ကွန်တိန်နာများ စံချိန်တင် ထုတ်လုပ်နေသော်လည်း လိုအပ်ချက်ကို မပြည့်မီနိုင်


16 September, 2021

ကွန်တိန်နာ ထုတ်လုပ်သူများက စံချိန်တင် အရေအတွက်ဖြင့် ကွန်တိန်နာများ တိုးမြှင့် ထုတ်လုပ်ပေးလျက် ရှိသော်လည်း ပစ္စည်းပေးသွင်းမှု ကွင်းဆက်မှာ ကွန်တိန်နာ မရလို့ ပြတ်တော်နေတဲ့ အကျပ်အတည်း ပြေပျောက်သွားခြင်း မရှိသေးချေ။

ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး စီးဆင်းမှုများတွင် ပုလင်းလည်ပင်းကျပ် တစ်ဆို့နေစေသည့် လုပ်ထုံးလုပ်နည်းများ ကျင့်သုံးနေခြင်းကြောင့် အကျပ်အတည်း ဆက်ရှိစေပြီး ကုန်စည်ပို့ဆောင်ရေးကိုယ်စားလှယ် shippers များ အခက်တွေ့နေကြဆဲ ဖြစ်သည်။ ထိုအခက်အခဲ၏ ဆိုးကျိုးဒဏ်ကို ခံရသည်မှာ ပို့ကုန်လုပ်ငန်းများဖြစ်ပြီး တစ်နွယ်ငင် တစ်စင်ပါက ပို့ကုန်ထုတ်လုပ်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) များသာမက သွင်းကုန်ကို အားထားပြီး လုပ်ကိုင်ရသော SME များလည်း ထိခိုက်ကြသည်။ 

တရုတ်နိုင်ငံမှ ကွန်တိန်နာထုတ်လုပ်ရေး စက်မှုလုပ်ငန်းများသည် ရေကြောင်းသုံး ကွန်တိန်နာများကို  shipper တို့၏ အမှာစာများကို အချိန်မီ ပြီးစီးရန် ပမာဏ တိုးမြှင့် ထုတ်လုပ်လျက် ရှိသည်။ ကမ္ဘာတစ်လွှား ကွန်တိန်နာ ပြတ်လပ်မှုကို ကုစားရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်သော်လည်း ထိရောက်မှု မရှိသေးချေ။

ကွန်တိန်နာများ အရေအတွက် တိုးမြှင့်မှာယူခြင်း ထုတ်လုပ်ခြင်းများသည် ပင်လယ်ရေကြောင်း အထူးသဖြင့် သမုဒ္ဒရာဖြတ်သန်း ပို့ဆောင်သည့် ရေကြောင်းခရီးစဉ်များတွင် ဆိပ်ကမ်းများမှာ ကြန့်ကြာမှုများ ဆက်ရှိနေသရွေ့ ကွန်တိန်နာ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ဦးမည် မဟုတ်ဟု ဆိုကြသည်။ 

ဆက်စပ်ဖတ်ရှုရန် ပုံကို ထိပါ
ကမ္ဘာ့ကွန်တိန်နာ ထုတ်လုပ်မှုကို အဘယ်ကြောင့် တရုတ်ကုမ္ပဏီ သုံးခု ကြီးစိုးထားနိုင်တာလဲ


ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းကြီးများ ဖြစ်သော China International Marine Containers (CIMC), Dongfang International Container နှင့် CXIC Group တို့သည် အမှာစာများကို ဖြည့်ဆည်းနိုင်ရန် ထုတ်လုပ်မှု ပမာဏများ တိုးမြှင့်ထားကြပြီး အလုပ်လုပ်ချိန်ကိုလည်း တိုးမြှင့်ထားသည်။ 

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာအငှားလုပ်ငန်းကြီး Triton International မှာ အမှုဆောင်အရာရှိချုပ် Brian Sondey က ကွန်တိန်နာ အလွတ်များသည် မလိုအပ်သည့် နေရာများတွင် စုပုံနေခြင်းကြောင့် နေရာအမှားများတွင် ရောက်နေသည့် ပြဿနာ ကြီးမားနေသည်ဟု ဆိုသည်။ ဆိပ်ကမ်းများတွင် ကြန့်ကြာခြင်းကြောင့်လည်း ကွန်တိန်နာများ အပတ်လည်ရန် ပိုကြာနေစေသည်ဟု ဆိုသည်။ 

ရေကြောင်းအတိုင်ပင်ခံလုပ်ငန်း Drewry မှ ဆန်းစစ်သူ John Fossey က ကမ္ဘာတစ်လွှား လည်ပတ်သုံးစွဲနေသော ကွန်တိန်နာ အရေအတွက် ပမာဏသည် ကုန်သွယ်မှု ပမာဏအတွက် လုံလုံလောက်လောက် ရှိနေသည်။ ကြန့်ကြာနေသည်များကို ပြေပျောက်အောင် ဖြေရှင်းရန်နှင့် ကွန်တိန်နာအလွတ်များကို လိုသည့်နေရာဆီသို့ ပို့ဆောင်ပေးရန် တို့ဖြင့်သာ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သုံးသပ်သည်။ 
“ဒီဟာက စက်မှုကုန်ထုတ်လုပ်မှု ပြဿနာ မဟုတ်ဘူး။ ထောက်ပံ့ပို့ဆောင်ရေး logistics ကိစ္စရပ် ဖြစ်ပါတယ်” ဟု သူက ပြောသည်။ 

ကွန်တိန်နာ သင်္ဘောလိုင်း Hapag-Lloyd က ခန့်မှန်းသည်မှာရေကြောင်းပို့ဆောင်ရေးတွင် သုံးစွဲနေသည့် ကွန်တိန်နာ အရေအတွက်သည် အကျပ်အတည်း မပေါ်ခင်ကထက် ယခုအခါ ၂၀ ရာခိုင်နှုန်းဝန်းကျင် ပိုများနေပြီဟု ဆိုသည်။ 
ယခုအခါတွင် ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေးတွင် အဝတ်အထည်အစ ဖုန်းအလယ် စက်ဘီးအဆုံး ပို့ဆောင်သမျှတို့သည် လိုရာခရီးဆုံးဆိပ်ကမ်းသို့ နှောင့်နှေးနောက်ကျပြီးမှသာ ရောက်ဖို့ ဖြစ်နေသည်။ ကွန်တိန်နာအသစ်များ ပိုများများ ထုတ်လုပ်ခြင်းနှင့် မသက်ဆိုင်ပါဟု သုံးသပ်သည်။ 

ကွန်တိန်နာထုတ်လုပ်ရေး စက်မှုလုပ်ငန်းတွင် ဦးဆောင်နေသော တရုတ်ကွန်တိန်နာထုတ်လုပ်ရေး လုပ်ငန်းသုံးခုတို့သည် ကမ္ဘာ့ကွန်တိန်နာ ထုတ်လုပ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်ကြသည်။ ယခုအခါ ယခုနှစ်အတွင်း ကွန်တိန်နာ ပေ ၂၀ ကွန်တိန်နာတစ်လုံးနှင့် ညီမျှသော ပမာဏ  twenty-foot equivalent units (TEUs) အရ ၅.၂ သန်း စံချိန်သစ်တင် ထုတ်လုပ်ထားပြီးပြီ ဖြစ်သည်။ ယခင်နှစ် တစ်နှစ်ပတ်လုံးထုတ်လုပ်သည့် ပမာဏထက် သုံးပုံနှစ်ပုံနီးပါး ပိုများနေပြီ ဖြစ်သည်ဟု Drewry ၏ အချက်အလက်များတွင် ဖော်ပြနေသည်။ 

Fossey က “တစ်နှစ် မပြည့်ခင်မှာ ကွန်တိန်နာ ပမာဏ ၅ သန်း TEU ထုတ်လုပ်တာ အရင်က မရှိခဲ့ဖူးဘူး” ဟု မှတ်ချက်ပြုသည်။ 


ကွန်တိန်နာ ထုတ်လုပ်ရေး စက်မှုလုပ်ငန်းများတွင် အကြီးမားဆုံးဖြစ်သော ရှန်ကျန်အခြေစိုက် CIMC သည် တရုတ်အစိုးရ၏ တိုက်တွန်းမှုကြောင့်နှင့် အမှာစာများ ပိုများနေခြင်းတို့ကြောင့် ထုတ်လုပ်မှုမြှင့်တင်ခဲ့သည်။ ကုန်ခြောက်ကွန်တိန်နာ ၁.၁၅ သန်းကို ယခုနှစ် ပထမနှစ်ဝက်အတွင်း ထုတ်လုပ်ရောင်းချပေးခဲ့ပြီးပြီ ဖြစ်သည်.
ယခင်နှစ် ပထမနှစ်ဝက်ထက် သုံးဆ ပိုများသော ပမာဏ ဖြစ်သည်။ အသားတင်အမြတ်လည်း ခုန်တက်သွားသည်မှာ ယခင်နှစ် ပထမနှစ်ဝက်တွင် ယွမ် ၂၃၉ သန်း (ကန်ဒေါ်လာ ၃၇ သန်း) ရရှိခဲ့ပြီး ယခုနှစ် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၄.၄ ဘီလျံ (ကန်ဒေါ်လာ သန်း ၆၈၀) ရရှိခဲ့သည်။ 

ထုတ်လုပ်မှု ပမာဏ ပိုများလာသော်လည်း ဈေးကွက်ထဲတွင်  ကွန်တိန်နာပေါက်ဈေး ကျဆင်းခြင်း မရှိချေ။ ဝယ်လိုအား မြင့်တက်မှုက အတက်ကြမ်းသဖြင့် ပေါက်ဈေး နှစ်ဆကျော် တက်သည်။ ပေ ၂၀ တစ်လုံးကို ကန်ဒေါ်လာ ၃,၆၄၅ ဝန်းကျင်သို့ ရောက်ရှိနေသည်။ 

ကွန်တိန်နာ လိုအပ်ချက် မြင့်မားသည့် တရုတ်ဆိပ်ကမ်းများသို့ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသေ ကွန်တိန်နာ အလွတ်များကို သမုဒ္ဒရာကျော်ဖြတ် သယ်ဆောင်မည်ဆိုပါက  ကွန်တိန်နာ အသစ်တစ်လုံး ထုတ်လုပ်သည့် စရိတ်၏ လေးပုံတစ်ပုံသာသာ ကုန်ကျသည်။ သယ်ဆောင်ပေးမည့် ကွန်တိန်နာသင်္ဘော ရရှိဖို့လည်း ခဲယဉ်းသည်။ 

ကွန်တိန်နာ အငှားချသည့် လုပ်ငန်းများလည်း ဝင်ငွေပိုကောင်းကြသည်။ နယူးယောက်မြို့ အခြေစိုက်Triton က ကွန်တိန်နာများ ထပ်မံဝယ်ယူပြီး ဖြည့်တင်းကာ အငှားချသည်။ ၂၅ ရာခိုင်နှုန်း တိုးချဲ့ခဲ့ပြီး ယင်းအတွက် ကန်ဒေါ်လာ ၃.၄ ဘီလျံ သုံးစွဲခဲ့သည်။ ငှာရမ်းသက်တမ်းများကိုလည်း ပိုကြာကြာသတ်မှတ်ပြီး အငှားချသည်။ ကွန်တိန်နာအသစ်များ ဈေးတက်ခြင်းနှင့်အတူ တစ်ပတ်ရစ် ကွန်တိန်နာများလည်း ဈေးမြင့်တက်လျက် ရှိသည်။ 
 

Global News Read 1887 times