ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်း ပိုက်လိုင်းတို့ကို မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ တရုတ်နိုင်ငံ အရှေ့ဘက်ရှိ ယူနန်ပြည်နယ်သို့ သွယ်တန်းထားပြီး အသုံးပြုနေပြီ ဖြစ်သည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံတွင်း၌ ခရီးဆန့်ရာ၌ အရှေ့ဘက်ကမ်းခြေရှိ ကွမ်တုံပြည်နယ်အထိ ရောက်သည်။ မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းများ ဖြတ်သန်းသည့် နေရာဒေသများတွင် မငြိမ်မသက် ဖြစ်နေသည့်နေရာများလည်း ပါဝင်သော်လည်း တိုက်ခိုက်ဖျက်ဆီးခံရခြင်းမှ ယခုတိုင် ကင်းဝေးနေဆဲဖြစ်သည်။ မှတ်မှတ်ရရ ရှိနေသည်မှာ ပင်မဓာတ်အားလိုင်း တာဝါတိုင်အချို့သာ ဖောက်ခွဲဖျက်ဆီးခံရဖူးသည်။ ပိုက်လိုင်းတို့မှာ ဘေးမသီရန်မခ ရှိနေကြသည်။
ပြည်ပပို့ကုန်သွင်းကုန် ရထားလမ်း
*****************************
ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် ယူနန်ပြည်နယ်မှ ကွမ်မိန်းတို့အကြား ရထားလမ်းတစ်ခု ဖောက်ရန် အစီအစဉ် ရှိထားသည်။ မြန်နှုန်းမြင့် high-speed ရထားလမ်းဖြစ်သည်။ အရှည် ကီလိုမီတာ ၁,၄၀၀ ဝန်းကျင် ရှိလိမ့်မည်ဟု ခန့်မှန်းရေးဆွဲထားသည်။ ထိုရထားလမ်းတွင် လူစီးရထားများအပြင် ကုန်တွဲရထားများလည်း ပြေးဆွဲမည်။ ကျောက်ဖြူဆိပ်ကမ်းတွင် ရေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ကွန်တိန်နာများကို ရထားပေါ်သို့ တင်ပြီး သယ်ယူမည်။ ထိုကွန်တိန်နာတို့သည် တရုတ်နိုင်ငံအတွက် သွင်းကုန်များကို သယ်ဆောင်ထားမည် ဖြစ်သည်။ တရုတ်နိုင်ငံမှ ပို့ကုန်များ ထည့်သွင်းထားသည့် ကွန်တိန်နာများသည်လည်း ကျောက်ဖြူဆိပ်ကမ်းသို့ အဆိုပါ ရထားလမ်းဖြင့် ကုန်တွဲရထားများက သယ်ဆောင်လာပေးကြမည်ဖြစ်သည်။ ထိုကွန်တိန်နာများကို ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ကူးသင်္ဘောပေါ်သို့ တင်ပေးပြီး ကမ္ဘာ့ဈေးကွက်ထဲသို့ တင်ပို့မည် ဖြစ်သည်။ ဤသို့ဤနှယ် လမ်းပေါက်ခြင်းကြောင့် ရေကြောင်းဖြင့် တရုတ်ပြည်သို့ ရောက်ရှိရန် မာလက်ကာ ရေလက်ကြားအထိ သွားပြီးမှ တရုတ်ပြည်ဆီသို့ သွားရသည့် ခရီးတာကို လျှော့ချနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ သယ်ယူပို့ဆောင်စရိတ် သက်သာမည်ဖြစ်သည့်အပြင် အချိန်ကုန်လည်း သက်သာမည် ဖြစ်သည်။
စီအမ်အီးစီ တရုတ်မြန်မာ စီးပွားရေးစကြ
**************************
အမြန်လမ်းစီမံကိန်းသည် ကျောက်ဖြူရှိ အထူးစီးပွားရေးဇုန် special economic zone (SEZ) နှင့် ချိတ်ဆက်ထားသည်။ ရထားလမ်းအပြင် မော်တော်ယာဉ်များ အထူးသဖြင့် ကုန်တင်ယာဉ်များအတွက် ကားလမ်းလည်း ပါဝင်မည်ဖြစ်သည်။ ယခုအခါ သုံးစွဲကြသည့် အသုံးအနှုန်းအရ ထိုလမ်းမကြီးသည် စီးပွားရေးစကြ ႍ ဟု ခေါ်ဝေါ်သည်။ တရုတ်မြန်မာ နှစ်နိုင်ငံကို သွယ်တန်းပေးထားသဖြင့် တရုတ်မြန်မာ စီးပွားရေးစကြ ႍ China-Myanmar Economic Corridor ဖြစ်သည်။ အတိုကေက်အားဖြင့် စီအမ်အီးစီ (CMEC) ဟု ခေါ်ဝေါ်သည်။ ဒေသတွင်းနှင့် ဒေသနယ်နိမိတ်၏ ဟိုမှာဘက်အထိ တွေးမျှော်ထားသော ရေရှည်မြော်မြင်မှုအရ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် မေလတွင် BRI Forum for International Cooperation ကို ဘီဂျင်းမြို့တော်တွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း ၇၀ နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃၀ မှ နိုင်ငံခေါင်းဆောင်များ၊ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။ လာမည့် ဧပြီလ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပမည် ဖြစ်သည်။
ဤ စီအမ်အီးစီသည် အမေရိကန်ဒေါ်လာ တစ် ထရီလျံ ရင်းနှီးမြှုပ်နှံမည့်ဖြစ်သော ခါးပတ်နှင့်လမ်း ပဏမခြေလှမ်း ( Belt and Road Initiative ) ၏ အရေးပါသော အပိုင်းကဏ္ဍတစ်ခုဖြစ်သည်။ ဘီအာအိုင်ဟု အတိုကောက်ခေါ်ဝေါ်သည့် ခါးပတ်နှင့်လမ်း ပဏမခြေလှမ်းသည် ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ရထားလမ်းများ၊ ကားလမ်းများ ဖောက်လုပ်သွယ်တန်းမည့် ကွန်ရက်တစ်ခု ဖြစ်ပြီး ၎င်းတွင် နိုင်ငံတကာ ရေလမ်းခရီးလမ်းများလည်း ပေါင်းစပ်ချိတ်ဆက်ထားသည်။ ကွန်ရက်သည် အာရှ၊ အာဖရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၆၀ ကျော်ကို ဖြန့်ကျက်ထားသော်လည်း ဗဟိုချက်မှာ တရုတ်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်ရာ ဘီအာအိုင်ကို တရုတ်သမ္မတ ရှီကျင်းပင်က ကမကထပြုကာ အကောင်အထည်ဖော်နေသည်မှာ သဘာ၀ ကျပေသည်။
ထောင်လိုက် ရှစ်သွယ် အလျားလိုက် ရှစ်သွယ်
**********************************
သမ္မတဦးသိန်းစိန် လက်ထက်တွင် ကချင်ပြည်နယ်၌ တရုတ်နိုင်ငံမှ ချေးငွေများဖြင့် ကျောထောက်နောက်ခံပြုကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့သည်။ တရုတ်နိုင်ငံမှ ကျောထောက်နောက်ခံပြုသည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ ရင်းနှီးမြှုပ်နံှမည်ဖြစ်သော ယူနန်-ရခိုင်ကမ်းရိုးတန်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာသည် ၂၀၁၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ အကောင်အထည်မဖော်ဖြစ်ခဲ့ချေ။ ထိုသို့ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် စီအမ်အီးစီကို နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
သို့ဖြစ်ရာ ကားလမ်းနှင့် ရထားလမ်း စီမံကိန်းများကို အနှေးနှင့်အမြန် အကောင်အထည်ဖော်မည်ဟု သိနိုင်ပေသည်။ ပထမအဆင့်အနေဖြင့် ယူနန်ပြည်နယ်မှ ရူလီမှ မန္တလေးအထိ ရထားလမ်းတစ်ခု ဖောက်မည်ဟု သိရသည်။ ထိုရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ပြည်တွင်း ရထားလမ်းကွန်ရက်ကို အချိတ်အဆက် ပြုမည် ဖြစ်သည်။ တရုတ်ပြည်တွင်းရှိ မြို့ကြီးပြကြီးများကို ချိတ်ဆက်ပေးမည့် ကျည်ဆံရထား မြန်နှုန်းမြင့်ရထားလမ်းများကို အမျိုးသားစီမံကိန်းအဆင့်ဖြင့် အကောင်အထည်ဖော်နေသည်။ ထိုအစီအစဉ်ကို ထောင်လိုက်ရှစ်သွယ် အလျားလိုက်ရှစ်သွယ် 'Eight Vertical, Eight Horizontal' (八纵八横) စီမံကိန်းဟု အမည်ပေးထားသည်။ ရေရှည်မဟာဗျူဟာအရ အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး ကျည်ဆံရထားလမ်း ၁၆ ခု ပါဝင်ရာ၌ မြောက်တောင် ပြေးသည့် ထောင်လိုက်ရှစ်လမ်း၊ အရှေ့အနောက် ပြေးသည့် အလျားလိုက် ရှစ်လမ်း ပါဝင်သည်။ ကွမ်မိန်းမြို့သည် ချုံကင်း-ကွမ်မိန်း မြန်နှုန်းမြင့် ရထားလမ်းမှ တစ်ဆင့် မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်သို့ အချိတ်အဆက် ပြုထားသည်။ ကွမ်မိန်းမှ မြန်မာနိုင်ငံဘက်သို့ ဆန့်ထုတ်ရာ၌ ၃၂၈ ကီလိုမီတာ အကွာအဝေးရှိသည့် ကွမ်မိန်း-ဒါလီ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရထားခရီးစဉ်များ စတင်ပြေးဆွဲခဲ့သည်။ ဒါလီမှ နယ်စပ်မြို့ဖြစ်သော ရူလီသို့ ၃၃၆ ကီလိုမီတာ အလျားရှိသည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ၆ နှစ်ကြာမြင့်မည်ဟု လျာထားခဲ့သော်လည်း ယခုအခါ ၂၀၂၂ ခုနှစ်ကျမှ ပြီးစီးမည်ဟု ခန့်မှန်းထားသည်။
ရူလီမှ မန္တလေးသို့ မူဆယ်ကို ဖြတ်သန်းပြီး ဖောက်လုပ်မည့် ရထားလမ်းသည် အလျား ကီလိုမီတာ ၄၃၀ ရှိမည် ဖြစ်သည်။ အကယ်စင်စစ် မန္တလေးအထိ ပထမအဆင့်အနေဖြင့် အကောင်အထည်ဖော်ခြင်းသာဖြစ်ပြီး ၎င်းရထားလမ်းပိုင်းအနေဖြင့် တရုတ်နိုင်ငံအဖို့ အကျိုးကျေးဇူး အပြည့်အ၀ ရမည် မဟုတ်ချေ။ ကျောက်ဖြူအထိ ရထားလမ်းဖောက်ပြီးမှသာ ၎င်း၏ ပြည်ပ ပို့ကုန်သွင်းကုန်များကို ရထားဖြင့် သယ်ပို့နိုင်မည်ဖြစ်ပြီၤး ရရှိမည့် အကျိုးကျေးဇူး ကြီးမားမည် ဖြစ်သည်။
ချေးငွေအတိုးနှုန်း
********
စီမံကိန်းကြီးများ အကောင်အထည်ဖော်နိုင်စေရန်အတွက် တရုတ်နိုင်ငံမှ ချေးငွေကို စီမံကိန်းအကောင်အထည် ဖော်မည့်နိုင်ငံက ရယူကြရသည်။ ထိုအခါ စီမံကိန်းတန်ဖိုးပမာဏနှင့် ချေးငွေအပေါ် ရယူသည့် အတိုးနှုန်းတို့သည် အရေးပါသည်။ ထိုသို့ အရေးပါသော်လည်း ချေးငွေအကြောင်း ပွင့်လင်းမြင်သာမှု နည်းပါးလေ့ရှိသည်။ သာဓကအားဖြင့် လာအို-တရုတ် ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် လာအိုက တရုတ်နိုင်ငံထံမှ ချေးငွေကို ရယူခဲ့သည်။ နှစ် ၂၀ ကာလရှည် ချေးငွေဖြစ်ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ဖြစသည်။ တစ်နှစ်အတွက် အတိုးနှုန်းမှာ ၃ ရာခိုင်နှု်န်းဖြစ်သည်။ ထိုအတိုးနှုန်းမှာ များနေသဖြင့် လာအိုမှ အတိုးနှုန်း လျှော့ပေးရန် ဆွေးနွေး ညှိနှိုင်းခဲ့သည်။ သဘောတူညီမှု ရရှိကြောင်းသာ ထုတ်ပြန်ခဲ့ပြီး နှုန်းမည်မျှဖြင့် သဘောတူကြသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ချေ။
မူလ၌ စီမံကိန်းပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဘီလျံဖြစ်ပြီး လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေ ရယူရမည်ဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုများ ပြုခဲ့ကြပြီး စုစုပေါင်း ကုန်ကျစဂိတ် ပမာဏကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံဟု လျှော့ချသတ်မှတ်ခဲ့သည်။ သို့ဖြစ်ရာ လာအိုနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကို တရုတ်နိုင်ငံထံမှ ချေးငွေရယူပြီး ရင်းနှီၤးမြှုပ်နှံရမည် ဖြစ်သည်။ ထို့အတွက် နှစ်တိုး ၃ ရာခိုင်နှုန်းသတ်မှတ်သဖြင့် များလွန်းသောကြောင့် ထပ်မံဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဒေသတွင်းရှိ နိုင်ငံများတွင် ရထားလမ်းစီမံကိန်းများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ဖို့ နှစ်ရှည်ချေးငွေ ပေးအပ်ရာ၌ ချေးငွေအများစုအတွက် နှစ်တိုးမှာ နှစ်ရာခိုင်နှုန်း ဖြစ်သည်။
အရင်းကြေရန် အချိန်ကြာ
*****
ရထားလမ်းတို့သည် လိုအပ်ချက်အရ ဖောက်လုပ်ကြရခြင်းဖြစ်ပြီး ပြန်ရသည့်ဝင်ငွေမှာ အရင်းကြေဖို့ ကာလကြာမြင့်သည့်သဘောသဘာ၀ ရှိသည်။ ရင်းနှီးမြှုပ်နှံထားသော အရင်းအနှီး ပြန်ရဖို့ နှစ်ပေါင်း ၃၀ ဝန်းကျင်ကြာမြင့်လေ့ရှိသည်။ သို့သော် စီးပွားရေးကြီးထွားရန်အတွက် ရထားလမ်းဖြင့် ကုန်စည်ပို့ဆောင်ခြင်းက အထောက်အကူပြုပေးသည်။ ထိုသို့ အထောက်အကူ ဖြစ်စေရန် စီမံဆောင်ရွက်မှု ထိရောက်အကျိုးရှိစွာ လုပ်ကိုင်နိုင်ဖို့ အရေးကြီးသည်။ ထိုသို့ မပြုနိုင်လျှင် အရင်းကြေရန် အသာထား လက်ရှိရထားလမ်းကို အရည်အသွေး ကျဆင်းမသွားအောင် ထိန်းသိမ်းဖို့အတွက် ချေးငွေ ထပ်ယူရသည့် အဖြစ်သို့ ရောက်သွားလေ့ရှိသည်။
စီအမ်အီးစီ ဘီအာအိုင် စီမံကိန်းများ
********
မြန်မာနိုင်ငံတွင်း၌ တရုတ်နိုင်ငံမှ စီအမ်အီးစီ-ဘီအာအိုင် အစီအစဉ်အောက်တွင် အဆိုပြုထားသော စီမံကိန်း ၂၄ ခု ရှိပြီး ၉ ခုကို အရှိန်တင် ဆောင်ရွက်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထိုစီမံကိန်းများတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် Kyaukphyu Special Economic Zone ၊ ယူနန်ပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ နယ်စပ်ကုန်သွယ်ရေးဇုန်များ၊ ဧရိယာသည် စင်ကာပူနိုင်ငံ၏ ဧရိယာထက် နှစ်ဆကျယ်ဝန်းသည့် စီမံကိန်းတစ်ခုအဖြစ် ရန်ကုန်မြို့ တွင် အကောင်အထည်ဖော်မည့် မြို့တော်သစ် စီမံကိန်းတို့ ပါဝင်သည်။