မြန်မာ့ပဲဈေးကွက်ချဲ့ထွင်နိုင်ရန် တရုတ်နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်


11 February, 2019

မြန်မာ့ပဲဈေးကွက်ချဲထွင်နိုင်ရန် တရုတ်နိုင်ငံအရှေ့ဘက်နှင့် မြောက်ဘက်ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက  ပြောခဲ့ပါတယ်။

 ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ပြုလုပ်သည့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းနှင့် Oversea Agro Traders Association (OATA)တို့ ပူးပေါင်းကျင်းပသည့် World Pulses Day 2019 အခမ်းအနားအပြီး၌ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်ဈေးကွက်
"အခုနောက်ပိုင်းတော့ တရုတ်နယ်စပ် ကုန်သွယ်ရေးရဲ့ ပဲဝယ်ယူမှုတွေကို လေ့လာတဲ့အခါမှာ တရုတ်ဘက်ကဝယ်တဲ့ ပဲတွေက ထောပတ်ပဲနဲ့ စားတော်ပဲ ဆိုတာတွေ့လာတယ်။ ကျွန်တော်တို့ အရင်တုန်းက ဈေးကွက်ကို ယူနန်ဘက်ကိုပဲရှာခဲ့တယ်။ အခုနောက်ပိုင်းကတော့ ယူနန်အလွန်ပေါ့။ တရုတ်နိုင်ငံအရှေ့ဘက်က ပြည်နယ်တွေ၊ မြောက်ဘက်ကပြည်နယ်တွေ စသည်ဖြင့် အဲဒီလိုပြည်နယ်တွေနဲ့လည်း ကျွန်တော်တို့ချိတ်ဆက်ဖို့လုပ်နေပါပြီ။ တခြားဈေးကွက်တွေကိုလည်း ထပ်ပြီးတော့ရှာရဦးမှာပါ"ဟု ဒုဝန်ကြီးက ပြောပါတယ်။

တိုးမြှင့်ဝယ်ယူလာ
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပဲတီစိမ်း၊ မြေပဲ၊ ပဲလွမ်းဖြူ၊ ပဲကြီး စသည့်ပဲအမျိုးမျိုးတို့ကို ပုံမှန်တစ်နှစ်လျှင် တန်ချိန် တစ်သိန်းနီးပါးခန့် ဝယ်ယူလျက်ရှိပြီး ပဲတီစိမ်းနှင့် ပဲထောပတ်တို့ကို အဓိကအားထားဝယ်ယူလျက်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်အနည်းငယ်မှစတင်ကာ ပဲပင်ပေါက်ဖောက်သည့် မတ်ပဲ SQ များကိုလည်း တဖြည်းဖြည်းတိုးမြှင့်ဝယ်ယူလာကြောင်း သိရပါတယ်။

အပြစ်မြင်
"တရုတ်ဘက်က အဝယ်လိုက်တဲ့ပဲမျိုးကို ပြောင်းလဲစိုက်ပျိုးဖို့၊ မကြာမီ ပဲနဲ့ပတ်သက်တဲ့ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပဖို့ရှိပါတယ်။ ကျွန်တော်တို့ ဘာကိုစိုက်မလဲပေါ့။ မနှစ်ကလည်း မတ်ပဲမစိုက်ကြပါနဲ့လို့ပြောပေမယ့် မတ်ပဲက ဈေးတက်လာတဲ့အခါမှာ တောင်သူတွေက ကျွန်တော်တို့ရဲ့အကြံပေးမှု အပေါ်မှာ အပြစ်မြင်တာတွေလည်းရှိတယ်"ဟု  ဆက်လက်ပြောဆိုပါတယ်။

ပြောင်းလဲစိုက်ပျိုးရန်
လက်ရှိတွင် ပဲတီစိမ်းမှာတစ်ကမ္ဘာလုံးသို့ ရောင်းချနိုင်သော်လည်း တရုတ်နိုင်ငံဘက်က ပဲထောပတ်ကိုသာ ပိုမိုဝယ်ယူလာသည့်အတွက် ပဲလုပ်ငန်းအဖွဲ့အနေဖြင့်  ပြန်လည်သုံးသပ်ပြီး စိုက်ပျိုးသည့် ပဲအမျိုးအစား ပြောင်းလဲရန်ရှိကြောင်း  ပြောပါတယ်။


 

Export, Import Read 523 times