အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်ကုန်ထုတ်လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံမှ တင်ပို့သည့်အခါ မြင့်မားသည့် အခွန်နှုန်းထား ပေးရခြင်းနှင့် တရုတ်ပြည်တွင်း လုပ်သားခများ မြင့်တက်လာနေခြင်းတို့ကြောင့် သွင်းကုန်ခွန်လည်း သက်သာ၊ လုပ်သားခလည်း သက်သာသည့် ဗီယက်နမ်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။
ယခုအခါ ဗီယက်နမ်တွင် ကိုဗစ်လှိုင်းထနေသဖြင့် အစိုးရက စက်ရုံအလုပ်ရုံများ၊ ရုံးများ ပိတ်ခိုင်းထားသည့်အပြင် များမကြာခင် ဖြေလျှော့ပေးလိမ့်မည် မဟုတ်သဖြင့် အဆိုပါလုပ်ငန်းရှင်များ ထိခိုက်နစ်နာလျက် ရှိသည်။
ဟိုချီမင်းမြို့တော်တွင် လုပ်ငန်းနေသော Dinh Thinh Plastic စက်ရုံပိုင်ရှင် တရုတ်လုပ်ငန်းရှင် Xu Chuanlu က သူ့စက်ရုံ ပိတ်ထားရသည်မှာ ၁၂ ရက်ရှိနေပြီဖြစ်ပြီး ထို့အတွက် နစ်နာသည်မှာ ကြီးမားသည်။ တစ်ရက်လျှင် ကန်ဒေါ်လာ သောင်းချီပြီး ဆုံးရှုံးနေသည်ဟု ဆိုသည်။
ဗီယက်နမ်တွင် ကူးစက်နေသည့် ကိုဗစ်မှာ Delta ဇီဝမျိုးကွဲဖြစ်သည်။ လပိုင်းအတွင်း ကူးစက်မှု မြင့်တက်လာခဲ့ရာ တစ်ရက်တည်းမှာ ကူးစက်ခံရသူ ၆၁,၉၄ ဦး ရှိသည်အထိ ဇူလိုင်လ ၂၂ ရက်တွင် ကြုံရသည်။
တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် စီးပွားရေး အချက်အချာဖြစ်သော ဟိုချီးမင်းစီးတီးနှင့် အနီးအနားမှ စက်မှုနယ်မြေများဖြစ်သော Dong Nai နှင့် Binh Duong တို့တွင် အာဏာပိုင်တို့က မရှိမဖြစ် လုပ်ငန်းများမှ အပ ကျန်သည်တို့ အကုန်လုံးကို ပိတ်ခိုင်းထားလိုက်သည်။ လူချင်း ခပ်ခွာခွာနေရေးနှင့် လူစုခြင်းမပြုရန်တို့ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက် ရှိသည်။
“ကျွန်တော်တို့က နောက်နှစ်ရက်ကျရင် အလုပ်ပြန်စဖို့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ကျွန်တော် မထင်ဘူး။ အတည်ပြုလူနာအသစ်တွေ နေ့တိုင်း ထောင်ဂဏန်း တွေ့နေတယ်။ ကျွန်တော်တို့ စက်ရုံကို နောက်ထပ် နှစ်ပတ် ထပ်ပိတ်ထားရလိမ့်ဦးမယ် ထင်တယ်” ဟု Xu Chuanlu က ပြောသည်။
.ဗီယက်နမ်သည် လွန်ခဲ့သည့် သုံးလအထိ ကိုဗစ်ကို ထိန်းထားနိုင်ခဲ့သည်။ delta ဗီဇမျိုးကွဲ ရောက်ရှိပြီးနောက်တွင် အခြေအနေ ဆိုးဝါးသွားခဲ့သည်။
နာမည်ကြီး အမှတ်တံဆိပ် ရှူးဖိနပ်လုပ်ငန်းများ၏ ရှူးဖိနပ်များကို ဆေးမှုတ်ပေးရသည့်အလုပ်ကို နှစ်ပေါင်း ၂၀ လုပ်ကိုင်ခဲ့သော Xu က ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းရသည်မှာ နှစ်ပေါင်း ၂၀ တွင် တစ်ကြိမ်သာ ရှိခဲ့သည်။ ထိုစဉ်က တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီး တရုတ်စက်ရုံများ ဖျက်ဆီးသည့် အရေးအခင်း ပေါ်ပေါက်သောကြောင့် စက်ရုံပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
ယခု စက်ရုံပိတ်ထားသည်ကို ဒုတိယအကြိမ် ကြုံရခြင်း ဖြစ်သည်။
“လုပ်သားတွေ အကုန်လုံး ကိုယ့်မြို့ကိုယ့်ရွာ ပြန်နေကြဖို့ ပြန်လွှတ်လိုက်ပြီ။ ကျွန်တော်နဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်နည်းနည်းပဲ စက်ရုံမှာ ကျန်ရှိတယ်”
စက်ရုံတွင် လုပ်သား ၁,၀၀၀ ကျော်ရှိပြီး ပုံသေလစာကို စက်ရုံပိတ်ထားသော်လည်း ဆက်လက်ပေးအပ်ရသည်။ ထို့အတွက် အစိုးရထံမှ အထောက်အပံ့ တစ်စုံတစ်ရာ မရရှိချေ။
ပြီးခဲ့သည့် သီတင်းပတ်က ဟိုချီးမင်းစီးတီး ရှိ Saigon Hi-tech Park တွင် တည်ရှိသော စက်ရုံများကို ပိတ်ထားခိုင်းသည်။ ထိုအထဲတွင် Samsung Electronics CE Complex လည်း ပါဝင်သည်။ ပိုးထိထားသူ ၇၅၀ ဦးကျော် တွေ့ရှိခဲ့ပြီးသည့်နောက်တွင် လော့ဒေါင်း ချလိုက်ခြင်း ဖြစ်သည်။
ASRock စက်ရုံ Ching Feng Home Fashions စက်ရုံ၊ Pouchen စက်ရုံ၊ Netflix, Ikea နှင့် Nike တို့အတွက် ကုန်ထုတ်လုပ်မှု လုပ်ကိုင်သည့် စက်ရုံများကိုလည် ပိတ်ခိုင်းထားသဖြင့် ပိတ်ထားကြရသည်။
လော့ဒေါင်းသည့် ဩဂုတ်လ ၁ ရက်အထိ ပြဋ္ဌာန်းထားပြီး ကုန်ဆုံးချိန်တွင် အခြေအနေ ပြန်မကောင်းသေးလျှင် နောက်ထပ် ရက်ထပ်တိုးမြှင့် သတ်မှတ်မည်ဖြစ်သည်။ ဟိုချီမင်းစီးတီး တစ်မြို့လုံး အိမ်မှာနေရန် အမိန့်ထုတ်ထားသည်။
ဗီယက်နမ်တွင် လူဉီးရေ ၉၆ သန်း ရှိရာတွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူမှာ လူဉီးရေ၏ ၄.၆ % သာ ရှိသေးသည်။
Source: .scmp.com/economy