နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရှိလာပြီး တဖြည်းဖြည်းကောင်းမွန်လာတဲ့ မြန်မာ့စီးပွားရေးက COVID-19 ကပ်ရောဂါကြောင့် နောက်လှည့်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ NLD အစိုးရတက်လာပြီး ပထမနှစ်သက်တမ်းမှာ မြန်မာ့စီးပွားရေး ၅.၉ ရှိပြီး ဒုတိယနှစ်မှာ ၆.၄ အထိတက်ခဲ့ပါတယ်။ မရေရာမှုတွေ ရှိနေပေမဲ့လည်း မြန်မာ့စီးပွားရေးက နှစ်နှစ်အတွင်းမှာ ၇ ရာခိုင်နှုန်းကျော်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာမျက်နှာ ၈၀ ကျော် ၂၀၁၈ အစီရင်ခံစာ’ က ခန့်မှန်းခဲ့တာပါ။
ဒါပေမဲ့လည်း COVID-19 လို ရုတ်တရက်ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ မြန်မာတို့လို စီးပွားရေးအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အာရှနိုင်ငံတွေပါ ရှုပ်ထွေးတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တနိုင်ငံချင်းစီရဲ့ မူဝါဒ၊ ပြဿနာကိုင်တွယ်တဲ့အပေါ် မူတည်ပြီး အရှိန်ပြန်ယူတဲ့ကာလမှာ ကွာခြားသွားနိုင်ပါတယ်။
ပြည်တွင်းမှာ စီးပွားရေးယန္တယားလည်ပတ်မှု ရပ်ဆိုင်းသွားတာ အခုအချိန်အထိပြန်မလည်ပတ်နိုင်သလို COVID-19 ရောဂါဖြစ်သူ ဆက်ရှိနေတာ၊ အစိုးရရဲ့ မဟာဗျူဟာရေးဆွဲတဲ့အပိုင်း နှေးကွေးတာတွေက အိမ်နီးချင်းနိုင်ငံတွေထက် စီးပွားရေးနာလံထဖို့ နောက်ကျနိုင်ကြောင်း ဒေါက်တာဇော်ဦးက ခန့်မှန်းပါတယ်။
“ဗီယက်နမ်တို့၊ လာအိုတို့၊ ကမ္ဘာဒီးယားတို့က တလလောက်တောင်ရှိသွားပြီ။ မေလတလုံး စီးပွားရေးကို ပြန်ပြီး လည်ပတ်နိုင်တယ်၊ သူတို့ရဲ့ ပို့ကုန်လုပ်ငန်းတွေကို ပြန်ပြီး ထူထောင်နိုင်တယ်ဆိုတော့ သူတို့ရဲ့ လည်ပတ်မှုက ကျနော်တို့ထက်ပိုပြီး မြန်တဲ့အတွက်ကြောင့် တခြားဈေးကွက် ဝေစုတွေလည်း ရသွားတယ်ပေါ့။ အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျနော်တို့က ပိုပြီး အားနည်းနေတာကို တွေ့ရတယ်။ တုံ့ပြန်မှုတွေ နှေးကွေးတာတွေ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က တက်မလာတာတွေ၊ ကျနော်တို့ရဲ့ မဟာဗျူဟာ၊ နည်းပညာချမှတ်တာ အားနည်းနေတာတွေ့ရတယ်။ ဒီအချက်တွေအားလုံး ကြည့်လိုက်မယ်ဆိုရင် သေချာတာက ကျနော်တို့ရဲ့ စီးပွားရေး နာလံထူနိုင်တဲ့ အခြေအနေဟာ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေထက်စာရင် အများကြီး နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။”
ဥရောပကို တင်သွင်းခွင့်မရှိတဲ့ မြန်မာ့ CMP အထည်ချုပ်လုပ်ငန်းတွေလည်း လုပ်သားအများအပြား လျှော့ချလိုက်ရပါတယ်။ အာရှဖောင်ဒေးရှင်း စစ်တမ်းမှာတော့ လုပ်သားအင်အားရဲ့ ပျမ်းမျှ ၁၆ ရာခိုင်နှုန်းကို အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှုတွေ ပုံမှန်ပြန်အခြေအနေ ပြန်မရောက်သေးသလို နယ်စပ်ကုန်သွယ်ရေးကလည်း အားထားလို့ မရနိုင်သေးတဲ့ အခြေအနေပါ။
တရုတ်ယူနန်ပြည်နယ်ဘက်က COVID-19 ကို ထိန်းချုပ်ထားနိုင်လို့ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးကို သူတို့ဘက်က တင်းတင်းကြပ်ကြပ် ကန့်သတ်လာပါတယ်။ အိန္ဒိယဘက်မှာတော့ ရောဂါကူးစက်တဲ့နှုန်း တက်လာလို့ သူတို့ကလည်း နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ပေးဖို့ ဆန္ဒမရှိသေးပါဘူး။
“သူတို့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ပိုပြီးတင်းကြပ်တဲ့ဟာတွေကို ဆောင်ရွက်မယ့်သဘောရှိတယ်။ အဲဒီအခါကျရင်လည်း ကျနော်တို့က ပိုပြီးအခက်အခဲ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်က ပြဿနာ၊ သူတို့ဘက်က ပြဿနာစသဖြင့်ပေါ့။ ပိုပြီးတော့ နှစ်ဘက် ညှပ်ပြီးတော့ ခံရမယ့် အနေအထား ရှိပါတယ်” လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။
မြန်မာ့စီးပွားရေးလုပ်ငန်း ထက်ဝက်လောက်က လုပ်ငန်းဆုံးရှုံးရမယ့် အန္တရာယ်ကြီးကြီးမားမားရှိနေပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်းမှာ လုပ်ငန်းအများစုက အမြတ် ၂၂ ရာခိုင်နှုန်း လောက်ပဲရှိခဲ့ပြီး ၂၀၁၉ နိုဝင်ဘာကနေ ၂၀၂၀ ဖေဖော်ဝါရီစစ်တမ်းမှာတော့ အမြတ် ၅၂ ရာခိုင်နှုန်း ထိရှိခဲ့တယ်လို့ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း အနှစ်ချုပ်အစီရင်ခံစာ MBEI မှာ ဖော်ပြထားပါတယ်။ ဒီအတွက်လည်း အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ပြိုလဲမသွားအောင် အစိုးရက ကော်မတီဖွဲ့ပြီး ကျပ်ငွေ ဘီလီယံ ၁၀၀ ကို ထုတ်ချေးနေပါတယ်။
တကယ်လိုအပ်တဲ့ လုပ်ငန်းတွေကို ချေးငွေ မရောက်တဲ့အပေါ်မှာလည်း အစိုးရက ဝေဖန်ခံနေရပါတယ်။ တကယ်တမ်းတော့ အစိုးရဘက်ကရော၊ ချေးငွေယူမယ့်လုပ်ငန်းတွေပါ လုပ်ငန်းလည်ပတ်ပုံနဲ့ ငွေကြေးအချက်အလက် ဒါတွေကို တိတိကျကျသိဖို့လိုတယ်လို့ အသေးစားစီးပွားရေးလုပ်ငန်း အကြံပေးတဦးဖြစ်တဲ့ ကိုမာသင်က ပြောပါတယ်။
“SME လုပ်ငန်း လက်ရှိမြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတာလဲဆိုတဲ့ data တွေလိုတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဘက်ပေါ့ဗျာ။ လက်ရှိ ဘယ်လုပ်ငန်းကို ပေးမလဲဆိုတဲ့ စစ်ဆေးတဲ့နေရာမှာလည်း data က အဓိက ကျလာတယ်ဗျာ၊ လုပ်ငန်းတိုင်းကို ပေးလို့မရဘူး၊ ပေးမယ်ဆိုရင်တောင်မှ လုပ်ငန်း ဘယ်နှစ်ခုရှိတာလဲဆိုတာ သိရဲ့လားဆိုတာ စဉ်းစားဖို့လိုလာပြီ။”
တနိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ စက်တင်ဘာလအထိ ငွေလည်ပတ်နိုင်ဖို့ ကျပ်ငွေ ဘီလီယံ ၉၀၀ ကနေ ၂၁၀၀ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁.၅ ဘီလီယံ လောက်အထိလိုအပ်နိုင်တယ်လို့ Asia Foundation ကခန့်မှန်းထားပါတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဗဟိုဘဏ်တွေ အတိုးနှုန်း ၁ ရာခိုင်နှုန်းလောက်ထိ လျှော့ချလိုက်တဲ့အချိန် လုပ်ငန်းကြီးတွေ သက်သာရာရအောင် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း အတိုးနှုန်း ၇ ရာခိုင်နှုန်းလောက်ထိချခဲ့ပါတယ်။ ဗဟိုဘဏ်ဥပဒေအရတော့ ဒီထက်ပိုပြီးချလို့မရပါဘူး။ ဒါကြောင့် ဘဏ်ငွေချေးယူတဲ့ အပိုင်းလည်း မူဝါဒအပြောင်းအလဲလုပ်ဖို့ အစိုးရကို ပြောနေတာလည်းရှိပါတယ်။
ကမ္ဘာ့လုပ်သား ဆုံးရှုံးနိုင်တဲ့ ပမာဏက ၄.၅ ရာခိုင်နှုန်းကနေ ၁၀.၅ အထိဆိုးရွားလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်နဲ့ ILO ခန့်မှန်းထားတာပါ။ ဒါက အချိန်ပြည့် အလုပ်ပေါင်း သန်း ၃၀၀ ကျော်နဲ့ညီပါတယ်။ ပြည်တွင်းမှာတော့ တရားဝင်လုပ်ငန်းတွေက လုပ်သား ၂၀၀,၀၀၀ ကျော်လောက် အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ စာရင်းကောက်လို့မရတဲ့ ကျပန်းနဲ့ လက်လုပ်လက်စားတွေရဲ့ စာရင်းက ဒီထက်ပိုများနိုင်ပါတယ်။
ဗွီအိုအေမြန်မာပိုင်း