မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများအနေဖြင့် ထွန်စက်များကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူပါက ပထမအရစ်အဖြစ် ပေးသွင်းသောငွေကို ၀ယ်ယူသူများထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ထွန်စက်များအား မည်သည့်ကုမ္ပဏီမှမဆို တောင်သူများကြိုက်နှစ်သက်သည့် အမျိုးအစားကို ၀ယ်ယူခွင့်ပြုထားပြီး အတိုးနှုန်းအဖြစ် တစ်ကျပ်ခွဲအတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကာ ခြောက်လတစ်ကြိမ် ၁၁ရစ် ပေးသွင်းရမည်ဖြစ်ကြောင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာ စနစ်သို့ အဆင့်မြှင့်တင်ရန်အတွက် ယခုကဲ့သို့ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရပါသည်။
အရစ်ကျစစ်ဖြင့် ၀ယ်ယူလိုသူများသည် သက်ဆိုင်ရာမြို့နယ် သမဝါယမ ရုံးများသို့ မိမိပိုင်ဆိုင်သည့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များကို ပြသကာ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
၂၀၁၈ ခုနှစ်အတွက် ထွန်စက်အရစ်ကျစနစ်ဖြင့် ၀ယ်ယူရန် တောင်သူများကို ထုတ်ချေးခဲ့ရာ အမရပူရ၊ ပုသိမ်ကြီး၊ သပိတ်ကျင်း၊ စဉ်ံကူး၊ မတ္တရာ၊ ပြင်ဦးလွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မိတ္တီလာ၊ မလှိုင်၊ သာစည်၊ ၀မ်းတွင်း၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်၊ ညောင်ဦး၊ ရမည်းသည်း၊ ပျော်ဘွယ် စသည့် မြို့နယ်များရှိ တောင်သူများသို့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ထွန်စက်အလုံးရေ ၅၇၉ စီးအတွက် ထုတ်ချေးငွေ ကျပ်သိန်း ၁၅၁၆၇၄ ဒသမ ၂၇၀ ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
ယခုထုတ်ချေးပေးထားသည့် မြို့နယ်များအပြင် အခြားသောဒေသများမှလည်း ထွန်စက်ဝယ်ယူရန် တောင်သူများ တင်ပြလာပါက အရစ်ကျစနစ်ဖြင့် ၀ယ်ယူရန် ထုတ်ချေးပေးသွးရန်ရှိကြောင်း၊ ထို့ကြောင့် ချေးယူလိုသောတောင်သူများ အနေဖြင့် သက်ဆိုင်ရာ သမဝါယမ ဦးစီးဌာနများထံ တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။