ထားဝယ်စက်မှုဇုန်ဖော်ဆောင်ရေး ကနဦးစစ်တမ်းကောက်ယူနေ


08 May, 2019

ထားဝယ်တွင် စက်မှုဇုန် ဖော်ဆောင်နိုင်ရေးအတွက် ထားဝယ်စည်ပင်နယ်နိမိတ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများကို ကနဦးစစ်တမ်းကောက်ယူနေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရပါတယ်။

ကနဦးစစ်တမ်းကို တိုင်းဒေသကြီး ကုန်သည်/ စက်မှုအသင်းက ဦးဆောင်ကာ ယခုနှစ်မတ်လကုန်ပိုင်းမှ စတင်ကောက်ယူနေတာဖြစ်တယ်လို့ အဆိုပါအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုပါတယ်။

ထားဝယ်မှာ စက်မှုဇုန်လိုအပ်ကြောင်း တိုင်းအစိုးရကို သွားရောက်တိုက်တွန်းမယ့်အချိန်မှာ လက်ရှိရှိနေတဲ့ လုပ်ငန်းအရေအတွက်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏကို ခိုင်မာတဲ့အချက်အလက်များဖြင့် တင်ပြနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောပါတယ်။

လက်ရှိကောက်ယူနေတဲ့ ကနဦး စစ်တမ်းမှာ ထားဝယ်စည်ပင်ဧရိယာအတွင်းရှိ စက်မှုလက်မှုနဲ့ စားသောက်ကုန်လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စာရင်းကောက်ယူနေခြင်းဖြစ်ပါတယ်။

အနာဂတ်တွင် အဆိုပါလုပ်ငန်းများမှာ မြို့အတွင်းထားရှိရန် မသင့်တော်ခြင်း၊ မြို့နေလူထုက ကန့်ကွက်လာနိုင်ခြင်းတို့ကြောင့် စက်မှုဇုန်တစ်ခု လိုအပ်နေတဲ့အတွက် ယင်းကဲ့သို့ စစ်တမ်းကောက်ယူနေခြင်းဖြစ်ပါတယ်။

စစ်တမ်းရလဒ်ကို ယခုနှစ်ဇွန်လမှာ တိုင်းဒေသကြီးအစိုးရနဲ့ တိုင်းလွှတ်တော်ထံ တင်ပြမှာဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ဆိုပါတယ်။ ဒါ့ပြင် စစ်တမ်းမှာ ဖြည့်သွင်းရမယ့် ဖောင်အတွက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘူးလို့ ပြောပါတယ်။

ထားဝယ်မြို့အတွင်း ဆိုင်ခန်းငှားရမ်းပြီး အလူမီနီယံလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသားတစ်ဦးက အလုပ်အတွက် မြေနေရာတစ်ခု ရရှိမယ်ဆိုပါက ပိုမိုအဆင်ပြေနိုင်မယ်လို့ ယူဆတဲ့အတွက် လျှောက်လွှာမှာ အချက်အလက်ဖြည့်သွင်းကာ လက်မှတ်ထိုးခဲ့တယ်လို့ ပြောပါတယ်။ အဆိုပါ အမျိုးသားက “ကိုယ့်ကို အသုံးချပြီး လုပ်သွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တော့ရှိတယ်”လို့ ပြောပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက စက်မှုဇုန်အတွက် ကနဦးစစ်တမ်း ကောက်ယူခြင်းနဲ့ ပတ်သက်ပြီး ဒေသခံများအကြား ပြောဆိုဝေဖန်မှုတွေလည်း ရှိပါတယ်။

Dawei Watch

Local News Read 520 times