တရုတ်သို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ ဆန်စပါးအသင်းချုပ်ထံ စာရင်းပေးသွင်းနိုင်


22 April, 2019


လာမယ့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် တရုတ်နိုင်ငံကို ဆန်တင်ပို့ရောင်းချလိုတဲ့ Exporter ကုမ္ပဏီများကို စစ်ဆေးမှုများဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးတင်ပို့ရောင်းချလိုတဲ့ ကုမ္ပဏီများအနေနဲ့ အသင်းချုပ် Facebook Page မှာဖော်ပြထားတဲ့ Form ကို ဖြည့်စွက်ကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံး အီးမေးလ် [email protected] နှင့် [email protected] ၊ Fax No 01- 218266 တို့ထံ  ပေးပို့ရမှာဖြစ်ပါတယ်။


တရုတ်နှင့် မြန်မာနိုင်ငံအကြား ၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ တရုတ်နိုင်ငံကို တင်ပို့ရောင်းချလိုတဲ့ ကုမ္ပဏီများဟာ ပိုးမွှားကင်းရှင်းရေး၊ သိုလှောင်ရုံပိုးမွှားများ ထိန်းချုပ်မှု၊ သိုလှောင်သန့်စင်ကြိတ်ခွဲရာတွင် လိုက်နာရမယ့် အရည်အသွေး စီမံခန့်ခွဲမှုများကို သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပြောပါတယ်။


စည်းကမ်းများလိုက်နာဆောင်ရွက်တဲ့ ကုမ္ပဏီတွေကို နှစ်စဉ်စစ်ဆေးရွေးချယ်ပြီး မြန်မာဘက်မှ ရွေးချယ်ထားတဲ့ Exporter စာရင်းကို တရုတ်ဘက်သို့ ပေးပို့ရမှာဖြစ်ကာ ဝယ်ယူတဲ့သူများကလည်း ရွေးချယ်ပေးပို့ထားတဲ့ စာရင်းမှာပါဝင်တဲ့ Exporter များထံမှ ဝယ်ယူတဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။


ယခုအခါ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် Exporter စာရင်းပြုစုကာ ဆန်စပါးအသင်းချုပ်မှ စိုက်ပျိုးရေးဦးစီးဌာနကို ပေးပို့ပြီး ယင်းဦးစီးဌာနမှတစ်ဆင့် တရုတ်အစိုးရထံ ဆက်လက်ပေးပို့မှာဖြစ်ပါတယ်။ ရွေးချယ်စိစစ်ပေးပို့ရာတွင် ပါဝင်လိုတဲ့ကုမ္ပဏီများဟာ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်မာျးနဲ့ ကိုက်ညီဖို့ လိုအပ်ကြောင်း အသင်းချုပ်မှ ပြောပါတယ်။


ကိုက်ညီမှုရှိ၊ မရှိကို အသင်းချုပ်အနေနဲ့ စစ်ဆေးမှာမဟုတ်ဘဲ တတိယအဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) ကိုတာဝန်ပေး စစ်ဆေးရွေးချယ်သွားဖို့ ညှိနှိုင်းထားပါတယ်။


တတိယအဖွဲ့အစည်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီး တရုတ်နိုင်ငံဘက်သို့ ကုမ္ပဏီစာရင်း ပေးပို့ခြင်းအတွက် ဆုံးဖြတ်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ညှိနှိုင်းရွေးချယ်သွားဖို့ စီစဉ်လျက်ရှိပါတယ်။


ပထမအကြိမ်ပေးပို့စဉ်က ကုမ္ပဏီ ၉ ခု၊ ဒုတိယအကြိမ်တွင် ကုမ္ပဏီ ၂၀ ခု၊ တတိယအကြိမ်တွင် ကုမ္ပဏီ ၇ ခု၊ စုစုပေါင်း ၃၆ ခု ပေးပို့ထားကာ ယင်းကုမ္ပဏီ ၃၆ ခုဟာ သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့အတွက် တင်ပို့လိုပါက ထပ်မံလျှောက်ထားကာ စစ်ဆေးခံဖို့လိုအပ်ကြောင်း အသင်းချုပ်မှ ပြောပါတယ်။

The Voice

Export, Import Read 1084 times