မြန်မာ့ပို့ကုန်ကဏ္ဍာတွင် စက်မှုကုန်ချော ( CMP ) တင်ပို့မှုမှ ပို့ကုန်ဝင်ငွေအများဆုံးရရှိထား


10 May, 2019

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၆ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချော ( CMP ) တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၂၈၄ ဘီလျံကျော် ရရှိထားပြီး အရင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၃၀၀ ကျော် ပိုရရှိထားပါတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများမှာ ဖော်ပြထားပါတယ်။

လက်ရှိဘဏ္ဍာနှစ် ခုနှစ်လနီးပါးမှာ စက်မှုကုန်ချော ( CMP ) တင်ပို့မှု အဓိကမြင့်တက်ခဲ့သဖြင့် ပြည်ပပို့ကုန်ကဏ္ဍမှာ အရင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုရရှိထားပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ စုစုပေါင်းပို့ကုန်တန်ဖိုး ဒေါ်လာ ၉.၆၀၅ ဘီလျံကျော် ရရှိထားပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာတော့  ပို့ကုန်ကဏ္ဍမှ စုစုပေါင်း ဒေါ်လာ ၈.၄၀၃ ဘီလျံကျော်သာရရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်းကို ( CMP ) စနစ်နဲ့ လုပ်ကိုင်နေခြင်းဖြစ်ပြီး ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း စတာတွေအပြင် အခြားလုပ်ငန်းတွေကိုလည်း ( CMP ) စနစ်နဲ့ လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပကို လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ ( CMP ) နဲ့ အခြားပစ္စည်းများ စတာတွေကို အဓိကတင်ပို့ထားပါတယ်။

Ministry of Commerce 

Export, Import Read 500 times