Covid-19 နှင့် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်း


04 February, 2021

ထိုင်းနိုင်ငံ၏ အောင်မြင်နေသော ခရီးသွားလုပ်ငန်းသည် ယခင်က မကြုံဖူးသော စီးပွားရေးလုပ်ငန်းများ ရပ်နားခြင်းနှင့် အလုပ်လက်မဲ့ပြဿနာများကြောင့် ထိခိုက်မှုများရှိလာသည်။

ထိုင်းဟိုတယ်အသင်း၏အဆိုအရ နိုင်ငံ၏ ဟိုတယ်လုပ်ငန်းတွင် အလုပ်သမား အနည်းဆုံး ၁သန်းခန့်ကို ယခုအချိန်အထိ အလုပ်ဖြုတ်ထားရကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံစုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၂၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးခဲ့သည်။ အဆိုပါလုပ်ငန်းကဏ္ဍသည် ကြီးမားလွန်းသဖြင့် နိုင်ငံစီးပွားရေးတွင် အလွှာအမျိုးမျိုးအပေါ် သက်ရောက်မှု ရှိသည်။ ယခုအခါ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ပိတ်သိမ်းမှုများသည် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေး ပြန်လည်နာလန်ထဖို့ကို နှောင့်နှေးစေသည်။

ပြီးခဲ့သည့် မတ်လက နိုင်ငံအတွင်း ပထမအကြိမ် Covid-19 ကူးစက်မှုများ ရှိလာသဖြင့် ထိုင်းအစိုးရက အသွားအလာကန့်သတ်ခြင်းနှင့် နိုင်ငံခြားခရီးသွားလာမှုကို ပိတ်ခဲ့သည်။ ထိုကန့်သတ်မှုများကို မေလမှစ၍ တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့ပြီး ထိုင်းလူမျိုးများကို နိုင်ငံ၏ ခရီးသွားနေရာများကို သွားလာခွင့်ပြုခဲ့သည်။ သို့သော် ၎င်းသည် ခရီးသွားလုပ်ငန်း၏ ဝင်ငွေရရှိမှုကို အထောက်အကူ မဖြစ်စေခဲ့ပါ။

၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားအရေအတွက်သည် ၆.၇ သန်း အထိ ကျဆင်းခဲ့ပြီး ယခင်နှစ်ထက် ၈၃ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ထိုင်းနိုင်ငံ၏ အဓိကခရီးသွား‌နေရာများရှိ ရာပေါင်းများစွာသော ဟိုတယ်များကို ပိတ်ထားပြီး အများစုမှာ ရောင်းချရန် စီစဉ်နေသည်။  ဒုတိယလှိုင်းတွင် ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေရသည့် အခြားစီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေများ ထပ်မံကျဆင်းသွားသဖြင့် ဒေဝါလီခံခဲ့ရသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဘတ် ၃ ထရီလီယံ ဝင်ငွေရရှိခဲ့သည်။ ထိုပမာဏ၏ သုံးပုံနှစ်ပုံမှာ နိုင်ငံခြားခရီးသွားများမှ ရရှိခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ခရီးသွားအေဂျင်စီ ၈၅၀ ရှိခဲ့သည်။ ယခုအထိ လုပ်ငန်း မပိတ်သိမ်းဘဲ ဆက်လက်လုပ်ကိုင်နေသည့် ခရီးသွားလုပ်ငန်းများသည် ပြည်တွင်း အပန်းဖြေ ခရီးစဉ်များကို လုပ်ကိုင်ကြပြီး ချမ်းသာသည့်ခရီးသွားများကို အထက်တန်းစား ခရီးသွားလာမှု စီစဉ်ပေးသည်။ သို့သော် သုံးနိုင်ဖြုန်းနိုင်ခြင်း လျော့နည်းနေသည့်အဖြစ် ကိုဗစ်က နိုင်ငံစီးပွားရေးကို တိုက်စားနေသဖြင့် ထိုခရီးစဉ်များ စီစဉ်ရသည်မှာ မလွယ်ကူဟု  ထိုင်းခရီးသွားကိုယ်စားလှယ်အသင်း ဥက္ကဋ္ဌ Sutthipong Puenpipob က ပြောသည်။

ထိုင်းဟိုတယ်များအသင်းက ကြွေးမြီဆိုင်းငံ့ထားမှုနှင့် ချေငွေများအပါအဝင် ပြန်လည်ရပ်တည်နိုင်ရန်အတွက် အစိုးရကို အဆိုတင်သွင်းခဲ့သည်။ ၎င်းကို အလုပ်သမားများအား လစာတစ်ဝက်လျှော့ချခြင်းကို ကာကွယ်ပေးရန်လည်း တောင်းဆိုခဲ့သည်။ အခြေအနေသည် မျှော်လင့်ထားသည်ထက် ပိုကြာနေသည့်အတွက် ပြန်လည်ရှင်သန်နိုင်ရန် အစိုးရ၏အကူအညီလိုအပ်သည်ဟု ထိုင်းဟိုတယ်များအသင်းဥက္ကဌ Marisa Sukosol Nunbhakdi က ပြောကြားခဲ့သည်။

Local News Read 256 times