COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများရှင်းလင်းပြောကြား


05 September, 2020

နိုင်င်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် စက်တင်ဘာလ ၄ ရက် တွင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများနှင့် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ၌ Social Distancing သတ်မှတ် ချက်များနှင့် အညီ တွေ့ဆုံပြီး Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအားထောက်ပံ့ပေးခဲ့သည့် အခြေအနေကိုဦးစွာတင်ပြသည်။

ပြည်သူလူထုကို သင်္ကြန်ရုံးပိတ်ရက်ရှည်မှစ၍ ရိက္ခာ ၅ မျိုးထောက်ပံ့ခဲ့ပြီး အိမ်ထောင်စု ၅ ဒသမ ၃ သန်းအတွက် ငွေကျပ် ၇၁ ဒသမ ၁၀၃ ဘီလီယံကျခံခဲ့သည်။

နောက်ပိုင်းတွင် ရိက္ခာ ၅ မျိုး မဖြန့်ဝေတော့ဘဲ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သောင်း နှုန်းဖြင့် နှစ်ကြိမ် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

အိမ်ထောင်စုပေါင်း၅ ဒသမ ၄ သန်းကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် နှစ်ကြိမ်ထောက်ပံ့ခဲ့ရာ ၂၁၈ ဒသမ ၁၁၂ ဘီလီယံ ကုန်ကျခဲ့သည်။

တတိယအကြိမ် ထောက်ပံ့သွားရန်ရှိပြီး အိမ်ထောင်စုပေါင်း၅ ဒသမ ၆ သန်းကိုတစ်စု လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံကျခံသွား မည်ဖြစ်သည်။

ကိုဗစ်ကာလတွင် တောင်သူလယ်သမားများဝင်ငွေရရှိရန်အတွက် စပါးမျိုးစေ့ထုတ် လုပ်ငန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ငါးမျိုးများ၊ ငါးသားပေါက်များ ဖြန့်ဖြူး ပေးခြင်း၊ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လမ်းနှင့် ကျေးရွာအခြေခံ အဆောက် အအုံ တည်ဆောက်ခြင်းစသည့်လုပ်ငန်းများကိုယင်းဒေသတွင်ရှိသည့် ဒေသခံ များနှင့် ပူးပေါင်းပြီး Cash For Work စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျခံ ဆောင်ရွက်နေ သည် မှာငွေကျပ် ၉၂ ဒသမ ၆၁၂ ဘီလီယံ ဖြစ်သည်။

ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသက် ၈၀ မှ ၈၄ နှစ်အကြား သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပရဟိတဂေ ဟာများ၊ ဘိုးဘွားရိပ်သာများ၊ စေတနာ့ဝန်ထမ်းများကိုထောက်ပံ့ပေးသည်။

ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးတွင် ရှိသည့် IDP စခန်းများ၊ တိုက်ပွဲ ရှောင် စခန်းများ တွင် နေထိုင်နေကြသည့် ပြည်သူများအတွက် အခြေခံစားသောက် ကုန် ၅ မျိုးကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးသည်။ထို့ပြင် IDP စခန်းများ၊ တိုက်ပွဲရှောင် စခန်းများတွင် ရှိသည့် အိမ်ထောင်စုများမှ မူလတန်းကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ ထောက်ပံ့ခဲ့သည်။ ထို့ပြင် မသန်စွမ်းသူများ၊ အနာကြီးရောဂါသည် များ၊ ပြည်တွင်း၊ ပြည်ပလူကုန်ကူးခံရသည့် သူများကိုလည်း ထောက်ပံ့ပေခဲ့သည်။ ၎င်းထောက်ပံ့မှုအားလုံးအတွက် ငွေကျပ် ၃၅ ဒသမ ၉၂၃ ဘီလီယံ ကုန်ကျခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ကာလတွင် ဆေးရုံများအဆင့်မြှင့် တင်ခြင်း၊ ဆေးပစ္စည်းကိရိယာများ၊ အကာအကွယ်ပစ္စည်းများ၊ PPEဝတ်စုံများစသည့် ဆက်စပ်ပစ္စည်းများကိုဝယ်ယူရာတွင်ငွေကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလီယံကုန်ကျခဲ့သည်။

လမ်းဘေးဈေးသည်များကို သက်သာသည့်နှုန်းထားဖြင့် ငွေကျပ် ၁၀၀ ဘီလီယံ ထုတ်ချေးပေးခဲ့သည်။ ထို့ပြင် အသေးစားချေးငွေလုပ်ငန်းများမှတစ်ဆင့် တစ်ပိုင် တစ်နိုင် ပြန်ချေးသူများအတွက် ငွေကျပ် ဘီလီယံ ၁၀၀ သုံးစွဲထားသည်။

အသေးစား ချေးငွေလုပ်ငန်းကော်မတီက SME လုပ်ငန်းများကို ငွေကျပ် ဘီလီယံ ၂၀၀ ထုတ်ချေးပေး ခဲ့သည်။

ကိုဗစ်ကာလအတွင်း တောင်သူလယ်သမားများကို တစ်ဧကလျှင် ၅ သောင်းနှုန်းဖြင့် ငွေကျပ် ဘီလီယံ ၆၀၀ ထောက်ပံ့ပေးခဲ့သည်။

လျှပ်စစ်ဓာတ်အား ကင်းလွတ် ခွင့်ပေးမှုအနေဖြင့် ဧပြီ၊ မေ၊ ဇွန် ကာလအတွင်းယူနစ် ၁၅၀ သက်သာခွင့် ပေး ခဲ့ရာ ငွေကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလီယံ အစိုးရက ကျခံခဲ့သည်။

ထူးခြားချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပုဂ္ဂလိကကို တင်ဒါခေါ်ယူခြင်း၊ ဥပမာမီးစက်များဖြင့် လျှပ်စစ်ဓာတ်အား ပေး ခြင်းများရှိပြီး၊ အစိုးရထံမှ ဂက်စ်များဝယ်ယူကာ တာဘိုင်များ လည်ပတ်ရ ခြင်းများရှိသည့်အတွက် တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီးကင်းလွတ်ခွင့်ပေးရာတွင် ၎င်းတို့မှာ အကျုံးမဝင်ဖြစ်နေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်အရ ငွေကျပ် ၁ ဒသမ ၅၁၈ ဘီလီယံနိုင်ငံတော်က ထောက်ပံ့ခဲ့သည်။

ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်စပ်သည့် ထောက်ပံ့ကူညီမှု စုစုပေါင်းမှာငွေကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ ရှိသည်။

ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရက ပြည်သူများအားအကူအညီ အထောက်အပံ့များ ပေးအပ်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေနှင့် စပ်လျဉ်း၍

ပထမအချက်အနေဖြင့် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအနေအထားကို ကြည့်ရပါကြောင်း၊

ဒုတိယအချက် အနေဖြင့် ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုအနေအထားပေါ်တွင် မူတည်ပြီး စည်းမျဉ်းစည်းကမ်း သတ်မှတ်ရ သည့် အနေအထားကို ကြည့်ရပါကြောင်း၊ Stay Home သတ်မှတ် လိုက်သည့်အခါ အခြေခံလူတန်းစားများ ဒုက္ခရောက်ကြပါကြောင်း၊ ယင်းအခြေခံ လူတန်းစားများသည် စည်းမျဉ်း စည်းကမ်းလိုက်နာရေးထက် စားဝတ်နေရေးသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် စိတ်ထဲတွင်မရှိတော့ သည့်အတွက် အပြင်သို့ ထွက်၍ အလုပ်လုပ်ရသည့် သဘောရှိပါကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများ လျော့ကျရန် အတွက်ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်?

ကိုဗစ်-၁၉ ကာလတွင်ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီးဉပဒေအရ အရေးယူသည့်အမျိုးအစား ၃ မျိုးရှိသည်။

ပထမတစ်မျိုးအနေဖြင့် ကူးစက်ရောဂါ တားဆီးနှိမ်နင်းရေးဉပဒေဖြင့် အရေးယူပါသည်။ Quarantine မှ ထွက်ပြေးခြင်း၊ ပြည်ပ မှ ပြန်ဝင်လာကြောင်းအသိမပေးခြင်း၊အခြားနေရာများသို့ သွားခြင်း၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များအား ဖောက်ဖျက်ကာလူစုလူဝေးပြုလုပ်ခြင်း၊ ကျန်းမာရေး စစ်ဆေးရန် ခေါ်ယူရာတွင် လက်မခံဘဲထွက်ပြေးခြင်း၊ Mask မတပ်ဘဲ သွားလာခြင်း၊ Quarantine မဝင်ဘဲရှောင်တိမ်းသူများအား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဉပဒေအရ အရေးယူ သည့် အမှုပေါင်းမှာ ၂၀၂၀ပြည့်နှစ် မတ် ၂၆ရက်မှ ယမန်နေ့ အထိ အမှုပေါင်း ၉၁၄၈ မှုရှိပီပြီး အရေးယူထားသည့် အမျိုးသား ၁၁၂၇၁ ဦးနှင့် အမျိုးသမီး၂၆၃၇ ဦး၊ စုစုပေါင်း ၁၃၉၀၈ ဦးအားအရေးယူထားသည်။

ထို့ပြင် Quarantine စောင့်ကြည့်ကာလတွင် အရက်သေစာသောက်စားသူများ၊ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ထားချိန်တွင် စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စား သောက်ရန် လက်ခံခြင်း၊ လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပခြင်း၊ ဆေးရုံများတွင် စောင့်ကြည့် လူနာများအဖြစ်တက်ရောက်နေစဉ် ထွက်ပြေးခြင်း၊ Quarantine ဝင်နေစဉ် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်ခြင်း၊ Quarantine Centre များကိုဝင်ခွင့် မရဘဲ ဝင်ရောက် နှောက်ယှက်မှုများ၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ သတင်းမှားဖြန့် ချိမှုများ၊ ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အသိပညာပေးမှုဆောင်ရွက်နေစဉ် ဝတ္တရားနှောင့်ယှက်မှုများ၊ လူစုလူဝေးဖြင့် ဆန္ဒပြမှုများ၊ ဘာသာရေးအခမ်းအနားကျင်းပခြင်းစသည့် အကြောင်းအရာများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဉပဒေဖြင့် အရေးယူထားသည်မှာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အမှုဖွင့်အရေးယူမှုမှာ ၁၁၈ မှုရှိပြီးအမျိုးသား ၂၁၉ ဦး၊အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၂၈၂ ဦးအားအရေးယူထားသည်။

ရာဇသတ် ကြီးပုဒ်မ ၁၈၈ ဖြင့် အရေး ယူမှုများမှာညမထွက်ရ အမိန့်အားမလိုက်နာသည့်အတွက် အရေးယူမှုအနေဖြင့် ၂၁၁၇ မှု ရှိပြီးအမျိုးသား ၅၂၇၉ ဦး၊ အမျိုးသမီး ၂၉၁ ဦး၊ စုစုပေါင်း ၅၅၇၀ ဦး အရေးယူခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် KTV၊ Club၊ Bar ဖွင့်လှစ်သည့်အတွက် ကူးစက်ရောဂါ တားဆီး နှိမ်နင်းရေး ဉပဒေအရအရေးယူခဲ့မှုမှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက်မှ ဩဂုတ်လ ၃၁ ရက် အထိစုစုပေါင်း ၁၄ မှုရှိပြီးအမျိုးသား ၄၂ ဦး၊အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်း ၉၂ ဦးကို အရေးယူထားသည်။

စက်တင်ဘာ ၁ ရက်မှ ယမန်နေ့အထိ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရအရေးယူထားမှုမှာ ၈ မှုရှိပြီးအမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၄၅ ဦးကို အရေးယူထားသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင် KTV၊ Club၊ Barများဖွင့်လှစ်ခဲ့သည့်အတွက် အရေးယူခဲ့ရပါကြောင်း ရှင်းလင်းပြောကြားသည်။

Banking & Loan Read 408 times