မြန်မာ - တရုတ် ကွမ်တုန်းပြည်နယ်အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ကာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အကြီးစားထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကွမ်တုန်း - မြန်မာ ကုန်သွယ်မှုကနေ ကျပ်သန်းပေါင်း ၁၆၀၀ ရှိလာပါတယ်။ ဒါဟာ ကုန်သွယ်မှုပမာဏအရ ၁၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ နည်းပညာတွေ မြန်မာကို ပံ့ပိုးကူညီသွားမယ်လို့ ကွမ်တုန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Ouyang Weimin ကပြောပါတယ်။
ဒါ့ပြင် ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် အခြေခံအဆောက်အအုံတွေ ပူးပေါင်းတည်ဆောက်ဖို့၊ လမ်းပန်းဆက်သွယ်ရေးအတွက် တံတားများ၊ ဆိပ်ကမ်းဆောက်လုပ်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့၊ စက်မှုကဏ္ဍ၊ အထည်အလိပ်လုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍတွေရဲ့ အကြီးစားထုတ်လုပ်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြီးတော့ ပို့ဆောင်ဆက်သွယ်ရေး၊ စားသောက်ကုန်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာလည်း ကွမ်တုန်းမှ နည်းပညာတွေကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကနေ အပြည်ပြည်ဆိုင်ရာမှ လာရောက်ရင်းနှီးလုပ်ကိုင်လိုသူတွေအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုမ္ပဏီများ ဥပဒေတို့ကို ပြုပြင်ပြဋ္ဌာန်းပေးခဲ့ပြီး အခြားလိုအပ်တဲ့ ဥပဒေတွေကိုလည်း ဆက်လက်ပြဋ္ဌာန်းပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခေတ်သစ်စီးပွားရေးနယ်ပယ်မှာ စည်းကမ်းရှိရှိ၊ တာဝန်သိသိနဲ့ လာရောက်ရင်းနှီးလုပ်ကိုင်ဖို့ ဖိတ်ခေါ်ကြောင်းပြောပါတယ်။
မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Xie Guoxiang ကလည်း မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကို ရောက်နေပါပြီ။ ကွမ်တုန်းရဲ့ အတွေအကြုံတွေကို မြန်မာနိုင်ငံကို ယူဆောင်လာပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးတိုးတက်ဖို့အတွက် အကျိုးရှိတဲ့ ကဏ္ဍကနေ ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ တရုတ် - မြန်မာ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၄ ဘီလျံအထိရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ စာရင်းအရ ၂၀၁၈ ခုနှစ်ကုန်အထိ တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃၅ ဘီလျံအထိရှိကြောင်း သိရပါတယ်။
The Farmer Media