တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်း လုပ်ငန်းကြီးများသည် ထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် နိုင်ငံအတွင်း ဓာတ်အား မလုံလောက်သဖြင့် ဖြတ်တောက်နေရခြင်း အကျပ်အတည်းကို လျော့ကျစေမည် ဖြစ်သည်။
တရုတ်နိုင်ငံတွင် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း၏ ၇၀% ကို ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများမှ ထုတ်လုပ်ပေးနေသည်ဖြစ်ရာ ကျောက်မီးသွေး မလုံလောက်မှုကြောင့် ဓာတ်အား ထုတ်လုပ်မှုများ လျော့ကျသဖြင့် တိုင်းပြည် စီးပွားရေးကို ထိခိုက်စပြုလာသဖြင့် စီးပွားရေး ကြီးထွားမှုကို ဓာတ်အားအကျပ်အတည်းက အဟန့်အတား ဖြစ်နေစေသည်။
ဓာတ်အားကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနေရခြင်းသည် တိုင်းပြည်စီးပွားရေး၏ အဟုန်ကို လျော့ကျစေသည်။ ၂၀၂၁ ခုနှစ်အတွက် တရုတ်နိုင်ငံ စီးပွားရေး ကြီးထွားမှုကို ယခင်က ၈.၂ % ဟု ခန့်မှန်းထားခဲ့ရာမှ စွမ်းအင် အကျပ်အတည်းကြောင့် ၇.၈% ဟု လျှော့ချ ခန့်မှန်းထားကြသည်။
ဗဟိုအစိုးရကလည်း နိုင်ငံပိုင် ဘဏ်လုပ်ငန်းများကို ကျောက်မီးသွေးတွင်း လုပ်ငန်းကြီးများအတွက် လိုအပ်သည့် ငွေကြေးနောက်ခံ ပေးအပ်နိုင်ဖို့ ပြင်ဆင်ပေးထားရန် ညွန်ကြားထားသည်။ ဒုတိယဝန်ကြီးချုပ် Han Zheng က စွမ်းအင်ကုမ္ပဏီများသည် ဆောင်းရာသီတွင် ဓာတ်အား အလုံအလောက် ရရှိအောင် ဖြစ်သည့်နည်းဖြင့် လုပ်ဆောင်ကြရန် တိုက်ရိုက် ညွန်ကြားထားသည်။
တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကျောက်မီးသွေးထုတ်လုပ်ရေးလုပ်ငန်း China Energy Investment Corp က ၎င်း၏ တရားဝင် WeChat အကောင့်တွင် ထုတ်လုပ်မှု တိုးမြှင့်ရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိဝတ်ပြုသည်။
ဆန်းးစစ်သူများနှင့် ကျောက်မီးသွေး ကုန်သည် အများစုတို့က ထုတ်လုပ်မှု တိုးမြှင့်ခြင်းကို လျင်လျင်မြန်မြန်ဖြင့် ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ဟု ဆိုကြသည်။ သိုဖြစ်ရာ ဓာတ်အားကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနေရဦးမည်ဩု ခန့်မှန်းထားကြသည်။
နိုင်ငံအတွင်း ဓာတ်အား သုံးစွဲမှု ပမာဏသည် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေခဲ့ရာ Morgan Stanley ၏ အဆိုအရယခုနှစ်တွင် ယမန်နှစ်ကထက် ၁၅% နီးပါး ပိုများလာသည်။ ပြည်တွင်း ကျောက်မီးသွေး ထုတ်လုပ်မှုမှာ ယခုနှစ်တွင် ယမန်နှစ်ကထက် ၅%မျှသာ ပိုများသည်။
တရုတ်နိုင်ငံအနေဖြင့် အဓိကကျသည့် ပြည်ပရင်းမြစ်နှစ်ခုထံမှ ကျောက်မီးသွေး တင်သွင်းနိုင်ခြင်း မရှိသည်မှာလည်း အကျပ်အတည်းကို ကြီးထွားစေသည်။ အဓိက ရင်းမြစ်တစ်ခုဖြစ်သော ဩစတေးလျ ကျောက်မီးသွေးများကို နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေသည့်အတွက် တရုတ်အစိုးရက ဩစတေးလျ ကျောက်မီးသွေးများ တင်သွင်းခြင်းကို ပိတ်ပင်ထားသည်။ နောက်ထပ် အဓိကရင်းမြစ်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံအဖို့ အကြီးမားဆုံး ကျောက်မီးသွေး ပေးသွင်းသူဖြစ်ပြီး မိုးရွာသွန်းမှု အဆက်မပြတ် များပြားနေခြင်းကြောင့် ကျောက်မီးသွေး ထုတ်လုပ်မှု လျော့ကျလျက် ရှိသည်။
တရုတ်ပြည်တွင်း ဈေးကွက်တွင် ကျောက်မီးသွေး ဈေးနှုန်းများ မြင့်တက်လာနေသည်။ ဇွန်လက တစ်တန်လျှင် ယွမ် ၉၅၀ ပေါက်ဈေး ရှိခဲ့ပြီး ဩဂုတ်လတွင် ယွမ် ၁,၁၀၀ ဖြစ်လာခဲ့သည်။ စက်တင်ဘာလတွင် ယွမ် ၁,၃၀၀ ဖြစ်လာခဲ့ပြီး ယခုအခါ ယွမ် ၁,၇၀၀ (အမေရိကန်ဒေါ်လာ ၂၆၀) ပေါက်ဈေး ရှိကြောင်း ဈေးနှုန်းသတင်းများ တင်ပြသည့် Argus Media တွင် ဖော်ပြထားသည်။