကျော်နေထိုင်သည့် ယူနန်ပြည်နယ်မှ တရားဝင် ဆန်ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်သည်။

တရားဝင်ပို့ရန်အတွက် အရည်အသွေး၊ ဈေးနှုန်းတွေကို ညှိနှိုင်းနေသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန် လေးသန်းခန့် တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့ထားပါသည်။

တရုတ်အစိုးရသည် နယ်စပ် ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို တင်သွင်းရာတွင် ကုန်ပစ္စည်း အများစုကို တရားဝင်တင်သွင်းခွင့် ပေးထားခြင်းမရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံမှ နယ်စပ်ပို့ကုန်များကို တရားဝင်လိုင်စင်ဖြင့် ခွင့် ပြုထားသော်လည်း တရုတ်အစိုးရက တရားဝင်ခွင့်မပြုသဖြင့် မြန်မာနိုင်ငံမှ ကုန်သည်များသည် ငွေကြေးဆုံးရှုံးနစ်နာမှုများ ရှိနေကြောင်း မူဆယ်မြို့ရှိ ဆန်ကုန်သည်အချို့က ပြောခဲ့ပါသည်။

နှစ်နိုင်ငံ တရားဝင်ကုန်သွယ် ရေးမရှိခြင်းကြောင့် ကုန်ပစ္စည်း များ ရောင်းဝယ်ရာတွင် ငွေလွှဲပေးပို့ရန် ယူနန်ပြည်နယ်ရှိ ဘဏ်အချို့၌ မြန်မာကုန်သည်များက ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်နေရသည်။

မတ်လကုန်ပိုင်းက အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ မြန်မာနိုင်ငံသား ဆန်၊ ပြောင်းဖူးစေ့နှင့် သကြားကုန်သည်များ၏ ငွေစာရင်း ၂၀၀ ကျော်ကို တရုတ်အစိုးရက ပိတ်သိမ်း၍ စစ်ဆေးခဲ့သည်။

ထိုအခြေအနေမျိုးတွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တုံ့နှေးခဲ့ပြီး ကုန်ပစ္စည်း၏ ဈေးနှုန်းများအား တရုတ်ကုန်သည်များက လျှော့ချဝယ်ယူသည်ကို မြန်မာကုန်သည်များ ကြုံတွေ့နေရကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောခဲ့ပါသည်။

တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဆန်တစ်မျိုးတည်း သာမက ပြောင်းဖူးစေ့၊ သကြား တို့ကို တရားဝင် တင်ပို့နိုင်မည့် အစီအစဉ်များ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရန် ကုန်သည်အချို့က တောင်းဆိုခဲ့ကြောင်း သိရပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပြောင်းဖူးစေ့ တန်ချိန်တစ်သန်းကျော် တင်ပို့နိုင်ပြီး အများစုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်ကုန်သည်များက ဝယ်ယူခဲ့သည့်အပြင် မြန်မာနိုင်ငံမှ သကြားတန် ချိန်တစ်သန်းကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ထားကြောင်း သိရပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် (ဧပြီ ၁ ရက်မှ မတ်လ ၂၃ ရက်) အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ခြောက်ဘီလီယံခန့် တင်ပို့ထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၄၂၀ ကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားပါသည်။

7day daily

 

Local News Export, Import Read 524 times