EU ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားကျရောက်မည်ကို စိုးရိမ်


10 October, 2018

မကြာမီက ကုလသမဂ္ဂအစီရင်ခံစာတစ်ခုတွင် ရခိုင်ပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

စွပ်စွဲမှု
****
လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာပိတ်ဆို့မှုများ ပြဋ္ဌာန်းမည်၊ မပြဋ္ဌာန်းမည်ကို လေ့လာရန် ဥရောပသမဂ္ဂ(EU)က အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဟုအီးယူကုန်သွယ်ရေး အကြီးအကဲ စီစီလီယာမယ်လ်စထရွမ်းကပြောကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

‘‘ဒီရလဒ်ကို ကျွန်မတို့ချန် ထားလို့မရဘူး။ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကို ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေလို့ဖြစ်တယ်’’ ဟု ဩစတြီးယားနိုင်ငံ အင့်စ်ဘရပ်ခ်မြို့၌ အောက်တိုဘာ ၅ ရက်က ကျင်းပသည့်ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီးတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။

အရေးယူခြင်း
********
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် မစ္စတာ Kristian Schmidt မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သတ်ပြီး အပြစ်ရှိသည်ဟု ယူဆရသူများကို တဦးချင်းစီ ပစ်မှတ်ထားပြီး ခရီးသွားလာခွင့် ပိတ်ပင်ခြင်းမျိုး၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခြင်းမျိုးများ လုပ်ဆောင်မည်ဟု အင်တာဗျူးတွင် ပြောခဲ့ပါသည်။ ထို့ပြင် အီးယူသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ယူရိုငွေသန်း ၂၂၀ ကို ထောက်ပံ့နေသည်ဟု အီးယူသံအမတ် က ပြောခဲ့ပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်း ဆက်သွယ်လုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်းမှာ ပိတ်ဆို့အရေးယူမှုများ ရှိလာလျှင် စစ်အစိုးရ လက်ထက်က အမေရိကန်စီးပွားရေးပိတ်ဆို့သည့် ပုံစံမျိုး ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ဥရောပ သမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံများက စဉ်းစားနေကြသော်လည်း ထိုကဲ့သို့အရေးယူ ပိတ်ဆို့ခဲ့ပါက EU နှင့် အများဆုံးဆက်သွယ်လုပ်ကိုင်နေသော အထည်ချုပ်လုပ်ငန်းများက ထောင်သောင်းချီသော အလုပ်သမားများသည် အလုပ်လက်မဲ့ ဖြစ်လာလိမ့်မည်ဟု ဥရောပသမဂ္ဂ၏ အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ရခိုင်ပြည်နယ်အရေးကိုင်တွယ်ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့် ပြတ်သားသောဆောင်ရွက်ချက်များထွက်ပေါ်စေရန် မျှော်လင့်သောကြောင့် မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့မှုပြုလုပ် မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားသည်။

ကုန်သွယ်မှုအထူးအခွင့်အရေး (GSP)
**********************
မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အသိအမှတ် ပြုသောအားဖြင့် ဥရောပဈေး ကွက်သို့ မြန်မာနိုင်ငံကိုအပြည့်အဝလွတ်လပ်စွာဝင်ရောက်ခွင့်ပြု၍ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP)ခွင့်ပြုပေးထားသည်။

‘‘မြန်မာနိုင်ငံအနေနဲ့ လက်ရှိရရှိထားတဲ့ GSP ခံစားခွင့်တွေကို ပေါ့ပေါ့တန်တန်အလွယ်တကူ ရထားတယ်လို့ မထင်မှတ်ဖို့လို ပါတယ်။ ရခိုင်အရေးကိုင်တွယ်ရာမှာ အပြုသဘောဆောင်တဲ့၊ ပြတ်သားတဲ့ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာစေဖို့လည်း ကျွန်ုပ် တို့မျှော်လင့်လျက်ရှိပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအပေါ် ဘယ်လိုစီးပွားရေးပိတ်ဆို့မှုများကိုချမှတ်ဖို့ အီးယူက ဆုံးဖြတ်ခြင်းမရှိပါဘူး’’ ဟု ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောကြား သည်။

သတိပေး
******
မြန်မာနိုင်ငံက ထိုအခွင့်အရေးကို အပြည့်အဝအသုံးချကာ ဥရောပနှင့် ကုန်သွယ်ရာတွင် သွင်းကုန်ထက် ပို့ကုန်ပိုမိုတင်ပို့ ကုန်သွယ်နေသည်ဟု ဥရောပ သမဂ္ဂကိုယ်စားလှယ်က ဆက်ပြောသည်။ သို့သော် ထိုအခွင့်အရေးသည် အခြေခံလူသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို လေးစားလိုက်နာခြင်းနှင့် ဆက်စပ်နေသည်ဟု ၎င်းက သတိပေးသည်။

မြန်မာနိုင်ငံကိုပေးထားသော ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ဥရောပသမဂ္ဂ (အီးယူ) ဘက်က ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလားဆိုခြင်းကို ဆန်းသစ်လေ့လာရန် EU ၏ အချက်အလက်ရှာဖွေရေးအဖွဲ့တခု စေလွှတ်မည့်အကြောင်း အီးယူကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲက ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုထားပါသည်။

အခွန်ကင်းလွတ်ခွင့်
************
မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်နက်ကလွဲပြီး ကျန်ကုန်ပစ္စည်းများအားလုံးကို အခွန်ကင်းလွှတ်ခွင့်ပေးထားသော ကုန်သွယ်ခွင့် အခွင့်အရေးအပေါ်မှာ ပြန်လည်ရုပ်သိမ်းမလား၊ မရုပ်သိမ်းဘူးလား ထိုအဖွဲ့ကဆန်းစစ်မည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖေါက်မှုများကို အခြေခံပြီး အီးယူဘက်က ယခုလို အရေးယူရန် စဉ်းစားလာခြင်းဖြစ်ပါသည်။

လုပ်ငန်းရှင်များ၏ ပြောကြားချက်
********************
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ တကယ်၍ အီးယူဘက်က အရေးယူခြင်းများ လုပ်လာခဲ့မည်ဆိုလျှင် အထည်ချုပ်ကဏ္ဍ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမည်ကို စိုးရိမ်သည့်အကြောင်း ပြောဆိုပါသည်။

"ဥရောပဈေးကွက်ကိုတော့ Made In Myanmar က ၇၀ ရာခိုင်နှုန်းလောက် သူတို့ဆီကို သွားနေတယ်။ အခုလောလောဆယ်မှာ အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အားက ငါးသိန်းကျော်လောက်ရှိတယ်။ အဲတော့ အကယ်၍သူတို့ဘက်က အခွန်သက်သာခွင့်ကို ပြန်ရုပ်သိမ်းသွားမယ်ဆိုရင်တော့ အဲဒီဈေးကွက်က လျော့သွားနိုင်တယ်။ ပျောက်သွားနိုင်တယ်၊ အဲလို ဆိုရင် ခုဏက လုပ်သားအင်အား ငါးသိန်းကျော် ရှိတဲ့အထဲက ၇၀ ရာခိုင်နှုန်းနဲ့တွက်ရင် လူသုံးသိန်းကျော်လောက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းကို ခြိမ်းခြောက်ခံရနိုင်တာပေါ့။ ပို့တဲ့အခါ ကျနော်တို့က အင်္ကျ ီတန်ဖိုးတွေပဲပြောတာ။ တကယ်တမ်းကျ မြန်မာပြည်က အင်္ကျ ီတန်ဖိုးကို ရတာမဟုတ်ဘူး၊ ချုပ်ခပဲရတာ၊ အဲတော့ စုစုပေါင်း ပြီးခဲ့တဲ့နှစ်က ပို့ခဲ့တာဆိုရင် ဒေါ်လာဘီလျံနဲ့ချီပြီး ဥရောပကို ပို့ခဲ့တယ်ပေါ့နော်။ အဓိက ကျနော်တို့ ပြောချင်တာက ကုန်သွယ်မှု ပမာဏထက် အထည်ချုပ်မှာ အလုပ်ကိုင်အခွင့်အလမ်းဆိုတာက အဓိက ကျပါတယ်။ ဒီဈေးကွက်ပျောက်သွားရင် အလုပ်အကိုင်အခွင့်အလမ်းဘယ်လို ဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုပဲ အဓိက ထားပြောကြတာပါ"

မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးက အီးယူဘက်က အရေးယူပိတ်ဆို့ခြင်းများ လုပ်လာခဲ့လျှင် ငါးလုပ်ငန်းအပေါ် ကြီးမားသော ထိခိုက်မှုများ မရှိနိုင်ပါဟု သုံးသပ်ပါသည်။ ဈေးကွက်အသစ်များကို ရှာဖွေရခြင်းမျိုးများ ရင်ဆိုင်ရနိုင်သည်ဟု ဆိုပါသည်။

"လွန်ခဲ့တဲ့ ၂၀၁၅ မတိုင်ခင်ကလည်း EU ရဲ့ Sanction ကို ကျနော်တို့ ကြုံခဲ့ဘူးပါတယ်။ တကယ်လို့ ပိတ်တယ်ဆိုရင်တော့ ဘာတတ်နိုင်မလဲ၊ သူပိတ်တာပေါ့ဗျာ။ ကျနော်တို့ကတော့ မပိတ်စေချင်ဘူးပေါ့ဗျာ။ Trade နဲ့ ပတ်သက်လို့ ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်။ ကျနော်တို့ဘက်ကလည်း ပို့သလောက် အကျိုးစခံစားခွင့်ကိုလည်း ကျနော်တို့က ရချင်တယ်။ သို့သော် မလွဲသာ မရှောင်သာ ပိတ်မယ်၊ EU ဘက်က ပိတ်ဆို့မယ်ဆိုရင် Alternative Market ပေါ့ဗျာ၊ ရှာရမှာပါ၊ တခြားလာမယ့် တရုတ်တို့၊ တရုတ်ကလည်း နီးပါတယ်။ တရုတ်တို့ ဟောင်ကောင်တို့ စသည်ဖြင့်ပေါ့နော်၊ နောက် အမေရိကား US Market အဲဒီဘက်ကို ကျနော်တို့ လှမ်းရမှာပါ။"

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက တကယ်၍ အီးယူဘက်က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရမည်ဆိုလျှင် ၎င်းတို့ဘက်က ဆွေးနွေးမည့် အကြောင်းအရာများကို ယခုလို ပြောပါသည်။

"ကျနော်တို့က ရခိုင်မြောက်အခြေအနေကို ရောက်လည်း မရောက်ဘူး၊ သိလည်း မသိဘူးပေါ့၊ အဲတော့ ကျနော်တို့က ကိုသိတဲ့ Sector မှာ ကျနော်တို့ ဒီ EU က အဖွဲ့အစည်းတွေနဲ့ အများကြီးပူးပေါင်းပြီး လုပ်နေပါတယ်။ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေနဲ့ ILO လို၊ နောက် ဥရောပကော်မရှင်က ငွေကြေးထောက်ပံ့ကူညီထားတဲ့ Smart Myanmar တို့လို၊ ဂျာမနီအစိုးရက ထောက်ပံ့ပေးထားတဲ့ AVE တို့လို၊ နယ်သာလန်အစိုးရက ထောက်ပံ့ထားတဲ့ CDI တို့နဲ့ ကျနော်တို့ ပူးပါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလို ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ရလဒ်အားလုံးကို သူတို့ သိရှိပြီးသားဖြစ်ပါတယ်။ နောက် ဒုတိယ တချက်က ကျနော်တို့ အထည်ချုပ် Sector မှာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရနေတယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲအညီ လုပ်နေတယ်ဆိုတာတွေကို သူတို့ သိပြီးသားကိစ္စတွေကို တင်ပြဆွေးနွေးသွားပါ့မယ်။ တွေ့ခွင့်ရခဲ့ရင်...."

Export, Import Investment/Divestment Read 3668 times