ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်နီ ဈေးကွက်တွင် တရုတ်ကြက်သွန်နီများဝင်ရောက် နေမှုကြောင့် ရေရှည်၌ ပြည်တွင်းကြက်သွန်နီ ဈေးကွက်မယှဉ်ပြိုင်နိုင်ဘဲ ကြက်သွန်နီ စိုက်တောင်သူများအတွက် အခက်အခဲ ဖြစ်ပေါ်လာနိုင်ပြီး ကြက်သွန်နီစိုက်ပျိုးမှု လျော့နည်းလာနိုင်ကြောင်း ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်နီစိုက် တောင်သူများထံမှ သိရပါတယ်။
စိုက်ပျိုးမှုလျော့နည်းနိုင်
"တရုတ်ကြက်သွန်နီတွေက အရင်က တည်းက ပြည်တွင်းဈေးကွက်ကို ဝင်ရောက်နေတာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေ မှာ ဝင်ရောက်မှုပိုများလာတယ်။ အသုံးပြုရလွယ်ကူတဲ့အတွက် စားသုံးသူတွေကလည်း ပိုမိုများပြားလာတယ်။ တရုတ်ကြက်သွန်နီ တွေက တောင်သူတွေဈေးကွက်ကို ထိခိုက်စေပါတယ်။ တောင်သူတွေ ချည်းမဟုတ်ဘူး ကုန်သည်တွေလည်း ထိခိုက်လာနိုင်တယ်။ ရေရှည်မှာဆိုရင်တော့ စိုက်ပျိုးတဲ့ တောင်သူတွေက ဈေးကွက်မယှဉ်ပြိုင်နိုင်တဲ့အတွက် အခက်အခဲတွေ ဖြစ်လာမယ်။ စိုက်ပျိုးမှုတွေ လျော့ နည်းလာမယ်လို့ ထင်ပါတယ်"ဟု ပင်လောင်း မြို့မှ ကြက်သွန်နီစိုက် တောင်သူ ကိုခွန်လှဝင်းက ပြောဆိုခဲ့ပါတယ်။
ယင်းကဲ့သို့ တရုတ်ကြက်သွန်နီများ ရှမ်းပြည်နယ်အတွင်းသို့ ပေါများစွာဝင်ရောက်နေမှုကြောင့် အနာဂတ်ကာလတွင် ကြက်သွန်နီစိုက်တောင်သူများပါမက ကုန်သည်များကပါ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပြီး ပြည်နယ်အတွင်းရှိ အောက်ခြေလူတန်းစားများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့ပါတယ်။
ဈေးနှုန်းထက်ဝက်ကွာ
"နောင်လာမယ့် နှစ်တွေဆိုရင်တော့ စိုးရိမ်စရာပါပဲ။စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်က တက်လာတယ်။ကျွန်တော်တို့ စိုက်ပျိုးတဲ့ဒေသတွင်း ကြက်သွန်နီက အရသာကောင်းတယ်။ အရည်အသွေးပိုင်းလည်းကောင်းတော့ စားသုံးသူတွေ ကြိုက်တယ်။ဒါပေမဲ့ ဈေးနှုန်းအရဆိုရင်တော့ ထက်ဝက်လောက်ကွာနေတော့ ကြာလာရင် တောင်သူတွေအတွက် အခက်အခဲဖြစ်လာပြီး စိုက်ပျိုးမှုတွေ လျော့နည်းသွားနိုင်တယ်" ဟု ပင်လောင်းမြို့ ကြက်သွန်စိုက်တောင်သူ ဦးခွန်လှဝင်းက ပြောဆိုခဲ့ပါတယ်။
တဖြည်းဖြည်းမြင့်တက်လာ
တရုတ်ကြက်သွန်နီများသည် ပြည်တွင်းသို့ စတင်ဝင်ရောက်စဉ်က ပြည်တွင်းကြက်သွန်နီများထက် ဈေးနှုန်းချိုသာစွာ ဝင်ရောက်လာခဲ့သော်လည်း ယခုနှစ်ပိုင်းများတွင် ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး နောင်နှစ်များတွင် ပြည်တွင်းကြက်သွန်နီဈေးများနှင့်တန်းတူဖြစ်သွားနိုင်ကာ တောင်သူများအတွက် အခက်အခဲဖြစ်လာနိုင်ကြောင်း ပြောဆိုလျက်ရှိခဲ့ပါတယ်။