တရုတ်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီများအကြောင်း တစေ့တစောင်း


26 February, 2018

တရုတ်အမှတ်တံဆိပ်တွေနဲ့ မကင်းနိုင်တာမို့ တရုတ်နိုင်ငံမှ ကမ္ဘာသုံး အမှတ်တံဆိပ်ထူထောင်တဲ့ လုပ်ငန်းတွေထဲမှာ ထိပ်တန်း ၅ဝ စာရင်းကို BrandZ Top 50 Chinese Global Brand Builders အစီရင်ခံစာမှာ ဖော်ပြထားတာကို စိတ်ဝင်စားမိတယ်။ အဲဒီအစီရင်ခံစာကို Google နဲ့ WPP တို့ ပူးပေါင်းဆောင်ရွက်ထားတယ်။ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။

Google က လူသိများပြီးသားမို့ အထွေအထူး ပြောပြနေဖို့ မလိုဘူး။ WPP က Wire and Plastic Products plc ကို အတိုကောက်ပြုထားတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကို ၁၉၇၁ ခုနှစ်မှာ စတင်ထူထောင်တော့ ဈေးခြင်းတောင်းတွေ ထုတ်လုပ်တဲ့လုပ်ငန်း ဖြစ်ခဲ့တယ်။ ၁၉ရဝ ပြည့်နှစ်လွန်ကာလမှာ လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူလိုက်ပြီး ကမ္ဘာတစ်လွှား ဈေးကွက် ဝန်ဆောင်မှုလုပ်ငန်း ဖြစ်စေခဲ့တယ်။ နောက်တော့ လုပ်ငန်းစုကြီး ဖြစ်လာခဲ့တယ်။ အခုလို အစီရင်ခံစာ ထုတ်ပြန်တာတွေလည်း BrandZ အမှတ်တံဆိပ်တပ်ပြီး လုပ်ကိုင်ခဲ့ပါတယ်။

Belt and Road Initiative နဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ တွန်းအားဖြင့် တရုတ် brand တွေ ကမ္ဘာ့ဈေးကွက်ထဲမှာ အသိအမှတ်ပြုခံရခြင်း ကြီးထွားလာတယ်။ အထူးသဖြင့် အီလက်ထရွန်နစ်နဲ့ အီးကော်မတ်စ် brand တွေ အထူးတလည် အောင်မြင်ကြတယ်။

စာရင်းမှာ ပါတဲ့ တရုတ် brand တွေဟာ တရုတ်ပြည် ပြင်ပမှာ brand ကို တည်ဆောက်နိုင်ကြတာ ဖြစ်ပါတယ်။

ထိပ်တန်း (၁ဝ) စာရင်းမှာ တိုးတက်နှုန််း အမြန်ဆန်ဆုံး အမျိုးအစားက ဂိမ်း ဖြစ်တာ တွေ့ရတယ်။ ထိပ်တန်း(၁ဝ)ထဲကို အခုနှစ်မှာ brand နှစ်ခု ဝင်လာတယ်။

လူသုံးကုန် အီလက်ထရွန်စနစ် အမျိုးအစားမှာ လူသိများတဲ့ brand တွေဖြစ်တဲ့ Lenovo, Huawei, Xiaomi နဲ့ Anker တို့ ပါဝင်တယ်။

ထိပ်တန်း(၅ဝ) စာရင်းကို အမျိုးအစားတွေအရ ကြည့်ရင် လူသုံးကုန် အီလက်ထရွန်နစ်၊ မိုဘိုင်းဂိမ်းနဲ့ အီးကော်မတ်စ်တို့ဟာ စာရင်းရဲ့ ၆၁ ရာခိုင်နှုန်းကို နေရာယူထားကြတယ်လို့ အစီရင်ခံစာမှာ ဆို်ထားပါတယ်။

အခုလို ပြည်ပမှ ထွန်းပေါက်ဖို့ Belt and Road Initiative က အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အထူးသဖြင့် ဘဏ်လုပ်ငန်းတွေ၊ လေကြောင်းလိုင်းတွေနဲ့ စက်ယန္တရား ထုတ်လုပ်တဲ့လုပ်ငန်းတွေ ကြီးထွားဖို့ အခွင့်သာစေခဲ့တယ်။

အစိုးရကလည်း ကုမ္ပဏီတွေကို သူတို့ရဲ့ မိုးကုတ်စက်ဝိုင်းကို ချဲ့ထွင်ဖို့ အားပေးတိုက်တွန်းတယ်။ ဥရောပနဲ့ အမေရိကတို့ကိုပဲ မျက်စိကျမနေဘဲ တခြားဈေးကွက်အသစ်တွေ ရှာဖွေစေတာမို့ ဘရာဇီး၊ မက္ကဆီကို တို့မှာ ခြေကုပ်ရယူနိုင်ခဲ့ကြတယ်။

ဝယ်ယူသုံးစွဲသူတွေမှာ လူငယ်တွေက သူတို့ ဝယ်ယူဖို့ တတ်နိုင်ပြီး ဝန်ဆောင်မှု ကျေနပ်လောက်စရာ ဖြစ်နေရင် တရုတ် brand တွေကို ခုံခုံမင်မင်ဖြင့် သုံးစွဲကြာတာကြောင့်လည်း အခုလို ပင်လယ်ရပ်ခြားမှာ တရုတ် brand တွေ အောင်မြင်ကြီးထွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး Top 10 မှာ ပါတဲ့ လုပ်ငန်းတွေအကြောင်း အကျဉ်းမျှ တင်ပြပါမယ်။

● Lenovo Group Ltd

PC တစ်ကိုယ်ရေသုံး ကွန်ပျူတာနဲ့ မိုဘိုင်းနည်းပညာတို့မှာ ကမ္ဘာ့ဦးဆောင်နေရာကို ရောက်နေပြီ။ အဲဒီလို မြန်မြန်ဆန်ဆန် ရောက်ဖို့ ၂ဝဝ၅ ခုနှစ်မှာ IBM ရဲ့ PC ထုတ်လုပ်မှုကဏ္ဍကို အပြီးအပြတ် ဝယ်ခဲ့တယ်။ Google လက်ထဲမှာ ရောက်နေတဲ့ ဖုန်းလုပ်ငန်း Motorola Mobility ကို ၂ဝဝ၈ ခုနှစ်မှာ ဝယ်ခဲ့တယ်။

● Alibaba Group Holding, Ltd

တရုတ်ရဲ့ အွန်လိုင်းဈေးခင်းတွေမှာ ဦးဆောင်နေတယ်။ နိုင်ငံတကာ ရောင်းအားက ပြည်တွင်းရောင်းအားရဲ့ အပိုင်းငယ်တစ်ခုစာလောက်ပဲ ရှိတယ်။ အဲဒါကြောင့် ရေရှည် မဟာဗျူဟာခင်းကျင်းပြီး ပင်လယ်ရပ်ခြားကို တိုးချဲ့နေတယ်။ အဲဒီမှာ AliExpress က နိုင်ငံတကာမှ ဈေးဝယ်သူတွေ ပြည်တွင်းထုတ်ကုန်ကို လက်လှမ်းမီအောင် ဆောင်ရွက်ပေးနေတယ်။ Tmall Global က နိုင်ငံတကာမှ စီးပွားရှာလုပ်ငန်းတွေကို ပြည်တွင်းမှ ဈေးဝယ်သူတွေကို လက်လှမ်းမီအောင် လုပ်ပေးနေတယ်။

● Air China Ltd

နံပါတ်(၅) နေရာမှာ ရှိနေတဲ့ Air China ဟာ အကြီးမားဆုံး တရုတ်လေကြောင်းလိုင်း ဖြစ်တယ်။ နိုင်ငံပိုင်လုပ်ငန်းပါ။ ခရီးစဉ် ၃၈ဝ ဝန်းကျင်ကို ပုံမှန်ပြေးဆွဲနေတယ်။ တခြားလေကြောင်းလိုင်းတွေနဲ့လည်း မဟာဗျူဟာအရ ပူးပေါင်းလုပ်ကိုင်တယ်။ လေကြောင်းလိုင်းတွေ လက်တွဲထားတဲ့ Star Alliance မှာ ပါဝင်ထားတယ်။ ဂျာမနီ လေကြောင်းလိုင်းဖြစ်တဲ့ Lufthansa နဲ့လည်း ဖက်စပ်လုပ်ငန်းတစ်ခု လုပ်ကိုင်နေတယ်။

● Hunan Ocean Wing E-Commerce Technology Company, Ltd

ထင်ရှားတဲ့ brand ဖြစ်တဲ့ Anker အမှတ်တံဆိပ်ဖြင့် နားကြပ်၊ LED မီး၊ ဓာတ်အားသွင်းကိရိယာ၊ USB ကြိုးနဲ့ အခြား အီလက်ထရွန်းနစ် တွဲဘက်အသုံးအဆောင်တွေကို မိုဘိုင်းကိရိယာတွေအတွက် ထုတ်လုပ်တယ်။ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် ငွေပုံအောပြီး သုံးတယ်။ ဒီဇိုင်းပိုင်းကို ဂရုစိုက်တယ်။ အဲဒါကြောင့် အမေရိကနဲ့ ကနေဒါတို့မှာ သာမန်ဈေးနှုန်းထက် ၃ဝ ရာခိုင်နှုန်း ပိုမြင့်တဲ့ ပရီမီယံဈေးနှုန်းဖြင့် ရောင်းချနိုင်နေစေတယ်။

● Haier Group

လေအေးစက်၊ အဝတ်လျှောက်စက်၊ ရေခဲသေတ္တာတွေကို နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ ရောင်းချလျက် ရှိတယ်။ ထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော်ကို ပြည်ပမှာ လုပ်ကိုင်တယ်။

အမေရိကန်နိုင်ငံမှ GE ရဲ့ လျှပ်စစ်စက်ရိယာကဏ္ဍ တစ်ခုလုံးကို ၂ဝ၁၆ ခုနှစ်မှာ အပြီးအပိုင် ဝယ်ယူလိုက်ပြီး အမေရိကန်ဈေးကွက်ကို တိုးချဲ့ခဲ့တယ်။

● Hisense Company, Ltd.

မိုဘိုင်းကိရိယာတွေနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၈ဝ ကျော်ကို ဖြန့်ဖြူးရောင်းချလျက် ရှိတယ်။ TV တွေကို အဓိကထားတယ်။ Russia 2018 FIFA World Cup ကို စပွန်ဆာ ယူထားတယ်။

● Cheetah Mobile Company, Ltd.

Cheetah Mobile ကို မိုဘိုင်းကိရိယာတွေနဲ့ လုံခြုံရေး ဆော့ဖ်ဝဲလ်တွေကြောင့် လူသိများတယ်။ Clean Master, Battery Doctor, နဲ့ CM Security တို့ကြောင့် ကျော်ကြားတယ်။ ဖုန်းတွေမှာ တင်ဖို့ အက်ပ်တွေကို အခမဲ့ပေးပြီး အက်ပ်သုံးစွဲချိိန်မှာ ကြော်ငြာထိုးပြီး ဝင်ငွေရှာတယ်။ လစဉ် ပုံမှန်သုံးစွဲသူ ဦးရေ ၆၂၃ သန်း ရှိတယ်။

Global News Read 685 times