စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ဖို့ လျာထားချက် မပြည့်မီတဲ့ ဒေသတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ တရုတ်အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင် National Development and Reform Commission (NDRC) က ပြောကြားပါတယ်။ မူဝါဒလမ်းညွှန်ချက်အသစ်ကိုလည်း ထုတ်ပြန်ပါတယ်။
ပြည်နယ် ၃၀ ခု ရှိတဲ့အနက် ၂၀ မှာ စွမ်းအင်သုံးစွဲမှု မြင့်မားတဲ့ စီမံကိန်းတွေကို အရေးယူမှာ ဖြစ်ပါတယ်။ ယခုနှစ် ပထမ နှစ်ဝက်မှာ စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရန် လျာထားချက် မပြည့်မီတဲ့ ဒေသများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စွမ်းအင်သုံးစွဲမှု ကန့်သတ်ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ NDRC က ဆိုပါတယ်။ စွမ်းအင်သုံးစွဲမှု ပြင်းထန်တာတွေကို လျှော့ချဖြတ်တောက်ရမှာ ဖြစ်ပြီး ဂျီဒီပီတစ်ယူနစ်အရ သုံးစွဲတဲ့ စွမ်းအင်ပမာဏကို လျှော့ချရမယ်လို့ ညွှန်ကြားပါတယ်။
တရုတ်နိုင်ငံ တစ်နိုင်ငံလုံးအတွက် စွမ်းအင်သုံးစွဲမှုကို လျာထားချက်များ ချမှတ်ဆောင်ရွက်ဖို့နဲ့ ဒေသများကို မျှမျှတတ ဖြန့်ဖြူးပေးတာ သေချာစေဖို့ လုပ်ထုံးလုပ်နည်းတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ NDRC က ပြောကြားပါတယ်။
အရေးပါတဲ့ အမျိုးသား စီမံကိန်းတွေကိုတော့ စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ခြင်းမှ ကင်းလွတ်ခွင့် ပေးထားမှာဖြစ်ကြောင်းလည်း NDRC က ပြောကြားပါတယ်။
ယခုနှစ်အစောပိုင်းမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှ ရှန်စီပြည်နယ်မှာ တည်ရှိတဲ့ ယွမ် ၁၂၆ ဘီလျံ တန်တဲ့ ကျောက်မီးသွေး-ဓာတု စက်ရုံအကြီးစားတစ်ခုကို စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရေးအရ လုပ်ငန်း ရပ်ဆိုင်းထားလိုက်ပါတယ်၊
တရုတ်နိုင်ငံက ဩစတေးလျနိုင်ငံနဲ့ ကုန်သွယ်ရေး တင်းမာမှုကြောင့် ဩစတေးလျမှ ကျောက်မီးသွေးတင်သွင်းမှုကို ပိတ်ပင်လိုက်တဲ့အတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျသွားခဲ့ပါတယ်။ ကျောက်မီးသွေး သုံးစွဲမှုမှ လေထုညစ်ညမ်းမှုကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာကြောင့်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျသွားခဲ့ပါတယ်။ ကျောက်မီးသွေးကို စက်မှုကုန်ထုတ်လုပ်ငန်းများမှာလည်း သုံးစွဲနေကြတာကြောင့် ဩစတေးလျ ကျောက်မီးသွေး မဝင်တော့တဲ့အခါ ပြည်တွင်းမှာ ကျောက်မီးသွေး ဈေးနှုန်း စံချိန်တင် မြင့်တက်သွားတာကြောင့်လည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် အခက်အခဲ ဖြစ်နေစေပြီး ဓာတ်အားသုံးစွဲခ ဈေးနှုန်းမြင့်တက်သွားပါတယ်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို အိမ်သုံးနဲ့ လုပ်ငန်းသုံး နှစ်မျိုးခွဲခြားထားတာမှာ အိမ်သုံးကို ချွေတာဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လုပ်ငန်းသုံးကိုလည်း လျှော့ချကန့်သတ်မှုတွေ ပြဌာန်းထားတာကြောင့် ပြီးခဲ့တဲ့ မတ်လကတည်းက လုပ်ငန်းအများစုမှာ သုံးစွဲမှု လျှော့ချရခြင်းနဲ့အတူ ဓာတ်အားခ ဈေးနှုန်း ခုန်တက်သွားတာပြီး ကြိုးစားရုန်းကန်နေကြရပါတယ်။
မွန်ဂိုလီးယားမှာ ပြည်နယ်အာဏာပိုင်တွေက အလူမီနီယမ် သတ္တု အရည်ကြိုသန့်စင်ရေးလုပ်ငန်း အပါအဝင် အကြီးစားစက်မှုလုပ်ငန်းအချို့ကို ဓာတ်အားသုံးစွဲမှု လျှော့ချရန် ညွှန်ကြားခဲ့ပြီး ပထမသုံးလပတ်အတွက် စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရေး လျာထားချက် ပြည့်မီအောင် ကြိုးပမ်းခဲ့ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုပြည်နယ်မှ ကုန်ထုတ်လုပ်ငန်းများဟာ ပြည်ပပို့ကုန်များ အဓိကအားဖြင့် ထုတ်လုပ်ကြတဲ့ လုပ်ငန်းများ ဖြစ်သော်လည်း ပြီးခဲ့တဲ့ မေလမှာ ရာသီဥတု ပူပြင်းခြင်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့ကျနေခြင်းတို့ကြောင့် ဓာတ်အားသုံးစွဲမှု လျှော့ချဖို့ ညွှန်ကြားခံရပါတယ်။
တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေတစ်လျှောက်မှာ တည်ရှိတဲ့ စက်မှုဇုန်တွေမှာလည်း အလားတူ အများဆုံး သုံးစွဲရမယ့်ပမာဏ သတ်မှတ်ကန့်သတ်ခြင်းအပြင် ဓာတ်အား ဖြတ်တောက်ခြင်းတို့ကိုပါ ကုန်ထုတ်လုပ်ငန်းများ ရင်ဆိုင်ရုန်းကန်နေကြတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဥတုရာသီပြောင်းလဲခြင်းကို ဖြစ်ပေါ်စေတဲ့ ဂျီဒီပီ (gross domestic product) တစ်ယူနစ်အရ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ၂၀၁၅ ခုနှစ် ရေချိန်ထက် ၆၅% ကျော် ကျဆင်းအောင် လျှော့ချဖို့ လျာထားချက် ချမှတ်ပေးထားပါတယ်။ အဲဒီလျာထားချက်ကို ပြည့်မီဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေမှာ ကျောက်မီးသွေး သုံးစွဲမှုကို ရပ်ဆိုင်းရဖွယ် ရှိနေပါတယ်။
NDRC ရဲ့ အဆိုအရ တရုတ်နိုင်ငံ ဒေသ ၃၀ မှာ ၁၀ခုကသာ ၂၀၂၁ ပထမနှစ်ဝက်အတွင်း စွမ်းလင်လျှော့ချသုံးစွဲရေး လျာထားချက် ပြည့်မီခဲ့တယ်။ လျာထားချက် မပြည့်မီတဲ့ ဒေသတွေမှာ ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ စက်တင်ဘာလလယ်မှာ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို လုပ်ဆောင်သွားမယ်လို့ NDRC က ကြေညာခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ လျာထားချက် ပြည့်မီအောင် လုပ်ဆောင်ဖို့ တာဝန်ရှိကြောင်း ပြောကြားခဲ့တဲ့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေက စက်မှုကုန်ထုတ်လုပ်ငန်းတွေရဲ့ ဓာတ်အားသုံးစွဲမှုတွေကို ကြပ်မတ်ကန့်သတ် လျှော့ချကြပါတယ်။
ရှီကျန်း၊ ကျန်းစု၊ ယူနန်နဲ့ ကွမ်ကျိုတို့မှာ စက်ရုံတွေကို ဓာတ်အားသုံးစွဲမှု လျှော့ချကန့်သတ်စေခဲ့ပြီး လိုအပ်ရင် ကုန်ထုတ်လုပ်မှုကိုပါ လျှော့ချစေခဲ့ပါတယ်။ ဓာတ်အားသုံးစွဲမှု မြင့်မားတဲ့ စက်ရုံတွေကို မနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း ရပ်ထားဖို့ ညွှန်ကြားခြင်း၊ သီတင်းတစ်ပတ်မှာ နှစ်ရက်ဖြစ်စေ၊ သုံးရက်ဖြစ်စေ စက်ရုံ အလုပ်ပိတ်ထားဖို့ ညွှန်ကြားခြင်းများ ပြုထားပါတယ်။ အချို့စက်ရုံတွေကိုတော့ ပိတ်ခိုင်းထားပြီး ဖွင့်ခွင့်ရမယ့်ရက်ကို အသိပေးကြေညာပေးမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း တီယန်ကျင်းမှာ ရှိတဲ့ ပဲပုပ်ပဲ သန့်စင်စက်ရုံတွေ စက်တင်ဘာလ ၂၂ ရက်စပြီး ပိတ်ထားရပါတယ်။
ဓာတ်အားသုံးစွဲမှု မြင့်မားတဲ့ အလူမီနီယမ် အရည်ကြိုသန့်စင်စက်ရုံ၊ သံအရည်ကြို စတီးစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံတွေအဖို့ အကြီးအကျယ် ဒုက္ခရောက်ကြပါတယ်။ အလူမီနီယမ်၊ ဓာတုပစ္စည်း၊ ဆိုးဆေး၊ ပရိဘောဂ အစရှိတဲ့ လုပ်ငန်းတွေလည်း အနည်းနဲ့အများ ထိခိုက်ကြပါတယ်။
အိမ်သုံးလျှပ်စစ်ဓာတ်အားကိုလည်း ထိန်းချုပ်လျှော့ချလျက် ရှိပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ နေထိုင်ကြသူတွေကို ရေပူစက်၊ မိုက်ခရိုဝေဖ့် စတဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် ဓာတ်အားသုံးစွဲမှု ကန့်သတ်ထားပါတယ်.
NDRC က ဓာတ်အားမလုံလောက်မှု ဖြေရှင်းဖို့ လုပ်ကိုင်သွားမယ်လို့ စက်တင်ဘာလ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နည်းဘယ်ပုံ လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ အသေးစိတ် ပြောကြားခြင်း မပြုခဲ့ဘူး။
နောက်ထပ် အခက်အခဲတစ်ခုက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ သုံးစွဲတဲ့ သဘာဝဓာတ်ငွေ့ ကမ္ဘာ့ဈေနှုန်း မြင့်တက်လာနေတဲ့အပြင် အလုံအလောက် မရရှိနိုင်ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ကန့်သတ်ချုပ်ချယ်ထားတာတွေ ဖြေလျှော့ပြီးတဲ့နောက်မှာ နိုင်ငံကြီးတွေက သဘာဝဓာတ်ငွေ့ ဝယ်ယူစုဆောင်းမှု မြင့်တက်ခဲ့ပြီး အလုံအလောက် မရနိုင်ဘဲ ဈေးနှုန်းများ မြင့်တက်သွားခဲ့ပါတယ်။ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ အလုံအလောက် မရရှိခြင်းနဲ့ ဈေးနှုန်းမြင့်မားနေခြင်း၊ လေထုညစ်ညမ်းစေတဲ့ ကျောက်မီးသွေးသုံးစွဲမှု လျှော့ချခြင်းတို့ကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းလျက် ရှိပါတယ်။
အိုင်ဖုန်း ထုတ်တဲ Apple နဲ့ လျှပ်စစ်ကား ထုတ်လုပ်တဲ့ Tesla တို့ထံ ပစ္စည်းပေးသွင်းတဲ့ လုပ်ငန်းတွေအနေဖြင့် အစိုးမှ ချမှတ်တဲ့ စွမ်းအင်ချွေတာရေး မူဝါဒကို လိုက်နာရထာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းထားရတဲ့ အချိန်တွေ ရှိနေတယ်။ အိုင်ဖုန်းတပ်ဆင်တဲ့ လုပ်ငန်းလို့ လူသိများတဲ့ Foxconn ရဲ့ တွဲဘက်လုပ်ငန်း Eson Precision Engineering က စက်တင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်လုပ်မှုတွေကို ယခုတနင်္ဂနွေမှစ၍ သောကြာနေ့အထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားရမှာ ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထား၍ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကြားရက်တွေမှာ စက်ရုံလည်ပတ်ဖို့ ဓာတ်အား မရရှိနိုင်တာကြောင့် စနေ၊ တနင်္ဂနွေ နေ့များနှင့် အများပြည်သူ အလုပ်ပိတ်ရက်များမှာ ထုတ်လုပ်မှု လုပ်ကိုင်သွားမှာ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ Apple ထံသို့ ပစ္စည်းပေးသွင်းတဲ့ Unimicron Technology ကလည်း စက်တင်ဘာလ ၂၆ ရက် မွန်းတည့်ချိန်မှစပြီး အောက်တိုဘာလကုန်အထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။
IPhone စပီကာ အစိတ်အပိုင်းတွေ ပေးသွင်းတဲ့ Concraft Holding ကလည်း ထုတ်လုပ်မှုကို ယာယီအားဖြင့် ၅ ရက် ရပ်ဆိုင်းထားခဲ့ရပါတယ်။
iPhone တပ်ဆင်ထုတ်လုပ်ပေးတဲ့ Pegatron ကတော့ အစိုးရထံမှ ဓာတ်အားသုံးစွဲမှု ရပ်ထားဖို့ ညွှန်ကြားချက် မရရှိသေးလို့ ပုံမှန် လုပ်ကိုင်လျက် ရှိပြီး ညွှန်ကြားချက် ရောက်လာတဲ့အခါ အသင့်ဖြစ်နေစေဖို့အတွက် မီးစက်တွေ ဆင်နေကြောင်း Nikkei Asia ကို ပြောကြားပါတယ်။
ချစ်ပ်တွေ အပြီးသတ် ထုပ်ပိုးတဲ့ Chang Wah Technology က NXP, Infineon နဲ့ ASE Tech Holding တို့အတွက် ထုတ်လုပ်သူ ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်မှ စပြီး လကုန်အထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားဖို့ အစိုးရထံမှ ညွန်ကြားချက် ရောက်လာဖို့ အလုပ်ရပ်ထားပါတယ်။
အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတစ်ခုက Nikkei Asia ကို ပြောကြားရာမှာ “ ကျွန်တော်တို့ နို့တစ်တစ်စောင် ရတယ်။ စက်တင်ဘာလ ၂၅ ရက်ကစလို့ ၁၈ ရက်အထိ နေ့တိုင်း မနက် ၈ နာရီမှ သန်းခေါင်အထိ မီးဖြတ်ထားမယ်လို့ အသိပေးထားတယ်။ ကျွန်တော်တို့က အလုပ်သမားတွေ နေ့ဘက်နားပြီး ညဆိုင်းဆင်းဖို့ စီစဉ်ရတယ်၊ မီးလာတဲ့အချိန်မှာ မြန်မြန်ဆန်ဆန် လုပ်ကြဖို့လည်း စီစဉ်ရတယ်”