၂၀၁၇ ခုနှစ် ၁၁ လအတွင်း CMP အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ တစ်ဘီလျံ ပိုမိုရရှိခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်က Novotal Hotel ၌ ကျင်းပသည့် 2017 MYANMAR PLASPRINT PACK AGROTEK FOODTEK သတင်းစာရှင်းလင်းပွဲွမှ သိရပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းအင်းများအရ မြန်မာနိုင်ငံသည် ၂၀၁၇ ဘဏ္ဍာနှစ်၏ ပထမဦးဆုံး ၁၁ လအတွင်း Cut-Make-Pack (CMP) ပို့ကုန်အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်ရရှိပြီး တူညီသောကာလ၏ဝင်ငွေဒေါ်လာ တစ်ဘီလျံ သိသိသာသာ တိုးလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ပို့ကုန်အမျိုးအစားဖြစ်သော CMP အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုရာ၌ သိသာထင်ရှာသော အခန်းကဏ္ဍက ပါဝင်ကြောင်း သိရပါသည်။
လက်ရှိတွင် မြန်မာ့အထည်အလိပ်ကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေကြောင်းနှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အဝတ်အထည်များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးက ပြောကြားကြောင်းသိရပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ပို့ကုန်စျေးကွက်တွင်လည်း ဥရောပစျေးကွက်သို့တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံသားပိုင် စက်ရုံများနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံး လာရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းသိရပါသည်။
လက်ရှိတွက် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း လေးရာကျော်အထိတိုးတက်လာပြီး ၂၀၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အားသုံးသိန်းငါးသောင်းကို ခန့်ထားပေးနိုင်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ လုပ်သားအင်အား၏ ရာခိုင်နှုန်း ၉၀ သည် အမျိုးသမီးလုပ်သားများဖြစ်ကြောင်း သိရပါသည်။
Source:daily eleven