နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အုန်းသီးစက်ရုံတည်ဆောက်တော့မဲ့မာန်အောင်ကျွန်း


19 February, 2019

ရခိုင်ပြည်နယ်မာန်အောင်ကျွန်းတွင် ပထမဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် အကြီးမားဆုံးကုန်ထုတ်လုပ်မှုဖြစ်သော အုန်းသီးထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံကို တည်ဆောက်နေပြီဖြစ်ကြောင်း DaNa Facility မှသိရသည်။

မာန်အောင်ကျွန်းတွင်နေထိုင်သည့် အုန်းသီးစိုက်ပျိုးသောဒေသခံများ၏ လူမှုဘဝပိုမိုတိုးတက်လာစေရန် ရည်ရွယ်သည့် အဆိုပါစီမံကိန်းလည်ပတ်နိုင်ရန်အတွက် ယူကေအဖွဲ့အစည်းတစ်ခုဖြစ်သည့် DaNa Facility က ရန်ပုံငွေပံ့ပိုးပေးထားကြောင်းသိရသည်။

“မြဧရာအုန်းသီးထုတ်ကုန်စက်ရုံက ကျွန်တော်တို့ရဲ့ ရန်ပုံငွေနဲ့မာန်အောင်ကျွန်းမှာ တည်ဆောက်နေတဲ့အပြင် ရွာသာကြီးက စက်ရုံကိုလည်း ရန်ပုံငွေ ထောက်ပံ့ပေးထားပါတယ်။

ဒီစက်ရုံကိုတည်ဆောက်ရတာကတော့ အုန်းသီးစိုက်ဒေသခံတွေရဲ့ လူမှုဘ၀ ပိုမိုတိုးတက်လာစေဖို့အတွက် ဈေးကွက်အခြေအနေဖွံ့ဖြိုးရေး၊ အုန်းသီးထုတ်ကုန်မျိုးစုံ ပြောင်းလဲထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်ကတစ်ဆင့် ဒေသခံတွေကို အလုပ်အကိုင်တွေပိုမိုဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု DaNa Facility မှတာဝန်ရှိသူတစ်ဦးကပြောသည်။

DaNa Facility အနေဖြင့် ဒေသခံများ၏ စီးပွားရေးတိုးတက်ရေးနှင့် အလုပ်အကိုင်ရရှိရေးတို့အတွက် ကယားပြည်နယ်တွင် ထောပတ်သီးထုတ်လုပ်သည့် စက်ရုံကိုလည်း ထောက်ပံ့တည်ဆောက်ပေးလျှက်ရှိကြောင်း သိရသည်။

Pyi Myanmar

Investment/Divestment Read 447 times