ပြည်ပရောက်ယွမ် ဒေါ်လာနှင့် ငွေလဲနှုန်း တန်ဖိုးထိုးကျသော်လည်း ကြံ့ကြံ့ခံနိုင်မည်ဟုဆို


25 April, 2022

ပြည်ပရောက်ယွမ် ဒေါ်လာနှင့် ငွေလဲနှုန်း တန်ဖိုးထိုးကျသော်လည်း ကြံ့ကြံ့ခံနိုင်မည်ဟုဆို

 

ရင်းနှီးမြုပ်နှံသူများ အမေရိကန်သို့ အလျင်စလို ပြန်‌ေရွှ့သွားကြခြင်းကြောင့် တရုတ်နိုင်ငံ၏ ယွမ်ငွေသည်  အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသည်  ၂၀၁၅ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ကျဆင်းနှုန်း ဖြစ်သွားသည့် သီတင်းပတ် ဖြစ်ခဲ့သည်။

ပြည်ပရောက် ယွမ်နှင့် ဒေါ်လာလဲနှုန်းသည် ဧပြီလ ၁၈ ရက် တနင်္လာနေ့တွင် ၁ ဒေါ်လာ ၆.၃၈ ဖြင့် ဈေးဖွင့်ခဲ့ပြီး  ဧပြီလ ၂၂ ရက် သောကြာနေ့တွင်  ဒေါ်လာ လျှင် ယွမ် ၆.၅၃ ဖြစ်သွားခဲ့သည်။ တစ်ပတ်တာအတွင်း ၂.၄% ကျဆင်းခဲ့သည်။ 
ထိုသို့အကျကြမ်းသည်ကို ၂၀၁၅ ဩဂုတ်လတွင် ကြုံခဲ့ဖူးသည်။ တရုတ်အစိုးရက ယွမ်ကို ရုတ်တရက် တန်ဖိုးချလိုက်သဖြင့် အကျကြမ်းခဲ့ခြင်း ဖြစ်သည်။

PBOC က တရုတ်ပြည် ကုန်သွယ်ရေး၏ သွင်းကုန် ပို့ကုန်များအတွက် ဈေးအတက်အကျကို ပြည်တွင်းယွမ် ငွေလဲနှုန်းဖြင့် ကစားပေးလေ့ရှိသည်။ 

 

အတိုးနှုန်းဆွဲငင်အား

အမေရိကန်တွင် ဗဟိုဘဏ်အဖြစ် နေရာယူထားသော  ပြည်ထောင်စု အရန်ရန်ပုံငွေ Federal Reserve က ငွေဖောင်းပွမှုကို ထိန်းရန်အတွက် အတိုးနှုန်းများကို ဆွဲတင်ပေးသည်။ သို့ဖြစ်ရာ အမေရိကန် အစိုးရငွေချေးစာချုပ်များ အတိုးနှုန်း မြင့်တက်သဖြင့် အမေရိကန် အစိုးရငွေချေး စာချုပ်များတွင် ရင်းနှီးမြှုပ်နှံလျှင် အတိုးပိုရပြီး အကျိုးအမြတ်ပိုများသည်။ ထိုအခါ အတိုးနှုန်း မြင့်တက်ခြင်းမရှိသည့် တရုတ်ငွေချေးအာမခံစာချုပ်များ မျက်နှာငယ်ကုန်သည်။  တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် စိုးရိမ်မှုများလည်း ရှိနေခြင်းတို့ကြောင့် ရင်းနှီးမြုပ်နှံသူများသည် တရုတ်နိုင်ငံ၏ ငွေချေးစာချုပ်များကုိ ရောင်းထုတ်လိုက်ကြသည်။ ယွမ်ကိုလည်း ရောင်းထုတ်ကြသည်။
အခြားငွေကြေးများ၏ ငွေတန်ဖိုးများနှင့် နှိုင်းယှဉ်တိုင်းတာပြီး ဖော်ထုတ်သတ်မှတ်ပေးထားသော ‌အညွှန်းကိန်းဖြစ်သည့် ဒေါ်လာ အညွှန်းကိန်းသည် အကြမ်းအားဖြင့် ၂.၇% ကျော် ယခင်လထက်မြင့်တက်ပြီး ၁၀၀.၉၃ ဖြစ်လာသည်။

 

စိုးရိမ်စရာ

တရုတ်ပြည် စီးပွားရေးသည် စိုးရိမ်စရာ ဖြစ်နေသည်။ ကိုဗစ် သုည zero-COVID မူဝါဒအရ တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် ကိုင်တွယ်သည်။ ရှန်ဟိုင်းအပါအဝင် မြို့ကြီးများကို လော့ဒေါင်းချသည်။ ကုန်ထုန်လုပ်မှုများ ရပ်ကုန်သည်။ ပို့ဆောင်ရေး ကွင်းဆက်များ ပြတ်တောက်ကုန်သည်။ 

နိုင်ငံတကာငွေကြေး ရန်ပုံငွေ  International Monetary Fund IMF က ယခုနှစ်အတွက် တရုတ်ပြည် စီးပွားကြီးထွားနှုန်းကို ၂၀၂၂ ဇန်နဝါရီလက ၄.၈% ဟု ကြိုတင်ခန့်မှန်းခဲ့ပြီး ဧပြီလတွင် ၄.၄% ဟု လျှော့ချသတ်မှတ်လိုက်သည်။ 

 

ပြည်တွင်းယွမ် ပြည်ပယွမ်
 
တရုတ်ပြည်တွင်းတွင် ယွမ်ကို တရုတ်နိုင်ငံ ဗဟိုဘဏ် ဖြစ်သည့် People's Bank of China PBOC က အနီးကပ် ထိန်းချုပ်ထားသည်။ နေ့စဉ် ပြည်တွင်းယွမ် ငွေလဲနှုန်းကို သတ်မှတ်ပေးသည်။ ထိုသတ်မှတ်နှုန်း၏ ±၂% ဖြင့် ငွေကြေးရောင်းဝယ်ကြရသည်။ 
ပြည်ပရောက် ယွမ်အပေါ်  ပြည်တွင်းယွမ်က သက်ရောက်မှု ရှိသည်။ သို့သော် ပြည်ပရောက်ယွမ် ငွေလဲနှုန်းသည် လွတ်လပ်သည့် နှုန်းရှင် free-floating ဖြစ်သည်။

 

ကြံ့ကြံ့ခံနိုင်

ပြည်ပရောက် ယွမ်ငွေ အတက်အကျသည် ကမ္ဘာ့ဈေးကွက် မတည်ငြိမ်မှုကြောင့်ဖြစ်ပွားနေခြင်းဖြစ်ပြီး ယွမ်သည် အခြေခံအားဖြင့် တည်ငြိမ်နေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံ  SAFE (State Administration of Foreign Exchange )မှ ပြောရေးဆိုရေးတာဝန်ရှိသူ Wang Chunying က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ မူဝါဒ အပြောင်းအလဲများကို ယွမ်က ကြံကြံ့ခံနိုင်သည်ဟု ၎င်းက ပြောကြားသည်။

"နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်ထဲမှာ ခံနိုင်ရည် တောင့်တင်းခိုင်မာခြင်းနှင့်အတူ တရုတ်နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု ရန်ပုံငွေရဲ့ မူဝါဒ ချိန်ညှိမှုကို အလိုက်သင့် ဖြစ်စေဖို့ အခြေအမြစ်များနှင့် အခြေအနေများ ရှိပါတယ် " လို့ Wang Chunying က ပြောကြားသည်။ 

"တရုတ်နိုင်ငံဟာ ပုံမှန်ငွေကြေးမူဝါဒကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဘဏ္ဍာရေးစနစ်က အတော်လေး တည်ငြိမ်ပြီး လွတ်လပ်ပါတယ်။ ပြည်ပက မရေရာမှုတွေက ယွမ်ငွေလဲနှုန်းအပေါ် သက်ရောက်မှု နည်းနည်းပါးပါးပဲ ရှိလိမ့်မယ်" ဟု Wang က ပြောကြားခဲ့ပါသည်။

Banking & Loan Read 21913 times