၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကော်ဖီစေ့တန်ချိန် ၈ဝဝဝ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်ထံမှ သိရသည်။ယခုကဲ့သို့ ကော်ဖီစေ့တန်ချိန် ၈ဝဝဝ ကျော်အထိ ထွက်ရှိခြင်းမှာ ကော်ဖီပင်စိုက်ဧက တိုးမြင့်လာခြင်းကြောင့် ဖြစ်ပြီး အဆိုပါ တန်ချိန် ၈ဝဝဝ ကျော်ထဲမှ သုည ဒသမ ၃ ရာခိုင်နှုန်းသာ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့ဆီက ကော်ဖီစေ့ကောင်းတွေ ထွက်ရှိပြီး ပြည်ပကို ကောင်းကောင်းမတင်ပို့နိုင်ဘူး။ ပြည်ပတန်း ဝင်ကော်ဖီဖြစ်ဖို့ ကြိုးစားရဦးမယ်''ဟု ဦးရဲမြင့်က ပြောသည်။၂ဝ၁၈ ခုနှစ်အတွင်းထွက်ရှိသည့် ကော်ဖီစေ့တန်ချိန် ၈ဝဝဝ ကျော်အနက် ပြည်ပနိုင်ငံများသို့ အထူးတန်းဝင် ကော်ဖီစေ့တန်ချိန် ၃ဝဝ သာ တင်ပို့နိုင်ပြီး ကျန်ရှိသည့် ကော်ဖီစေ့များကို ပြည်တွင်းဈေးကွက်၌သာ ရောင်းချခဲ့ကြောင်း သိရသည်။''ကော်ဖီစေ့ထုတ်ကုန်တွေ တိုးတက်အောင် အစိုးရအဖွဲ့အနေနဲ့ ပံ့ပိုးကူညီဖို့ လိုလာပါပြီ။ ကော်ဖီစေ့တန်ချိန် တိုးပြီးထွက်တဲ့အပြင် ပြည်ပကိုတင်ပို့နိုင်မှ တောင်သူတွေ ဈေးကောင်းရမှာပါ'' ဟု ပြင်ဦးလွင်မြို့မှ ကော်ဖီပင်စိုက်ပျိုးသူ တောင်သူဦးခင်အောင်မင်းက ပြောသည်။
၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကော်ဖီစေ့တန်ချိန် ခန့်မှန်းတန်ချိန် ၇ဝဝဝ ကျော် ထုတ်လုပ်ခဲ့ရာ ပြည်ပသို့ အထူးတန်းဝင် ကော်ဖီစေ့တန်ချိန် ၂ဝဝ ခန့်တင်ပို့ရာမှ ၂ဝ၁၈ ခုနှစ် အရောက်တွင် အထူးတန်းဝင် ကော်ဖီစေ့ တန်ချိန် ၃ဝဝ ခန့်အထိ တင်ပို့လာနိုင်သည်။ယခုကဲ့သို့ ကော်ဖီစေ့ထွက်ရှိမှု တန်ချိန်များလာသဖြင့် ပြည်ပဈေးကွက် ထပ်မံရှာဖွေခြင်းများ ပြုလုပ်ရမည့်အပြင် ကော်ဖီစေ့မှာ နှစ်ရှည်သီးနှံဖြစ်၍ တောင်သူများ အဆင်ပြေစေရေးအတွက် ကော်ဖီပင်နှင့် တခြားသီးနှံများ ရောနှောစိုက်ပျိုးနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
Myawaddy