Covid-19 ကပ်ရောဂါကြောင့် ဆင်းရဲနွမ်းပါးသူများ၏ စားဝတ်နေရေးအခြေအနေသည် ကျဆင်းလာသည်။
လုံလောက်သော စားနပ်ရိက္ခာများ မရရှိသည့်အပြင် အာဟာရပြည့်၀စွာ စားသုံးနိုင်မှုအခြေအနေလည်း လျော့နည်းလာသည်။ ၎င်းတို့၏ စားနပ်ရိက္ခာအခက်အခဲသည် အသင့်အတင့်မှ ဆိုးရွားသည်အထိ ရင်ဆိုင်နေရကြောင်း World Bank Group ၏ ဩဂုတ်လဒေတာများအရ သိရသည်။ ထိုအခြေအနေသည် အောက်တိုဘာလတွင် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
ယခုလို စားဝတ်နေရေးကြပ်တည်းမှုသည် ငွေကြေးရရှိမှုနှင့်လည်း သက်ဆိုင်နေသည်။ Covid-19 ကြောင့် အလုပ်အကိုင်ရှားပါးမှုများ၊ စီးပွားရေးအခြေအနေ ကျဆင်းမှုများသည် ဆင်းရဲနွမ်းပါးသူများကို ပိုမိုထိခိုက်စေသည်။ World Bank Group ၏ အောက်တိုဘာ ၇-၉ ရက်အတွင်း စစ်တမ်းများအရ အိမ်ထောင်စုသုံးစုတွင် တစ်စုသည် အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရသည့်အပြင် (၅၄) ရာခိုင်နှုန်းသော အခြေခံလူတန်းစားများ၏ ဝင်ငွေရရှိမှုအခြေအနေသည်လည်း ဩဂုတ်လထက် လျော့နည်းလာကြောင်း သိရသည်။
Covid-19 ကပ်ရောဂါကြောင့် ၆၀ ရာခိုင်နှုန်းထက်ပိုသော အိမ်ထောင်စုများ၏ ကိုယ်ပိုင်လုပ်ငန်းများကို ရပ်ဆိုင်းထားရသည်ဟု ဖော်ပြထားသည်။ ထိုကြောင့် ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေကြသော အိမ်ထောင်စု များတွင်လည်း လုပ်ငန်းလည်ပတ်ခြင်း ဝင်ငွေလျော့နည်းမှုနှင့် ရင်ဆိုင်နေရသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် Covid-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုသည် လူတန်းစားအားလုံး၏ စီးပွားရေးအခြေအနေကို တိုက်ရောက်သက်ရောက်နေသည်။
စား၀တ်နေရေးကို ပူပန်နေရသည့်အပြင် Covid-19 ကပ်ရောဂါမကူးစက်စေရန် ၎င်းနှင့်သက်ဆိုင်သော ကျန်းမာရေးအသိပညာများကိုလည်း သိထားရန်လိုအပ်သည်။ အိမ်ထောင်စု (၈၇) ရာခိုင်နှုန်းနီးပါးသည် Covid-19 ကပ်ရောဂါ မကူးစက်စေရန် ကာကွယ်သည့်နည်းလမ်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟု ဖော်ပြထားသည်။ နေ့စားအလုပ်သမားများသည်လည်း အလုပ်ချိန်တွင် mask တပ်ထားခြင်း၊ လက်ဆေးခြင်းတို့ကို အထူးသတိပြု လိုက်နာရမည်ဟု ပြဌာန်းထားသည်။
ထိုလမ်းညွှန်မှုများအောက်တွင် စား၀တ်နေရေးအတွက် ရုန်းကန်ရသည်မှာလည်း အခက်အခဲတစ်ခု ဖြစ်သည်။ အောက်တိုဘာလတွင် အိမ်ထောင်စု (၆၄) ရာခိုင်နှုန်းသည် ဩဂုတ်လထက် ငွေကြေးအခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်နေကြရသည်။ အခြေခံလူတန်းစားများအတွက် အစိုးရဘက်က အစားအသောက်နှင့် ငွေကြေးအင်အား ထောက်ပံ့ပေးမှုများနှင့် လျှပ်စစ်သုံးစွဲမှု ကင်းလွတ်ခွင့်များလည်း ပေးခဲ့သည်။ သို့သော် အစိုးရ၏ ထောက်ပံ့မှုသည် အမြဲတမ်းမဟုတ်သော်လည်း ဆင်းရဲနွမ်းပါးသူများအဖို့ တစ်စိတ်တစ်ပိုင်းအရ အထောက်အပံ့ များသာဖြစ်သည်။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့ကို အဖက်ဖက်က ပူပန်နေရချိန်တွင် အခြေခံလူတန်းစားများက အခက်အခဲများကို ပိုမိုရင်ဆိုင်နေရသည်။ ထိုအခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရှိလာသည်။ တစ်နေ့ လုပ်အားခထဲမှ တစ်နေ့စားရမည်ဖြစ်သည့်အတွက် အလုပ်လုပ်ရန်လိုအပ်သကဲ့သို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာရမည်ဖြစ်သည်။ ဤကဲ့သို့ လိုက်နာမှသာလျှင် Covid-19 ကပ်ရောဂါ ရိုက်ခတ်မှုကို အဆုံးထိ အတူတကွ ကြံ့ကြံ့ခံ၍ ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်သည်။
Ref: World Bank Myanmar