တရုတ်ပြည်မှ သွင်းကုန်များအပေါ် အရည်အသွေး စစ်ဆေးခြင်းကို အိန္ဒိယအစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက် ရှိတဲ့အပြင် ကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေပါတယ်။
Bureau of Indian Standards (BIS) က လတ်တလောမှာ မိုဘိုင်းဖုန်းနဲ့ ရုပ်မြင်သံကြား တပ်ဆင်ထုတ်လုပ်ဖို့ တင်သွင်းလာတဲ့ အစိတ်အပိုင်းတွေကို အတည်ပြုခွင့်ပြုချက် ပေးဖို့ နှောင့်နှေးနေပါတယ်။ အထိအနာဆုံးကတော့ တရုတ်စမတ်ဖုန်းလုပ်ငန်းများ ဖြစ်ကြတဲ့ Xiaomi နဲ့ Oppo တို့ ဖြစ်ပါတယ်။
မတ်လမှာ အခင်းဖြစ်ပွားခဲ့ပြီး ဧပြီလမှာ တရုတ်နိုင်ငံမှ လာရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ်ခဲ့ပါတယ်။ အတည်ပြု ခွင့်ပြုချက် ပေးဖို့ကိုလည်း နှေးကွေးနေခဲ့ပါတယ်။
ဩဂုတ်လကုန်မှာ သွင်းကုန် အရည်အသွေးနဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ ပြဌာန်းချက်တွေ ထုတ်ပြန်ဖို့ ရေးဆွဲနေပါတယ်။ အထူးသဖြင့် တရုတ်ပြည်မှ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေ နိုင်ငံအတွင်းသို့ ဝင်လာနေတာကို တားမြစ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေရဲ့ သွင်းကုန်တွေကိုလည်း ရည်ရွယ်ချက် ရှိရှိဖြင့် တမင်နှောင့်နှေးထားတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Oppo နဲ့ Xiaomi အပါအဝင် တရုတ် စမတ်ဖုန်း အမှတ်တံဆိပ်တွေက အိန္ဒိယ စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးထားတယ်။ အိန္ဒိယမှာ စမတ်ဖုန်း ၁၀ လုံး ရောင်းရရင် ၈ လုံးက တရုတ်စမတ်ဖုန်း ဖြစ်ပါတယ်။ Oppo နဲ့ Xiaomi တို့က အိန္ဒိယပြည်တွင်း ဈေးကွက်မှာ ရောင်းချဖို့ စမတ်ဖုန်းတွေကို အိန္ဒိယပြည်တွင်းမှာပဲ တပ်ဆင်ထုတ်လုပ်ကြပါတယ်။ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို တရုတ်ပြည်မှ တင်သွင်းတာမို့ အခုလို တင်းကျပ်ကြန့်ကြာတဲ့ စိစစ်မှုကြောင့် ကုန်ကြမ်းပြန်လပ်မှုကို ရင်ဆိုင်ကြရတယ်။
BIS မှတ်ပုံတင် အစီအစဉ်အောက်မှာ အီလက်ထရွန်းနစ် ပစ္စည်းတွေဟာ ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်ဖြစ်၊ ပြည်ပမှ တင်သွင်းတာဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အရည်အသွေးစံကို ပြည့်မီဖို့ လိုအပ်တယ်။ ပြည့်မီခြင်း ရှိမရှိကို စစ်ဆေးမှု ခံယူဖို့ လိုအပ်တယ်။
အဲဒီလို စစ်ဆေးစမ်းသပ်ပြီး အတည်ပြု ခွင့်ပြုပေးတဲ့အဆင့်မှာ ကြန့်ကြာနေတယ်။ ပုံမှန် အားဖြင့် ၁၅ ရက် အတွင်းမှာ အပြီးအစီး ဆောင်ရွက်ပေးတယ်။ အခုတော့ ကြန့်ကြာနေတယ်။
လောလောဆယ်မှာ စစ်ဆေးခံဖို့ လျှောက်ထားတာ ၆၄၃ ခု ရှိနေပြီး အကုန်လုံး ဆိုင်းငံ့ ဖြစ်နေတယ်။ ၃၉၄ ခုက ကြာနေတာ ရက်ပေါင်း ၂၀ ကျော်နေပြီ။ ဘယ်တော့ ပြီးစီးမှာလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။
ဩဂုတ်လ ၄ ရက်မှာ ပိုဆိုးသွားတာက အိန္ဒိယကုမ္ပဏီ မဟုတ်တဲ့ ထုတ်လုပ်သူတွေထံမှ တင်သွင်းတဲ့ လျှောက်လွှာတွေကို လက်မခံတော့တာ ဖြစ်ပါတယ်။
By Myanmar Industrial Guide