တရုတ်နိုင်ငံမှ တရားဝင်ဆန်ရောင်းချခွင့် စာချုပ်မူကြမ်းပေးပို့


05 March, 2019

အစိုးရချင်း သဘောတူညီမှုနဲ့ မြန်မာနိုင်ငံမှ ဆန်တန်ချိန်လေးသိန်း ဝယ်ယူဖို့ တရုတ်နိုင်ငံက စာချုပ်မူကြမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဆီ ပေးပို့ထားပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်နိုင်ငံကို ဆန်တင်ပိုဖို့ ခက်ခဲမှုတွေ ရှိနေချိန်မှာ တရားဝင်တင်ပို့နိုင်မယ့်လမ်းကြောင်း စတင်တာလို့ ဆန်စပါးလုပ်ငန်းကဏ္ဍမှ ပါဝင်သူများက ပြောပါတယ်။

တရုတ်နိုင်ငံကို တရားဝင် ဆန်ရောင်းချဖို့ အခုပေးပို့တဲ့ စာချုပ်မူကြမ်းကို  နှစ်ဖက်ညှိနှိုင်းပြီး ပြည်ထောင်စုဝန်ကြီးအဆင့်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရမှာဖြစ်ပြီး ရေးထိုးမယ့် နေရာကိုလည်း ညှိနှိုင်းရမှာဖြစ်ပါတယ်။

ဧပြီလမှာသွားရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မယ်လို့ ဆန်ကုန်သည်အချို့က မျှော်လင့်နေပါတယ်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးရင် တရုတ်ဗဟိုအစိုးရကို တင်ပြပြီးမှသာ ဝယ်ယူရေး ခွင့်ပြုချက်ရရှိပြီး တင်ပို့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ဝယ်ယူမယ့်ပုံစံကို လက်ရှိအချိန်အထိ မသိရသေးပါ။

တရုတ်နိုင်ငံဟာ အစိုးရချင်း သဘောတူညီမှုနဲ့ တရားဝင်ဆန်ဝယ်ယူခြင်းကို အောက်တိုဘာမှာ စတင်လေ့ရှိပေမယ့် လက်ရှိအခြေအနေက ဘယ်လိုဖြစ်လာနိုင်မယ်ကို မသိရသေးကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောပါတယ်။

တရုတ်နိုင်ငံကို တရားဝင်ဆန်ရောင်းချရာမှာ အခွန်သက်သာခွင့်ရရှိရေး အပြင် တင်ပို့ရောင်းချသူ ကုန်သည်များသာမက ကြိတ်ခွဲသူ၊ လယ်သမားများပါ အခွင့်အရေးရရှိဖို့ ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းဆန်စပါးထုတ်လုပ်မှုဟာ အခုလလယ်ပိုင်းက စတင်ပြီး နွေစပါးအသစ်များ ဈေးကွက်ကို ဝင်လာမယ်လို့ ဆန်ကုန်သည်များက ခန့်မှန်းထားပါတယ်။ ပြည်ပတင်ပို့မှု ပုံမှန်အခြေအနေရှိနေချိန်မှာ ဈေးကွက်အတွင်း ဆန်အသစ်များ ထပ်မံဝင်ရောက်လာပါက ပြည်တွင်းဆန်ဈေးကျဆင်းမှု ကြုံတွေ့မှာကို ၎င်းတို့က စိုးရိမ်နေပါတယ်။

The Myanmar Times

Export, Import Read 2382 times