စားသုံးသူ အကာအကွယ်ပေးရေးဥပဒေက စီးပွားရေးလုပ်ငန်းရှင်များအတွက်ပါအကျိုးရနိုင်


09 July, 2018

၂၀၁၄ ခုနှစ် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များအပေါ်တွင် သုံးစွဲပုံနှင့် ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြ၍ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားရန် အမိန့်ကြော်ငြာသွားမည် ဖြစ်ပါသည်။

အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်မြောက်သည့်နေ့မှစပြီး အာဏာသက်ရောက်မည်ဖြစ်၍ လိုက်နာခြင်းမရှိပါက စားသုံးသူ အကာအကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်သိရှိ ပြင်ဆင်ဆောင်ရွက်ထားနိုင်ကြပါရန် အသိပေးအပ်ပါသည်။

စားသုံးသူကာကွယ်ရေးဆိုတာ ရောင်းသူဝယ်သူ ဆက်ဆံရေးအပေါ် အခြေခံပြီး ပေါ်လာခဲ့တာဖြစ်ပြီး ရောင်းသူ၊ဝယ်သူကြားမှာ နှစ်ဦးသဘောတူညီချက်အရ ဖြစ်လာပေမယ့် နှစ်ဦးနှစ်ဖက် တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခဲ့ရင် စားသုံးသူဘက်မှာ အကာအကွယ်ရှိဖို့ လိုအပ်သလို ရောင်းချသူဘက်ကလည်း ထုချေပိုင်ခွင့်တော့ ရှိရမည်ဖြစ်သည်။

သို့သော်လည်း စားသုံးသူ ဆိုတဲ့ အဓိပ္ပာယ်ကိုက အစားအသောက်တခုတည်းနဲ့ ဆိုင်သလို ထင်မြင်စရာဖြစ်နေခြင်းဖြစ်ပါတယ်။

မကြာမီက ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းမှာတော့ “စားသုံးသူ ကာကွယ်ရေး” ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုသည်ဟု ပြန်လည်ရှင်းပြထားပါသည်။

ဝန်ဆောင်မှုဆိုရာမှာ အဓိကကတော့ ကျန်းမာရေးကဏ္ဍ ၊ ပညာရေးကဏ္ဍတို့လည်း ပါဝင်၍ ကျန်းမာရေးကဏ္ဍမှာဆိုရင် ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးတာကအစ ဆေးရုံ၊ ဆေးခန်းအဆုံး အားလုံး ပတ်သက်နေတော့ အလွန်ကျယ်ဝန်းပါတယ်။

ဆရာဝန်ရဲ့ မှားယွင်းချက်ကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်လာတဲ့ ကိစ္စရပ်မျိုးတွေ၊ ဆေးမှားပေးတာ၊ ကုသချက် ချွတ်ယွင်းမှုကြောင့် နစ်နာရတာတွေ၊ ဒါ့အပြင် ဖြစ်နေတဲ့ရောဂါက တခု စစ်ဆေးချက်အရဆိုပြီး အခြားရောဂါကို ပြောပြီး ငွေကြေးအများကြီးယူ ကုသတာတွေ စတာတွေလည်း ပါဝင်တယ်။

ပြည်သူလူထုက အစားအသောက်နဲ့ ပတ်သက်တာတွေကို စားသုံးသူ ကာကွယ်ရေးအဖွဲ့တွေက ဆောင်ရွက်ပေးနေတယ်လို့ သိပေမယ့် ဝန်ဆောင်မှုနဲ့ ပတ်သက်တာတွေကိုတော့ တိုင်ကြားရမှန်း မသိသေးပါဘူး။

အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနဲ့ ကြော်ငြာရေးကဏ္ဍတွေမှာ တိုင်ကြားရကောင်းမှန်း မသိသလို ဘယ်ကစပြီး ကိုင်တွယ်ဖြေရှင်းရမှန်း မသိတာတွေက အများကြီးပဲ။ ဒီတော့ မရိုးသားသူတွေက ဒီလိုမျိုး ပြစ်မှုတွေကို လက်တလုံးခြား ကျူးလွန်နေတာတွေကိုလည်း မြင်တွေ့နေရတယ်။

အစိုးရမဟုတ်သော စားသုံးသူအကာအကွယ်ရေး ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက အားပေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောပြခဲ့ပါသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီကို ၂၀၁၄ ခုနှစ် ဇွန် ၄ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၄ ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီက ဆောင်ရွက်မည့် လုပ်ငန်းတာဝန်တွေကတော့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

စားသုံးသူအကာအကွယ်ပေးရေး ဥပဒေသည် စားသုံးသူများ၏ အခွင့်အရေးကိုသာမက စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း အကျိုးရှိကြောင်းသိရပါသည်။

စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးများမှာအောက်ပါအတိုင်းဖြစ်သည်-

(၁) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အေရာင်းအဝယ်ပြုလုပ်ရာတွင် သဘောတူညီချက်များ၊ တန်ဖိုးများနှင့်အညီ ငွေပေးချေမှု လက်ခံရယူခြင်း၊

(၂) စားသုံးသူအငြင်းပွားမှုတွင် ဥပေဒအရ ကာကွယ်ခုခံချေပခွင့်ရရှိခြင်း၊

(၃) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် မိမိ၏ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကြောင့်မဟုတ်ပါက နာမည်ကောင်းပြန်လည်ရရှိရေး ဆောင်ရွက်နိုင်ခြင်း၊

(၄) စားသုံးသူ၏ ဆုံးရှုံးနစ်နာမှုသည် ၎င်းဝယ်ယူသော ကုန်စည် သို့မဟုတ် ဝန်ဆာင်မှုကြောင့် မဟုတ်ကြောင်း ဥပေဒနှင့်အညီသက်သေပြနိုင်ပါက နာမည်ကောင်းကို ပြန်လည်ရရှိနိုင်ခြင်း စသည်တို့ဖြစ်ကြပါသည်။

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ၂၀၁၄ ကို အောက်ပါ Link မှာ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

http://bit.ly/ConsumerProtectionLaw2014

MOI

Laws and Regulations Read 941 times