ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများ ပိတ်သိမ်းရန် အာရှ ဖွံ့ဖြိုးရေးဘဏ်က ရန်ပုံငွေထူထောင်မည်။
အာရှ ဖွံ့ဖြိုးရေးဘဏ်က ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းပါးသော စီးပွားရေးတစ်ရပ် ဖြစ်ရန် ရည်ရွယ်၍ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများ ပိတ်သိမ်းရန်အတွက် ရန်ပုံငွေ ထောက်ပံ့သွားမည်။
ပထမအဆင့်အနေဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများ ဆောက်လုပ်ရန် ချေးငွေများကို ရပ်ဆိုင်းမည် ဖြစ်သည်။ လက်ရှိလည်ပတ်နေသော ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများ သက်တမ်းမကုန်ခင် ဆောလျင်စွာ ပိတ်သိမ်းနိုင်ရန်အတွက် အကူအညီပေးနိုင်ရန် ရန်ပုံငွေများ ထူထောင်မည်။ ပုံမှန်အားဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများသည် သက်တမ်း နှစ်ပေါင်း သုံးလေးဆယ် လုပ်ကိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
အာရှ ဖွံ့ဖြိုးရေးဘဏ်က ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံများကို ဝယ်ယူရန်နှင့် ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှု မြှင့်တင်ရန်တို့ကို အရှေ့တောင်အာရှတွင် လုပ်ဆောင်ရန်အတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ရန် ရည်ရွယ်ထားသည်။ ကျောက်မီးသွေးသုံး ဓာတ်အားထုတ်လုပ်မှုကို မှီခိုနေရသော ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုများ လုပ်ဆောင်လျက် ရှိသည်။
ရန်ပုံငွေ ပမာဏကို မသိရသေးသော်လည်း ပမာဏ ကြီးမားမည်ဟု ခန့်မှန်းသည်။ ကျောက်မီးသွေး မီးထိုးသော ဓာတ်အားစက်ရုံများသည် ထုတ်လုပ်သည့် ဓာတ်အား အနည်းအများအပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံကျော် ကုန်ကျနိုင်သည်။ ပထမဆုံးအကြိမ် ဝယ်ယူခြင်းကို ၂၀၂၂ သို့မဟုတ် ၂၀၂၃ ခုနှစ်တွင် ဖြစ်လိမ့်မည်ဟု မျှော်လင့်သည်။
နိုင်ငံတကာ စွမ်းအင် အေဂျင်စီ၏ အဆိုအရ ကမ္ဘာ့ဓာတ်အားထုတ်လုပ်မှု၏ ၄၀% နီးပါးသည် ကျောက်မီးသွေး မီးထိုးပြီး ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများထံမှ ရယူလျက် ရှိသည်။ ထိုရာခိုင်နှုန်း အချိုးအစားသည် အာရှ-ပစိဖိတ်ဒေသတွင် ပိုမြင့်မားနေသည်။ ၆၀% ဝန်းကျင် ရှိသည်။ ကမ္ဘာ့ကျောက်မီးသွေး သုံးစွဲမှု၏ ၈၀% ကို အာရှမှ သုံးစွဲလျက် ရှိသည်။
asia.nikkei.com