ပုဂံဒေသတွင် စီးပွားရေးလုပ်ရန် တရုတ်နိုင်ငံသားများစိတ်ဝင်စားလာ


05 February, 2021

ပုဂံဒေသမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်များဖွင့်လှစ်လုပ်ကိုင်ဖို့ တရုတ်နိုင်ငံသားများက ပြီးခဲ့တဲ့လပိုင်းထဲက ဟိုတယ်နဲ့ စားသောက်ဆိုင်များ လိုက်လံဝယ်ယူခြင်း၊ နှစ်ချုပ်နဲ့ ငှားရမ်းခြင်းများကို အင်တိုက်အားတိုက်စတင် ပြုလုပ်နေပါတယ်။


ရှေးဟောင်းမြို့တော် ပုဂံဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားပြီး ယခုနှစ်မှာ စာရင်းဝင်နိုင်မှာဖြစ်တာကြောင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အခုလိုလာရောက်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံများနဲ့ ရှေးဟောင်းပညာရှင်များက သုံးသပ်ထားပါတယ်။

ယခုနှစ်ဆန်းပိုင်းအတွင်း ပုဂံမှာ တစ်ရက်ကို တရုတ်နိုင်ငံသား ၄၀၀ ခန့် လာရောက်နေပြီး ဒီပမာဏဟာ အရင်နှစ်တွေထက် သိသာစွာများပြားနေပါတယ်။ ဒါ့ပြင် အခြားနိုင်ငံခြားသား ခရီးသွားများထက်လည်း ပိုမိုများပြားနေပါတယ်။

ဒါပေမယ့် ၎င်းတို့အားလုံးဟာ ယဉ်ကျေးမှုအမွေအနှစ် လက်ရာများနဲ့ စေတီပုထိုးများကို လေ့လာကြည့်ရှု့ဖို့ သက်သက်အတွက်လာရောက်ခြင်း မဟုတ်ဘဲ ပုဂံဒေသမှာ စီးပွားရေးလုပ်ငန်းများ အလုံးအရင်းနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ကူးများရှိနေပါတယ်။

ဒေသခံများရဲ့ ပြောစကားအရ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဝယ်ယူတဲ့အထဲမှာ နာမည်ကြီးဟိုတယ်များနဲ့ စားသောက်ဆိုင်များပင် ပါဝင်နေပါတယ်။ ပုဂံမှာ ဟိုတယ်အလုံးရေ ၁၅၀ ခန့်နဲ့ စားသောက်ဆိုင် ၄၀ ခန့်ရှိပြီး အားလုံးနီးပါးက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ ရှိနေပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ  အကြီးအကဲတစ်ဦးက အခုနှစ် ၂၀၁၉ မှာ ပုဂံယဉ်ကျေးမှုနယ်မြေကို တရုတ်လူမျိုးသုံးသန်းအထိ လာရောက်ဖို့ မျှော်မှန်းထားကြောင်းပြောပါတယ်။ တရုတ်ခရီးသွား အရေအတွက်များသော်လည်း တရုတ်ဧည့်လမ်းညွှန်နဲ့သာလာပြီး မြန်မာနိုင်ငံမှ ဧည့်လမ်းညွှန်များကို မငှားကြောင်း ယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေးအထောက်အကူပြုကောမတီ ( ပုဂံ၊ ညောင်ဦး )  မှ ကိုနိုင်ထွန်းကပြောပါတယ်။

ဒေသတစ်ခုကို စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာပါက အဲ့ဒေသအတွက် ကောင်းကျိုးများရှိပါတယ်။ ဒေသခံများအလုပ်အကိုင်ရရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုအပြင် အရောင်းအဝယ်ကြောင့် အကျိုးအမြတ်ဖြစ်ထွန်းစေပါတယ်။ ဒါပေမယ့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်မှုမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပို၍ခံစားရမယ်ဖြစ်ကြောင်း ဒေသခံများကပြောပါတယ်။

ပုဂံဒေသကို ဝင်ရောက်လာတဲ့ တရုတ်လူမျိုးများကို တားဆီးပိတ်ပင်လို့ ရမှာမဟုတ်ဘဲ ဥပဒေဘောင်အတွင်းကသာ လုပ်ကိုင်နေထိုင်ခွင့် ပေးရမယ်ဖြစ်ကြောင်း မန္တလေးမြို့ဒေသခံ စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာနအနေနဲ့ ပုဂံဒေသအမွေအနှစ် မထိခိုက်စေရေးအတွက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များရဲ့ အဆောက်အအုံဆောက်လုပ်မှုအပိုင်းကို စောင့်ကြည့်မယ်လို့ ယင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

 

7day news

Myanmar Industry Directory

Local News Read 504 times