ကမ်းလွန်သဘာဝဓာတ်ငွေ့ စီးပွားဖြစ်ထုတ်ယူနိုင်ကြောင်း ထပ်မံစမ်းသပ်တွေ့ရှိ 


25 September, 2018

မြန်မာ့ကမ်းလွန်လုပ်ကွက် အမှတ် A-6 အတွင်းရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း ၂ မှ သဘာဝဓာတ်ငွေ့ကို စမ်းသပ်တွေ့ရှိမှုသည် အပြုသဘောဆောင်သည့် အကဲဖြတ်မှုအနေဖြင့် ပြင်သစ် စွမ်းအင်ကုမ္ပဏီ တိုတယ်က ကြေညာခဲ့သည်။ ယင်းသည် စီးပွားဖြစ်လုပ်ကိုင်နိုင်စွမ်းအား အတည်ပြုလိုက်သော အဓိကခြေလှမ်းဖြစ်သည်။
တည်ရှိ
*****
အဆိုပါ အကဲဖြတ်တွင်း ရွှေရည်ထွန်း ၂ သည် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိပြီး ယင်းစမ်းသပ်တူးဖော်မှုအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်တူးဖော်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လ ၂၉ ရက်နေ့တွင် ရည်မှန်းအနက် ၄၈၅၀ မီတာ (၁၅,၉၁၂ပေ) အထိ တူးဖော်ခဲ့ရာ အနက် ၄၃၇၃ မီတာခန့်တွင် သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် အသားတင် ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၄၀ မီတာခန့်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ထပ်မံတွေ့ရှိ
********
ရွှေရည်ထွန်း ၂ သည် ယခင်တူးဖော်တွေ့ရှိခဲ့ပြီးသော ဓာတ်ငွေ့လုပ်ကွက်များဖြစ်သည့် ရွှေရည်ထွန်း ၁ (၂၀၁၆ ခုနှစ်တွင်) တွေ့ရှိမှုနှင့် ပြည်သစ် ၁ တွေ့ရှိမှု (၂၀၁၇ ခုနှစ်) တို့နောက်ပိုင်းတွင် ထပ်မံတွေ့ရှိမှုဖြစ်သည်။ လက်ရှိ တူးဖော်တွေ့ရှိရသော ဓာတ်ငွေ့လုပ်ကွက် သယံဇာတရင်းမြစ် အကဲဖြတ်မှုမှာ ဓာတ်ငွေ့ထုထည် ထရီလီယမ်ကုဗပေ ၂ နှင့် ၃ ကြားဟု ခန့်မှန်းထားသည်။

ရောင်းချ
*****
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အချက်အလက်များအရ လက်ရှိထုတ်ယူနေသော တွင်းများဖြစ်သည့် ရတနာတွင် ၆ ဒသမ ၅၊ ရဲတံခွန်တွင် ၄ ဒသမ ၁၊ ရွှေတွင် ၄ ဒသမ ၅၊ ဇောတိကတွင် ၁ ဒသမ ၄ ထရီလီယမ်ကုဗပေ အသီးသီး ထုထည် ရှိကြသည်။ ထုတ်ယူသော ဓာတ်ငွေ့ ပမာဏ စုစုပေါင်း ၂ ဘီလီယံကုဗပေ၏ ၈၀ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေပြီး ပြည်တွင်းဈေးကွက်အတွက် ၂၀ ရာခိုင်နှုန်းသာ ရောင်းချသည်။

“အခု လုပ်ကွက် A6 အသစ်တွေ့ရှိမှုဟာ ဒေသတွင်းဈေးကွက် အမြန်ဖွံ့ဖြိုးလာစေဖို့ ဓာတ်ငွေ့သိုက် တိုးတက်ဖြစ်ထွန်းမှုအတွက် အခရာကျတဲ့ ခြေလှမ်းတရပ် ဖြစ်စ်ပါတယ်။ မြန်မာနိုင်ငံမှာ ရတနာဓာတ်ငွေ့လုပ်ကွက်တုန်းက အတွေ့အကြုံဟာ အဓိက အဖိုးတန်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုတွေနဲ့ ဈေးကွက်ထဲ အရောက်သွားရမှာ ဖြစ်စ်ပါတယ်” ဟု တိုတယ်ကုမ္ပဏီ၊ ရှာဖွေရေးနှင့်ထုတ်လုပ်ရေး အထွေထွေမန်နေဂျာ အာနက်ဘရူလီလက်က ပြောကြောင်း တိုတယ်၏ ထုတ်ပြန်ကြေညာချက်တွင် ရေးထားသည်။

အကျိုးတူပူးပေါင်းဆောင်ရွက်
******************
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် MPRL E&P Pte Ltd. မှ ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte Ltd. မှ ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Co.,Ltd.မှ ၄၀ ရာခိုင်နှုန်း အသီးသီးအချိုးကျပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်သည်။

ကြည့်ရှုစစ်ဆေး
**********

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရွှေရည်ထွန်း ၂ ကို တူးဖော် နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်၍ တွင်းတူးဖော်စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထုတ်ပြန်
******
လက်ရှိတွင် သဘာဝဓာတ်ငွေ့ကို ရှာဖွေရေးတွင်း၊ အကဲဖြတ်တွင်းများ တူးဖော်ခြင်း၊ ရှာဖွေခြင်းဆိုင်ရာ လုပ်ငန်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

သတင်းစာရှင်းလင်းပွဲ
*************
မနက်ဖြန် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အဆိုပါကိစ္စကို နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

irrawaddy

Export, Import Investment/Divestment Local News Read 627 times