ငါးလကျော်မှာ CMP အထည်ချုပ်လုပ်ငန်းများ ပြည်ပကို ပို့ကုန်အဖြစ်ရပ်တည်နေ


15 March, 2019

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ်လ ၁ ရက်အထိ ပြည်ပကို CMP ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာနှစ်ဘီလျံနီးပါးရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၈၀ ခန့် ပိုမိုရရှိထားကာ ယခုနှစ် ပို့ကုန်ကဏ္ဍမှာ အများဆုံးတင်ပို့ထားတဲ့ ပို့ကုန်အဖြစ် ရပ်တည်နေကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

“ ဒီဘဏ္ဍာနှစ် မတ်လ ၁ ရက်အထိပေါ့။ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကနေ ဒေါ်လာ ၁ ဒသမ ၉၃၂ ဘီလျံရရှိထားတယ်။ ယခင်နှစ်ကာတူနဲ့နှိုင်းယှဉ်ရင် ဒေါ်လာ ၈၇၈ သန်း ပိုမိုတင်ပို့ထားတယ်” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ လက်ခစားစနစ်နဲ့ ချုပ်လုပ်တာဖြစ်တဲ့အတွက် ချုပ်ခအနေနဲ့ ၁၀ ရာခိုင်နှုန်းခန့်သာရရှိပါတယ်။

“ မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေ ရှိတယ်။  အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီး အပ်ပြီး ချုပ်ခအရမ်းနဲတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

လက်ရှိမှာ CMP လက်ခစားလုပ်ငန်းတွေဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့် သာရှိပေမယ့်လည်း FOB  စနစ်ဆောင်ရွက်လာနိုင်ပါက ဒေါ်လာသုံးဘီလျံအထိ  နိုင်ငံ့ဝင်ငွေရရှိလာမှာဖြစ်ပါတယ်။ CMP ကနေ FOB ပြောင်းတဲ့အခါ ပစ္စည်းသွင်းလာတဲ့အချိန်မှာ အကောက်ခွန်အရင်ပေးပြီးမှ ထုတ်လုပ်ရမှာပါ။ ထုတ်လုပ်ပြီးလို့ Export လုပ်တဲ့အခါ ပြန်လျှောက်ပြီးတော့ အကောက်ခွန်ပြန်ရမှာဖြစ်ပါတယ်။

အခုဆိုရင် CMP လုပ်ငန်းတွေမှာ အထည်ချုုပ်၊ ဖိနပ်၊ ဆံပင်တုရှိပါတယ်။ ဒီလုပ်ငန်းတွေကနေ အလုပ်အကိုင် ခြောက်သိန်းကျော်လောက်ဖန်တီးပေးထားပါတယ်။ နိုင်ငံ့ဝင်ငွေဆိုရင်လည်း စုစုပေါင်းဒေါ်လာ သုံးဘီလျံလောက်ရှိပါတယ်။

ဒါပေမဲ့ ဒါတွေဟာ CMP လက်ခစားလုပ်ငန်းတွေရဲ့ ဝင်ငွေမဟုတ်ပါဘူး။ ဒီဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရပါတယ်။ ဒါ့ကြောင့် တကယ်လို့များ FOB ပြောင်းနိုင်ခဲ့ရင် ဒေါ်လာသုံးဘီလျံက နိုင်ငံရဲ့ ဝင်ငွေဖြစ်သွားမှာလို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်းမှာ ကုန်ချောထုတ်ကာ ပြည်ပကို ပြန်လည်တင်ပို့တဲ့ CMP လက်ခစားစနစ်ကို ၁၉၉၀ ခုနှစ်က အထည်ချုပ်လုပ်ငန်းနဲ့ စတင်ခဲ့ပြီး လက်ရှိမှာတော့ ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း၊ ဆံပင်အတုလုပ်ငန်းများအပြင် စုစုပေါင်း လုပ်ငန်းပေါင်း ၇၀ ကျော်အထိရှိပါတယ်။

Eleven Media

Export, Import Read 456 times