လာမယ့်နှစ်ခေါ်မယ့် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် တင်ဒါတွေမှာ PTTEP ဝင်ရောက်ပြိုင်မယ်


26 November, 2018

မြန်မာ့ကမ်းလွန်ရှိ ဇောတိကစီမံကိန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နေသော ထိုင်း ပီတီတီအီးပီကုမ္ပဏီ၏ လက်ရှိလုပ်ဆောင်နေမှုများ နှင့် အနာဂတ်အစီအစဉ်များအပါအဝင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး ပြုပြင်ပြောင်းလဲ ရမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ကုမ္ပဏီ၏ မြန်မာ့စီမံကိန်း၊ အထွေထွေမန်နေဂျာ Mr.Piya Sukhumpanumet ကို မြန်မာတိုင်း(မ်)သတင်းထောက် မချမ်းမြထွေးက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြတယ်။

Q-ပီတီတီအီးပီက မြန်မာနိုင်ငံမှာ ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ၊၂ဝ၁၉ အပြည်ပြည်ဆိုင်ရာ တင်ဒါမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါသလား?

ကျွန်တော်တို့ရဲ့ ပီတီတီအီးပီကုမ္ပဏီက လာမယ့်နှစ် ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုမှာ ဝင်ပြိုင်ဖို့အတွက် စိတ်ဝင်စားပါတယ်။ ပီတီတီအီးပီက ဝင်ပြိုင်ဖို့လည်းရှိပါတယ်။ပြင်ဆင်မှုအနေနဲ့ကတော့ အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုမှာပါဝင်ယှဉ်ပြိုင်ဖို့ ပီတီတီအီးပီက အဆင်သင့်ဖြစ်နေပြီ။ ဝန်ကြီးဌာနက စခေါ်တာနဲ့ စာရွက်စာတမ်းပြင်ဆင်မှုလုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ။

Q-လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ပီတီတီအီးပီက ဘယ်လို စီမံကိန်းတွေ အကောင်အထည်ဖော်နေပါသလဲ?

လက်ရှိမြန်မာနိုင်ငံမှာ ပီတီတီအီးပီက စီမံကိန်းငါးခု ရှိပါတယ်။ ပထမက ကမ်းလွန်မှာရှိတဲ့ လုပ်ကွက် M-9 ဇောတိကစီမံကိန်းက သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေပြီ။ဒုတိယက M-3 လုပ်ကွက်က အခုမှ ဖွံ့ဖြိုးရေးကာလပဲရှိပါသေးတယ်။ နောက် MOGE-3၊MD- 7၊M -11 လုပ်ကွက်တွေကတော့ ရှာဖွေရေးအဆင့်မှာပဲ ရှိပါသေးတယ်။

Q-ကမ်းလွန် M-9 လုပ်ကွက် ဇောတိကစီမံကိန်းမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲ?

ဇောတိက စီမံကိန်းမှာ မြေပြင်ကို ပထမအဆင့် တိုင်းတာရာမှာ သဘာဝဓာတ်ငွေ့က သဲပါတယ်။ ဂတ်စ်သိုလှောင်အားက နည်းတယ်။ တွင်းက တစ်ခုတည်းမဟုတ်ဘူးဆိုတော့ ဖြန့်ပြီးတူးရတာလည်း ရှိတယ်။ သဘာဝဓာတ်ငွေ့နဲ့ သဲ ထပ်ခွဲရတော့ အခြားအဆင့်မြင့်နည်းပညာတွေ လိုတယ်။ လိုတော့ အကုန်အကျပိုများတယ်။ အဲဒါက အဓိကစိန်ခေါ်မှုတစ်ရပ်ပဲ။

Q-မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍက အနာဂတ်အလားအလာမှာပြင်ဆင်ရမှာတွေ၊ လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ?

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေဏ္ဍမှာ တိုးတက်ရေးမှာ ပီတီတီအီးပီအနေနဲ့ စဉ်းစားတာက မြန်မာနိုင်ငံ လူငယ်တွေရဲ့ပညာရေးကို ပထမဦးဆုံး အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။ ပြည်တွင်း ပြည်ပသင်တန်းတွေကိုလည်း ပေးနေတယ်။

အခုလက်ရှိမှာ ပီတီတီအီးပီရုံးမှာ မြန်မာဝန်ထမ်းတွေ ခန့်ထားတာ ရှိတယ်။ ဝန်ထမ်းတွေ စဝင်လာတဲ့အခါမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အရည်အချင်းက နိုင်ငံတကာ အဆင့် မမီသေးတဲ့အတွက်ကြောင့်မို့ပီတီတီအီးပီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လုပ်ငန်းခွင်သင်တန်း သုံးနှစ်ပို့ထားတာ ရှိတယ်။ နိုင်ငံတကာအဆင့်မီ အရည် အချင်းဖြစ်အောင် ပညာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ လုပ်သားစွမ်းရည် ပိုမြင့်တက်လာအောင် အဲဒီအပိုင်းကို ပိုပြီးအလေးထားပေးရင်တော့ ပိုကောင်းတယ်။

Q-နိုင်ငံခြားကုမ္ပဏီတွေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ကြရမှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက ဘာတွေကွာခြားပါသလဲ?

 ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အစိုးရရဲ့ အဓိကနည်းလမ်းလေးခုရှိတယ်။ အဲဒါတွေက စွန့်စားတဲ့သဘောတူညီမှုတွေ၊ လိုက်လျောမှုတွေ၊ ထုတ်လုပ်မှုအပေါ် အစိုးရနဲ့ ခွဲဝေခံစားတဲ့စာချုပ် (PSC) နဲ့ ဝန်ဆောင်မှုစာချုပ်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံမှာကျတော့ ထုတ်လုပ်မှု အပေါ် အစိုးရနဲ့ ခွဲဝေခံစားတဲ့ စာချုပ်နဲ့လုပ်တဲ့အတွက် အစိုးရနဲ့ အမြဲပတ်သက်နေတယ်။ တင်ဒါလျှောက် စဝင် ကတည်းက အခုလုပ်နေတဲ့ထိ တောက်လျှောက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်လာရတယ်။

ထိုင်းဖြစ်ဖြစ်၊ တခြားနိုင်ငံတွေမှာကျတော့ ကုမ္ပဏီကနေ ရင်းနှီးမြှုပ်နှံတာ ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်မို့ ကုမ္ပဏီအနေနဲ့ သူ့ဘာသူ လုပ်ငန်းလည်ပတ် အစိုးရအနေနဲ့ ဝင်မပါဘူး။ (PSC) အတွက်ဆိုရင် စီမံကိန်းတစ်ခုလုံးအတွက် အစိုးရရဲ့ ခွင့်ပြုချက်လိုတယ်။ ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်ရလာတဲ့အခါမှာ အစိုးရကို royalty အခွန်ဆောင်ရတယ်။ ဒါမျိုးကွာခြားတယ်။ နှစ်ဖက်အကျိုးအမြတ်အတွက် အစိုးရရဲ့ အပြည့်အဝပံ့ပိုးပေးမှုကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။

Q-လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လာမယ့် ကမ်းလွန် ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ကွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုမှာ နှစ်ဖက်အကျိုးရှိမယ့်မူမှာ ဘာတွေ အပြောင်းအလဲဖြစ်လာမယ်လို့ မျှော်လင့်သလဲ?

ပီတီတီအီးပီက လာမယ့် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုမှာ မျှော်လင့်ထားတာကတော့ အစိုးရကနေပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စာချုပ်မှာစည်းမျဉ်း စည်းကမ်းတွေ ပိုပြီးတော့ ကောင်းမွန်အောင် ညှိနှိုင်းမှုတွေ လုပ်မယ်လို့ ကြားထားတယ်။ အတိအကျတော့ ဘယ်ဟာလဲမသိဘူး။ ကုမ္ပဏီကရော အစိုးရဘက်ကပါ အကျိုးရှိအောင် အချက်အလက်လေးတွေ ထည့်သွင်း ဆောင်ရွက်မယ်လို့ ကြားတယ်။ အဲဒါကိုလည်း ပိုပြီး မျှော်မှန်းတယ်။

Q-မြန်မာ့ ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့က အစိုးရဘက်ကဘာတွေပြုပြင်ပြောင်းလဲဖို့ လိုသလို ရင်းနှီးမြှုပ်နှံကြမယ့်ကုမ္ပဏီတွေဘက်ကရော ဘာတွေပြင်ဆင်ဖို့လိုမလဲ?

ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ပြောရရင် နိုင်ငံခြားကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက်ဆိုရင်အစိုးရဘက်က ပိုပြီးတော့ လွယ်ကူမယ့်၊ ပိုပြီးလိုက်လျောညီထွေဖြစ်မယ့် စည်းမျဉ်း၊ စည်းကမ်းတွေ ထည့်ပေးဖို့လိုတယ်။ ဥပမာ− အခွန်ပိုင်းဆိုင်ရာ၊ အချိုးတူ အကျိုးအမြတ်ခွဲတာမျိုး၊ မျှမျှတတ ပိုပြီးလိုက်လျောညီထွေဖြစ်မယ်ဆိုရင် ပိုကောင်းတယ်။

ပုဂ္ဂလိက နိုင်ငံခြားကုမ္ပဏီတွေ ဝင်ရောက်လာမယ်ဆိုရင် ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ကုန်းတွင်းနဲ့ ကမ်းလွန် နှစ်ခုရှိတဲ့ အတွက် သူတို့က မဝင်ခင်မှာ ကမ်းလွန်ကို သွားချင်တာလား။ ကုန်းတွင်းကို သွားချင်တာလားဆိုတာ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားကို အရင်ဦးဆုံး လေ့လာဖို့လိုမယ်ထင်တယ်။ တကယ်လို့ ဆုံးဖြတ်ပြီးသား၊ လေ့လာပြီးသားဆိုရင်တော့ အစိုးရက အပြည်ပြည်ဆိုင်ရာတင်ဒါ ခေါ်ယူတဲ့ အခါကျရင် ဘယ်လုပ်ကွက်ဆိုတာ တစ်ခါတည်းသိပြီး အဆင်ပြေမယ်။

Q-မြန်မာ့နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပတ်သက်ပြီး သုံးသပ်ပြောချင်တာမျိုး ရှိမလား?

အစိုးရအနေနဲ့ ဝန်ကြီးဌာနတွေ အများကြီးရှိတယ်။ အခုအချိန်မှာ သူတို့ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ ကြိုးစားနေတယ်။ အခုပိုပြီးပူးပေါင်းပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရော၊ အလုပ်သမားဌာနရော ဝန်ကြီးဌာနအကုန်လုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပထမအချက်က ခွင့်ပြုမှုယူတဲ့လုပ်ငန်းစဉ် approval မှာ ချောမွေ့သွားမယ်။ နောက်တစ်ခုက ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားမှုစာချုပ် ချုပ်ဆိုတဲ့ဟာက မြန်မာနိုင်ငံမှာ အစိုးရဘက်က ကိုင်တွယ်နေတဲ့အတွက် approval လုပ်ငန်းစဉ်က ပိုပြီးများတယ်။ အဲဒါလေးသာ နည်းနည်းညှိနှိုင်းပြီး လုပ်မယ်ဆိုရင်၊တချို့စည်းမျဉ်း၊ စည်းကမ်းတွေ ပြင်လိုက်မယ်ဆိုရင်၊ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စာချုပ်က ပိုပြီးရှင်းလင်းသွားမယ်ဆိုရင် လုပ်ရတဲ့အဆင့်တွေလည်း နည်းသွားမယ်။

approval လုပ်ငန်းစဉ်မှာလည်း နည်းသွားပြီး လုပ်ငန်းမြန်မြန်ပိုပြီး ရှေ့ရောက်သွားနိုင်တယ်။ ဒီနိုင်ငံကိုရောက်လာပြီး ပီတီတီအီးပီကို တာဝန်ယူတာ နှစ်နှစ်ရှိပြီ။ အဲဒီအတွင်းမှာ မြင်တာက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံခြားကုမ္ပဏီတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ ပိုပြီးပံ့ပိုးကူညီလာတယ်။ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စာချုပ်အရ အလုပ်လုပ်တဲ့အခါမှာ လိုအပ်တဲ့ လုပ်ငန်းစဉ်အဆင့်တိုင်း သွားရတာဖြစ်တဲ့အတွက် ခွင့်ပြုချက်ကျဖို့အရင်တုန်းက နည်းနည်းစောင့်ရတယ်။ အခုက ပိုမြန်လာတယ်။ ပိုပြီးပံ့ပိုးမှုဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့ဘက်ကို ရောက်လာတယ်။ ဒါလေးက ဆက်ပြီးအမြဲတမ်းဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။

 

Local News Read 514 times