မြန်မာနိုင်ငံသည် အခွန်ရရှိမှုတွင် ဒေသတွင်းနိုင်ငံများကြား အနိမ့်ဆုံးဖြစ်လျက်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခွန်ရရှိမှုနှင့် ဂျီဒီပီအချိုးကိုကြည့်လျှင် မြန်မာနိုင်ငံက ခုနစ်ရာခိုင်နှုန်းနှင့် ရှစ်ရာခိုင်နှုန်းကြားတွင်သာရှိသည်။ အခြားအာဆီယံနိုင်ငံများသည် ၁ဝ ရာခိုင်နှုန်းအထက်တွင်ရှိနေပြီး ထိုင်းနိုင်ငံက ၁၇ ရာခိုင်နှုန်းအထိရှိသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။
''၁၅ ရာခိုင်နှုန်းကျော်အထိရောက်ရှိဖို့ ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်လျက်ရှိပါတယ်''ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ယခုလအတွင်း ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အခွန်အခအမျိုးအစား ၂၁ မျိုးရှိပြီး ဝန်ကြီးဌာနအချို့က တာဝန်ယူဆောင်ရွက်လျက်ရှိသော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အများဆုံး တာဝန်ယူ ကောက်ခံနေပြီး စုစုပေါင်းအခွန်ရငွေ အားလုံး၏ ၈ဝ ရာခိုင်နှုန်းခန့်ကို တာဝန်ယူကောက်ခံနေခြင်းဖြစ်သည်။
အခွန်ရရှိမှု တိုးတက်လာစေရန် အခွန်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ လုပ်ဆောင်မှုများ ရှိခဲ့သည်။ ယခုအချိန်တွင် ပိုမိုကောင်းမွန်သော အခွန်စနစ်တစ်ခုဖြစ်လာစေရန် နည်းပညာအကူအညီပါ ရယူရန် စီစဉ်နေပြီဖြစ်သည်။
''နောက်ပိုင်းမှာ အခွန်ထမ်းဖို့ လွယ်ကူအောင် အိုင်တီနည်းပညာနဲ့လုပ်ဖို့ ကြိုးစားနေပါတယ်''ဟု ဦးမင်းထွဋ်က ပြောသည်။
လူ(အခွန်ထမ်း)ကိုယ်တိုင် အခွန်ရုံးသွားပြီး အခွန်ပေးဆောင်နေရသည့် စနစ်အစား ရုံးသို့သွားရောက်ရန် မလိုတော့ဘဲ လက်ကိုင်ဖုန်းဖြင့်ပင် အခွန်ပေးဆောင်နိုင်မည့်စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန် စတင်နေခြင်းဖြစ်သည်။
''ဒါက အခွန်ဝန်ထမ်းရော အခွန်ထမ်းပါ နှစ်ဖက်စလုံးက အသုံံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်''ဟု ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။
အခွန်ထမ်းများ အခွန်ရုံးသို့သွားပြီး ချလန်ရယူနေရသည့် စာရွက်စာတမ်းအသုံးပြု (Paper Based) စနစ်သည် အခွန်ရှောင်လိုသော သို့မဟုတ် လျှော့ဆောင်လိုသော အခွန်ထမ်းများနှင့် အခွန်ဝန်ထမ်းများအကြား အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေသည်ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
''မလိုလားအပ်တဲ့ အဂတိလိုက်စားမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိုင်တီနည်းပညာသုံးဖို့ လုပ်ထားပါတယ်''ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အိုင်တီစနစ်ကို ပြောင်းလဲကျင့်သုံးရန် အချက်အလက် သိုလှောင်နိုင်စွမ်း 51 GB စီရှိသော ဒေတာစင်တာနှစ်လုံးဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် စတင်အသုံးပြုနေပြီဖြစ်ပြီး ခေတ်မီ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် Integrated Tax Administration System (I Tax) ဆော့ဖ်ဝဲကိုလည်း ကနေဒါနိုင်ငံ ဆိုဂျီးမား (SOGEMA TEAM) ထံမှ ဝယ်ယူမည်ဖြစ်ပြီး စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။
အဆိုပါ ဆော့ဖ်ဝဲဖြင့် အခွန်ဆောင်ခြင်းကို မိုဘိုင်း၊ အီးမေးတို့မှတစ်ဆင့် ပေးဆောင်နိုင်တော့မည် ဖြစ်သည်။ သို့သော်လည်း စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ အချက်အလက် ထည့်သွင်းခြင်းများအတွက် တစ်နှစ်ခန့် အချိန်ယူရဖွယ်ရှိနေသည်။
I Tax ဆော့ဖ်ဝဲသည် အခွန်ကို လွယ်ကူစွာ ထမ်းဆောင်စေနိုင်မည့်အပြင် အခွန်တိမ်းရှောင်မှုများကိုလည်း တားဆီးနိုင်မည်ဟု ဆိုသည်။ သက်ဆိုင်ရာအခွန်ထမ်း (ကုမ္ပဏီလည်းပါဝင်) ၏ အခွန်ပေးဆောင်မှုမှတ်တမ်းကို နည်းပညာဖြင့် စောင့်ကြည့်ပြီး သတ်မှတ်ချိန်အတွင်း အခွန်ဆောင်ရန် ပျက်ကွက်ပါက အခြားဆက်စပ်ဌာနများဖြစ်သည့် ကုန်သွယ်ရေး၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့ထံသို့ သတင်းချက်ချင်းရောက်သွားမည်ဖြစ်ကြောင်း ဦးမင်းထွဋ်က ပြောသည်။
''စီး/ကူးတို့ အကောက်ခွန်တို့မှာ သံသယနဲ့သူ (အခွန်ပျက်ကွက်သူ) အလုပ်လုပ်လို့ မရတော့ဘူး။ အကောက်ခွန်ထဲ ပစ္စည်းသွားထုတ်လည်း လူကြီးမင်း ခင်ဗျားကို ပြည်တွင်းအခွန်က ကန့်ကွက်ထားတယ်၊ ဆိုင်းငံ့ထားတယ်၊ ဒီလိုမျိုးဖြစ်သွားမယ်''ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဆော့ဖ်ဝဲသည် အထက်ပါလုပ်ဆောင်ချက်များအပြင် အခွန်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကိုလည်း လွယ်ကူစေမည်ဖြစ်သည်။
''အခုလူနဲ့လုပ်ပြီး လည်ပတ်နေတာတွေ အကုန်လုံးပေါ့နော်။ နောက်ဆုံး အစီရင်ခံစာ ထွက်တာကအစ အလိုအလျောက် သူ့ဟာသူလုပ်ပေးမှာ''ဟု ဒေါ်ဆွေဆွေခိုင်က ပြောသည်။
ထို့ပြင် အိုင်တီနည်းပညာကို အသုံးပြုခြင်းဖြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို အခြေခံသော အခွန်စီမံခန့်ခွဲမှု ဖြစ်ပေါ်လာမည်ဖြစ်ပြီး လူဖြင့်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို နည်းပညာဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ပြည်တွင်းအခွန်များဦးစီးဌာနသည် အိုင်တီနည်းပညာအပြင် အခြား လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကိုပါ ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ၂ဝ၂၁-၂၂ အထိ ရည်မှန်းထားသော ပြုပြင်ပြောင်းလဲမှုကာလအတွင်း အခွန်ရုံးက စည်းကြပ်သည့် အခွန်စနစ်အစား အခွန်ထမ်းကိုယ်တိုင် တွက်ချက်ပြီး ပေးဆောင်စေသည့်စနစ်ကိုပါ ဖော်ဆောင်လျက်ရှိသည်။
''ကျွန်တော်တို့လည်း ဝန်ဆောင်မှုကောင်းအောင် လုပ်နေပါတယ်။ မလိုက်နာရင်တော့ အရေးယူပါမယ်''ဟု ဦးမင်းထွဋ်က ပြောသည်။ သို့သော်လည်း တရားစွဲရန်ထက် အခွန်ရရန်သာ အဓိကရည်ရွယ်သည်ဟု ဆိုသည်။
အခွန်ထမ်းများ အခွန်စည်းမျဉ်းစည်းကမ်းကို မလိုက်နာသဖြင့် ဒဏ်ကြေးအဖြစ် ကျပ် ၂၅ ဘီလျံ တပ်ရိုက်ခဲ့သည်။ ''တချို့အခွန်ထမ်းကြီးတွေဆိုရင် တစ်ယောက်တည်းကိုပဲ အကြောင်းအရာတစ်ခု မလိုက်နာလို့ သိန်းပေါင်းနှစ်သောင်းတို့၊ သုံးသောင်းတို့ ရိုက်တာရှိပါတယ်''ဟု ၎င်းက ပြောသည်။
အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွင် ဥပဒေများ ပြင်ဆင်ပြဌာန်းခြင်းသည်လည်း အရေးပါသောကဏ္ဍက ပါဝင်နေသည်။ ဘဏ္ဍာနှစ်တစ်နှစ်အတွက် သက်ဆိုင်ရာနှစ်အလိုက် ပြဌာန်းသော 'ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ'ကို ၂ဝ၁၄ ခုနှစ်မှစတင်၍ ပြဌာန်းခဲ့သည်။
ထိုဥပဒေသည် နောင်ဘဏ္ဍာရေးနှစ်အတွက် ရည်ရွယ်ပြဌာန်းခြင်းဖြစ်သဖြင့် အရေးပါကြောင်း ပြည်သူ့လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဝင်၊ လှိုင်းဘွဲ့မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောသည်။
''သူက အရေးကြီးတာပေါ့။ လာမည့်ဘဏ္ဍာရေးနှစ်မှာ အခွန်ဘယ်လောက် လျာထားပါတယ်၊ ဘယ်ကဏ္ဍတွေကို ဘယ်လိုဦးစားပေးပြီးတော့ ကောက်ခံသွားမယ်၊ ဘယ်လိုဟာတွေတော့ဖြင့် လျှော့ကောက်သွားမယ်ဆိုပြီး အစိုးရကနေ တင်ပြတဲ့ဟာဆိုတော့''ဟု ၎င်းက ပြောသည်။
အခွန်ဥပဒေများ ပြင်ဆင်ခြင်းတွင် လွှတ်တော်သည် ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေတို့ကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ခုနှစ်အတွင်း နှစ်ကြိမ် ပြင်ဆင်ခဲ့သည်။ အခွန်တိုးတက်ရရှိမှုကို အဓိက အထောက်အကူပြုစေသည့် အထူးကုန်စည်ခွန်ဥပဒေကိုလည်း ပထမအကြိမ်လွှတ်တော်က ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီတွင် ပြဌာန်းခဲ့သည်။
ထို့ပြင် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကြမ်းကိုလည်း လွှတ်တော်တွင်ဆွေးနွေးလျက်ရှိရာ လာမည့်နိုဝင်ဘာတွင် ပြန်စမည့် လွှတ်တော်က အတည်ပြုလိမ့်မည်ဟု မျှော်လင့်ထားသည်။
အစိုးရသည် အိမ်ခြံမြေ လက်ဝါးကြီးအုပ်ခြင်းနှင့် မြေဈေးကစားခြင်းများကိုလည်း အခွန်ဥပဒေတစ်ခုဖြင့် ထိန်းချုပ်ရန် အစီအစဉ်ဖြင့် ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ပြောကြားထားသည်။
လက်ရှိအခွန်စနစ်သည် ကောက်နေကျသူများထံမှသာ ကောက်နေသည့်ပုံစံမျိုး ဖြစ်နေသောကြောင့် ချဲ့ထွင်ကောက်ခံရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်အတူ ပညာရေး၊ ကျန်းမာရေးနယ်ပယ်များတွင် ပိုသုံးနေရသည့်အတွက် အစိုးရသည် ဝင်ငွေပိုလိုမည်ဖြစ်ပြီး ထိုအတွက် အခွန်ဝင်ငွေလည်း ပိုရရန်လိုကြောင်း မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ ဦးဇေယျသူက ပြောသည်။
အခွန်ရငွေကို လာမည့် ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၇ ဒသမ ၅၇၅ ထရီလျံ ခန့်မှန်းထားသည်။ ဒေသတွင်းနိုင်ငံများအကြား အခွန်ရငွေ ရင်ပေါင်တန်းနိုင်မည့်ကာလကို ရောက်ရှိလာမည်လားဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။