စားသုံးသူဈေးဆနှုန်းတွက်ချက်ရာတွင် ကောက်ယူသည့် အစားအစာအုပ်စု၊ အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအပါအဝင် အုပ်စုအားလုံး၏ ဈေးဆနှုန်းများသည် ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ၂၀၁၈ ခုနှစ် ဧပြီလအတွက် ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားချက်များအရသိရပါသည်။
၂၀၁၈ ဧပြီလအတွင်း စားသုံးသူဈေးဆနှုန်း ၁၃၉ ဒသမ ၈၂ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၈၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ ဆက်သွယ်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၊ ပညာရေးအုပ်စု၊ ပြင်ပအစားသောက်များအုပ်စု၊ အထွေထွေကုန်ပစ္စည်းအုပ်စု၊ အစားအစာမဟုတ်သောအုပ်စု စသည်ဖြင့် အုပ်စုများအသီးသီးခွဲကာ ကောက်ခံခဲ့ခြင်းဖြစ်သည်။
အစားအစာအုပ်စုဈေးဆနှုန်းသည် ဧပြီလတွင် ၁၅၁ ဒသမ ၅၇ ရှိပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၈၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ဈေးဆနှုန်းမှာ ဧပြီလတွင် ၁၄၇ ဒသမ ၃၇ ဖြစ်ပြီး ယခင်နှစ်ကာလတူထက် ၁၃ ဒသမ ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
အဝတ်အထည်ဈေးနှုန်းမှာလည်း ဧပြီလတွင် ၁၁၉ ဒသမ ၂၈ ရှိပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၀၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ဈေးနှုန်းမှာလည်း ဧပြီလတွင် ၁၄၆ ဒသမ ၁၈ ရှိပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ဈေးနှုန်းမှာ ဧပြီလတွင် ၁၁၇ ဒသမ ၆၉ ရှိကာ ယခင်နှစ်ကာလတူထက် ၃ ဒသမ ၃၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကျန်းမာရေးအုပ်စုတွင်ဈေးနှုန်းမှာ ၁၃၉ ဒသမ ၂၄ ရှိပြီး ယခင်နှစ်ကာလတူထက် ၅ ဒသမ ၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။
သယ်ယူပို့ဆောင်ရေးအုပ်စုဈေးနှုန်းမှာ ဧပြီလတွင် ၁၀၄ ဒသမ ၆၈ ရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၉၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဆက်သွယ်ရေးအုပ်စုဈေးနှုန်းမှာ ဧပြီလတွင် ၁၀၂ ဒသမ ၅၅ ရှိကာ ယခင်နှစ်ကာလတူထက် ဈေးနှုန်း ၉ ဒသမ ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုဈေးနှုန်းမှာ ဧပြီလတွင် ၁၀၆ ဒသမ ၄၃ ရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပညာရေးအုပ်စုဈေးနှုန်းမှာမှာလည်း ယခင်နှစ်ကာလတူထက် ၂ ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ပြင်ပအစားအသောက်အုပ်စုဈေးနှုန်းမှာ ယခင်နှစ်ထက် ၁၀ ဒသမ ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အထွေထွေကုန်ပစ္စည်းအုပ်စုဈေးနှုန်းမှာလည်း ယခင်နှစ်ကာလတူထက် ၃ ဒသမ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ အစားအစာမဟုတ်သောအုပ်စုဈေးနှုန်းမှာ ယခင်နှစ်ကာလတူထက် ၆ ဒသမ ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါသည်။
Daily Eleven