တရုတ်ကုမ္ပဏီများ တရုတ်ပြည်ပြင်ပ အပြောင်းအရွှေ့  ၆ နေရာ


23 April, 2023

တရုတ်ကုမ္ပဏီများ တရုတ်ပြည်ပြင်ပ အပြောင်းအရွှေ့  ၆ နေရာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်ထုတ်စက်ရုံဖြစ်သော်လည်း ပြည်တွင်းကုမ္ပဏီများ ပြည်ပသို့  ရွှေ့ပြောင်းပြီး ကုန်ထုတ်လုပ်မှုများကို လုပ်ကိုင်နေကြသည်။

အချို့က  ကုန်ထုတ်လုပ်ငန်းကို ဝယ်လက်များနှင့် နီးသည့်နေရာသို့ ရွှေ့ပြောင်းပြီး လုပ်ကိုင်ကြသည်။
အချို့က အရှေ့တောင်အာရှသို့ ရွှေ့ပြောင်းကြသည်။
အချို့က မက္ကဆီကို နိုင်ငံသို့ ရွှေ့ပြောင်းကြသည်။
အချို့က ဥရောပသို့ ရွှေ့ပြောင်းကြသည်။

သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့ပြီးနောက်၂၀၁၈ ခုနှစ်ကတည်းက  အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် တရုတ်ပြည်တွင် လုပ်ကိုင်နေသော  ကုန်ထုတ်လုပ်ငန်းများကို တရုတ်ပြည်ပြင်ပသို့ စတင် ရွှေ့ပြောင်းခဲ့ကြသည်။ ယခုအခါ တရုတ်ပြည်တွင်း ကုမ္ပဏီများသည်လည်း တရုတ်ပြည်ပြင်ပတွင် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ အချို့က ပြည်တွင်းလုပ်ငန်းကို ပိတ်သိမ်းပြီးမှ ပြည်ပသို့ ရွှေ့ပြောင်းကြသည်။ အချို့က လုပ်ငန်းချဲ့ထွင်ရန် ပြည်ပမှာ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကြခြင်း ဖြစ်သည်။
 
အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေသည့် ပထဝီနိုင်ငံရေး၊ တရုတ်ပြည်တွင်းမှာ လုပ်သားခ အပါအဝင် ထုတ်လုပ်မှုစရိတ် မြင့်တက်လာခြင်း၊ ရောင်းချသည့် ဈေးကွက်နှင့် နီးလိုခြင်း အစရှိသည့် အကြောင်းများဖြင့် တရုတ်ပြည်တွင်း လုပါငန်းများသည် ပြည်ပမှာ ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။

"ပစ္စည်းနှင့် ဝန်ဆောင်မှု ထောက်ပံ့ရေးကွင်းဆက် စိန်ခေါ်မှုများနှင့် နိုင်ငံရေးအန္တရာယ်များကို မြော်မြင်ခြင်းဖြင့်  နိုင်ငံရပ်ခြားမှာ ထုတ်လုပ်မှုများကို ထူထောင်ရန် တရုတ်အခြေစိုက် ထုတ်လုပ်သူ အများအပြားက စိတ်အားထက်သန်နေကြသည်" ဟု အတိုင်ပင်ခံကုမ္ပဏီ Kearney က ဆိုသည်။

အရွှေ့အပြောင်းများသည် အနီးအနားမှ  ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှနိုင်ငံများသို့ ဦးတည်သည်။ 
အမေရိကန်ဈေးကွက်သို့ တင်ပို့ရန် အိမ်နီးချင်း မက္ကဆီကိုနိုင်ငံတွင် ကုန်ထုတ်လုပ်မှု လုပ်ကိုင်ကြသည်။ ဥရောပဈေးကွက်အတွက် အရှေ့ဥရောပတွင် ကုန်ထုတ်လုပ်မှု လုပ်ကိုင်ကြသည်။
ထိုသို့ ပြောင်းရွှေ့ကြရာတွင် အဓိကအားဖြင့် နေရာ ၆ ခုကို တွေ့ရသည်။

Advertisement

Click Here > Tayza Wynn

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ၎င်းတို့၏ ကျယ်ပြောလှသော မြေနေရာများနှင့် လူငယ်လူရွယ် လူဦးရေတို့ကြောင့် ဆွဲဆောင်မှုရှိသော ကုန်ထုတ်လုပ်မှု အခြေတည်ဖို့ ရွေးချယ်ခံရသည်။
အဝတ်အစား ထုတ်လုပ်ရေး အကြီးအကျယ် လုပ်ကိုင်နေသော  ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၇၇၀ ဖိုးကို ဆွဲယူခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ အမှုဆောင် ဥက္ကဋ္ဌ Md Sirazul Islam က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အကြားတွင် တရုတ်နိုင်ငံသည် အများဆုံး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် လုပ်အားခများ တိုးမြင့်လာခြင်းကြောင့် ကပ်ရောဂါနှင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မပြင်းထန်မီကပင် ဘင်္ဂလားဒေ့ရှ်တွင် ကုန်ထုတ်လုပ်မှု ထူထောင်ကြစေရန် ဆွဲဆောင်မှု ရှိထားပြီး ဖြစ်သည်။

ကုန်ကျစရိတ်ကွာခြားချက်မှာ သိသာထင်ရှားသည်။ ဘင်္ဂလားဒေ့ရှ်ရှိ အလုပ်သမားတစ်ဦး၏ ပျမ်းမျှလစဉ်လစာမှာ ဒေါ်လာ ၁၂၀ ဝန်းကျင်ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ ကုန်ထုတ်လုပ်ငန်းဗဟိုချက်ဖြစ်သော  တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးတွင် စက်ရုံအလုပ်သမားတစ်ဦး လစာ ကန်ဒေါ်လာ ၆၇၀ ၏ ငါးပုံတစ်ပုံအောက်သာ ရှိသည်။

အိန္ဒိယသည် တရုတ်နိုင်ငံနှင့် ကင်းကွာလိုသော နိုင်ငံတကာထုတ်လုပ်သူများအတွက် အစားထိုးရွေးချယ်စရာတစ်ခုအဖြစ် ရပ်တည်နေပြီး  အိန္ဒိယဈေးကွက်ကို ပစ်မှတ်ထားသည့် တရုတ်ကုမ္ပဏီများကို ဆွဲဆောင်ရန်အတွက်လည်း ကြိုးစားနေပါသည်။

အိန္ဒိယတွင် ထုတ်လုပ်ရေးစက်ရုံများ လည်ပတ်နေပြီဖြစ်သော တရုတ်ကုမ္ပဏီများတွင် စမတ်ဖုန်းထုတ်လုပ်သည့် Oppo ၊ Vivo နှင့် ကားထုတ်လုပ်သူ SAIC တို့ ပါဝင်သည်။

အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော ထိုင်းနိုင်ငံသည် မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာကျသော နေရာဖြစ်သည်။

ထိုင်းနိုင်ငံသည် ကုန်ထုတ်လုပ်မှုတွင် တန်ဖိုးကွင်းဆက်တွင် အမြင့်သို့ တက်လာသည်။ ကားအစိတ်အပိုင်းများ၊ မော်တော်ယာဉ်များအတွက် ထုတ်လုပ်ရေးဗဟိုချက် ဖြစ်သည့်အပြင် အီလက်ထရွန်းနစ်ကဏ္ဍတွင်လည်း Sony နှင့်  Sharp တို့အပါအဝင် နိုင်ငံစုံ လုပ်ငန်းကြီးများသည် ထိုင်းနိုင်ငံတွင် ကုန်ထုတ်လုပ်မှုများ လုပ်ကိုင်လျက် ရှိသည်။
တရုတ်ကုမ္ပဏီများလည်း ထိုင်းတွင် အ‌ခြေစိုက်ပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကြသည်။
တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များ၏ အစိတ်အပိုင်းများကို ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ရှန်ဟိုင်းမှ JinkoSolar ကဲ့သို့သော ဆိုလာပြားများ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ကုန်ကျစရိတ်သက်သာပြီး ပထဝီနိုင်ငံရေး တင်းမာမှုများကို ရှောင်ရှားရန် ထိုင်းနိုင်ငံသို့ ၎င်းတို့၏ ထုတ်လုပ်မှုကို ရွှေ့ပြောင်းကြပါသည်။
တရုတ်ကားအပိုပစ္စည်းထုတ်လုပ်သူများသည် ယခုအခါ တရုတ်နိုင်ငံအပေါ် အလွန်အကျွံအားကိုးမှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများအပေါ် သတိထားနေကြသော ၎င်းတို့၏ပြည်ပဖောက်သည်များ၏ ဖိအားကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာကြရသည်။
 

လျှပ်စစ်ကားအားသွင်းအစိတ်အပိုင်းများ ထုတ်လုပ်သူ  Wang က သူ၏ ဥရောပဖောက်သည်တစ်ဦးက သူ့ကို ပြည်ပတွင် စက်ရုံအသစ်တစ်ခု တည်ထောင်ရန် အတင်းအကျပ် တွန်းအားပေးခံရကြောင်း Bloomberg သို့ ပြောကြားခဲ့သည်။
"ကျွန်တော့်မှာ ရွေးချယ်စရာ မရှိသလိုပါပဲ။ အပြင်ထွက်မလား၊ ဒါမှမဟုတ် ဝယ်လက်ကို  ဆုံးရှုံးခံမှာလား" ဟု Wang မှ ပြောကြားခဲ့သည်။

ဗီယက်နမ်သည်လည်း တရုတ်ဆိုလာပြားထုတ်လုပ်သူများ၏ စိတ်ဝင်စားမှုလှိုင်းကို မြင်တွေ့နေရသည်။
 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလောတကြီး ဝင်လာကြသည်ကို  ကြုံတွေ့နေရသည်။
သုံးနှစ်ကြာ တင်းကျပ်သော COVID-19 ကန့်သတ်ချက်များ ပြီးဆုံးသွားပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ လုပ်ငန်းရှင်များ ပြည်ပသို့ ခရီးထွက်ခွင့် ပြန်လည်ရရှိခဲ့ပြီး ဗီယက်နမ်တွင် တရုတ်ကုမ္ပဏီများ လုပ်ငန်း လာရောက်လုပ်ကိုင်ခြင်း ရုတ်တရက် များပြားသွားခဲ့သည်။
"ဗီယက်နမ်မှာ ကုန်ထုတ်လုပ်မှု ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေရဲ့ စုံစမ်းမေးမြန်းမှုတွေဟာ ပြီးခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးသုံးလပတ်မှာ အဆမတန် ကြီးထွားလာခဲ့ပါတယ်" ဟု စက်မှုအိမ်ခြံမြေလုပ်ငန်း အထူးကျွမ်းကျင်သူ BW Industrial Development မှ အကြီးတန်းဒါရိုက်တာ Michael Chan က ပြောကြားသည်။
တရုတ်လုပ်ငန်းကြီးထံ ပစ္စည်းပေးသွင်းသည့် အတွဲအခိုင် လုပ်ငန်းငယ်များ ဗီယက်နမ်သို့ ရောက်လာကြသည်။
 ဗီယက်နမ်၏ ဆိုလာပြားလုပ်ငန်းကဏ္ဍကို လွှမ်းမိုးထားသည့် တရုတ်ကုမ္ပဏီများထံ ပစ္စည်းပေးသွင်းသည့် ပလတ်စတစ် ပုံလောင်း ပုံစံခွက်များ ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပလတ်စတစ် ပုံလောင်း လုပ်ငန်းများ၊ စွမ်းအင်သိုလှောင်မှု ပစ္စည်း ထုတ်လုပ်သူများ ဗီယက်နမ်သို့ တစ်နွယ်ငင် တစ်စင်ပါ ရွှေ့ပြောင်းရောက်ရှိလာကြသည်။
ဥပမာအားဖြင့် ဗီယက်နမ်သို့ ပြောင်းရွှေ့လာသည့် တရုတ်ကုမ္ပဏီများတွင် ရှန်ကျန်းအခြေစိုက် ဓာတ်အားသိုလှောင်ရေးကုမ္ပဏီ Growatt နှင့် ဆိုလာပြား အစိတ်အပိုင်းများ ထုတ်လုပ်သည့် Hangzhou First Applied Material တို့ ပါဝင်သည်။


မက္ကဆီကိုသည် မြောက်အမေရိကဈေးကွက်အတွက်  အဓိကကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းဖြစ်သည်။
မက္ကဆီကိုသည် မော်တော်ကားထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည်။ မက္ကဆီကိုနိုင်ငံ Guanajuato ပြည်နယ်ရှိ Salamanca တွင် ဂျပန်ကားလုပ်ငန်း Mazda ၏ ကားစက်ရုံရှိသည်။ အမေရိကန်လျှပ်စစ်ကားလုပ်ငန်း Tesla က မက္ကဆီကိုတွင် ကားစက်ရုံအသစ်တစ်ခု ထူထောင်ရန် စီစဉ်နေသည်။
အမေရိကန်ဈေးကွက်အတွက် ကုန်ထုတ်လုပ်ရန် တရုတ်ကုမ္ပဏီတို့ကလည်း မက္ကဆီကိုတွင် အခြေစိုက်ကြသည်။ 

“တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ အမေရိကန်ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ မက္ကဆီကိုမှာ ကုန်ချောတွေ ထုတ်လုပ်နေတာတွေ ပိုများလာနေတာ တွေ့ရတယ်" ဟု  အတိုင်ပင်ခံ Kearney က အစီရင်ခံစာတွင် ပြောကြားသည်။ 
"တရုတ်ပင်မလုပ်ငန်းက မက္ကဆီကိုမှာ ပြောင်းရွှေ့အခြေချတော့ ပင်မလုပ်ငန်းထံ ပစ္စည်းပေးသွင်းတဲ့ လုပ်ငန်းများလည်း မက္ကဆီကိုမှာ လာရောက်လုပ်ကိုင်ကြတယ်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 မက္ကဆီကိုမှ Santos မိသားစုနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည့်  Holley Group နှင့် Futong Group တို့ ပူးပေါင်းပြီး  မက္ကဆီကိုနိုင်ငံတွင်  Hofusan Industrial Park ကို အကောင်အထည်ဖော်ခဲ့ကြသည်။
 
မက္ကဆီကိုမှ အမေရိကန်သို့ တင်ပို့သည့် တရုတ်ကုမ္ပဏီများသည် ခရီးအလွန်နီးသဖြင့် ကုန်စည်ပို့ဆောင်ခကို လျှော့ချနိုင်မည်ဖြစ်သည်။ တရုတ်ပြည်မှ တင်ပို့လျှင် ပေးဆောင်ရမည့် မြင့်မားသော သွင်းကုန်ခွန်များမှလည်း လွတ်ကင်းသည်။


တရုတ်နိုင်ငံ နင်ဘိုမြို့ အရှေ့ပိုင်းတွင် အခြေစိုက် ကားအစိတ်အပိုင်းကုမ္ပဏီ Minth သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပိုလန်တွင် စက်ရုံတစ်ရုံကို ဆောက်လုပ်ရန် ပန္နက်ချခဲ့သည်။
ပိုလန်ကဲ့သို့ ဥရောပနိုင်ငံများသည် အထူးသဖြင့် အီးဗီများအတွက် တရုတ်ကုမ္ပဏီများဥရောပသို့ ဝင်ရောက်ရန် အခွင့်အလမ်းများ ရရှိနေစေသည်။
တရုတ်လျှပ်စစ်ကားများသည် ဥရောပဈေးကွက်ထဲသို့ စတင်မောင်းဝင်နေကြပြီ ဖြစ်သည်။
 
ဥရောပ မော်တော်ယာဥ် ကားထုတ်လုပ်သူများထံ ပစ္စည်းပေးသွင်းသည့် တရုတ်ကား အစိတ်အပိုင်း ထုတ်လုပ်သူများကလည်း နိုင်ငံရပ်ခြားမှာ စက်ရုံအလုပ်ရုံတွေ ထူထောင်ရန် နေရာရှာဖွေနေကြသည်။ 
ယခင်က အနောက်တိုင်း ကုမ္ပဏီများသည် အရှေ့တိုင်း အထူးသဖြင့် တရုတ်ပြည်တွင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် နေရာရှာဖွေခဲ့ကြသည်။ ယခု တရုတ်လုပ်ငန်းများက အနောက်တိုင်းမှာ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ရန် နေရာရှာဖွေနေကြသည်။

 "ပြောင်းပြန်သွား‌နေတဲ့  ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ လမ်းကြောင်းတချို့ကို ကျွန်တော်တို့အားလုံး မြင်ကြရပါတယ်" ဟု Minth ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Liu Yanchun က ပြောကြားသည်။

ရှန်ကျန်းအခြေစိုက် လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ BYD သည် ဥရောပတွင် ၎င်း၏ ပထမဆုံး အီးဗီစက်ရုံကို တည်ဆောက်ရန် စီစဉ်နေသည်။
Source businessinsider
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 630 times