မြန်မာနိုင်ငံမှ မြေရှားသတ္တု ( Rare earth ) များ တင်ပို့မှုအပေါ် တရုတ်က ကန့်သတ်ပိတ်ပင်


22 May, 2019

မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ Dysprosium oxide နဲ့ Terbium oxide အပါအဝင် အလယ်အလတ်နှင့် အကြီးစား Rare earths (မြေရှားသတ္ထုများ) များ ပြည်တွင်းသို့ ဝယ်ယူတင်သွင်းနေမှုအပေါ် ပိတ်ပင်ချက်ကို တရုတ်က သက်တမ်းတိုးလိုက်ပြီဆိုတဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ 

Rare earth နဲ့ သက်ဆိုင်တဲ့ Commodities များ တင်သွင်းနေမှုကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကစပြီး Yunnnan ပြည်နယ်ရှိ Tengchong အကောက်ခွန်ဌာနက ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ Tengchong အကောက်ခွန်ဂိတ်ဟာ မြန်မာနိုင်ငံမှ တရုတ်သို့ rare earth တင်ပို့မှုများအတွက် အသုံးပြုနေတဲ့ တစ်ခုတည်းသော ဝင်ပေါက်လည်း ဖြစ်ပါတယ်။

တရုတ် Great Wall Securities ရဲ့ အဆိုအရ တရုတ်သို့ အလယ်အလတ်စားနှင့် အကြီးစား Rare earths များ ပေးသွင်းထောက်ပံ့နေတဲ့ အဓိက supplier များထဲမှာ မြန်မာလည်း ပါဝင်နေပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ၂၀၁၈ က ၎င်းထုတ်ကုန်များကို တရုတ်ပြည်တွင်း သုံးစွဲမှုရဲ့ ၅၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံက ပေးသွင်းမှုနဲ့ ညီမျှခဲ့ကြောင်း သိရပါတယ်။

အခုလို မြေရှား Rare earth များကို မြန်မာကနေတဆင့် တင်သွင်းနေမှုများအပေါ် ထိန်းချုပ် ကန့်သတ်လိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်တွင်းမှာ စည်းမျဉ်းများ တင်းကျပ်နေခြင်း၊ အမေရိကန်မှ Rare Earth တင်သွင်းမှုများအပေါ် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ အခွန်များ တိုးမြှင့်သွားခြင်း စတဲ့ အချက်များကြောင့် Rare earth ဈေးနှုန်းများမှာ ရေတိုကာလအတွင်း မြင့်တက်သွားနိုင်တယ်လို့ လုပ်ငန်းတွင်းကျွမ်းကျင်သူများက ယုံကြည်နေကြပါတယ်။

မြန်မာဆီကနေ ဝယ်ယူတင်သွင်းနေမှုများမှာ တရုတ်နိုင်ငံရဲ့ စုစုပေါင်း တစ်နှစ်တာ တင်သွင်းမှုများရဲ့ ထက်ဝက်မျှနဲ့ ညီမျှနေတဲ့အတွက် အခုလို ကန့်သတ်ထိန်းချုပ်မှုကြောင့် Rare earth ဈေးနှုန်းများကို သေချာပေါက် တက်သွားစေနိုင်တယ်လို့ Bloomberg Intelligence မှ သတ္ထုနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကြီးတန်း သုတေသီ Zhu Yi က ပြောပါတယ်။

Mizzima

Export, Import Read 1165 times