မြန်မာနိုင်ငံ၏ ပဲမျိုးစုံဈေးကွက်သည် အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲများအောက်တွင် ဈေးကွက်ကမောက်ကမ ဖြစ်ပွားမှုအရှိန်ကိုရပ်တန့်နိုင်ခြင်း မရှိသေးပေ။ ကာလအတန်ကြာသည်အထိ နိုင်ငံ၏ ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှုမရှိသည့်နောက်တွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့သည် အခြားဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးဘက်သို့ ဦးတည်လာပြီဖြစ်သည်။
သြဂုတ် ၁၈ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းနှင့် တောင်သူများပါဝင်ဆွေးနွေးခဲ့ပြီး အကြုံပြုချက်များ ထွက်ရှိလာခဲ့သည်။
''တောင်သူကုန်သည်တွေ မထိခိုက်ဖို့ မတ်ပဲ၊ ပဲစင်းငုံနဲ့ပတ်သက်ပြီး နည်းဗျူဟာ ပြောင်းလဲဖို့ လိုအပ်လာပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်က ပြောသည်။
နိုင်ငံ၏ အရေးကြီးသော ပို့ကုန်ဝင်ငွေလမ်းကြောင်းတစ်ခု
*****
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့မှုအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့သည် အဓိကပဲပို့ကုန်အမျိုးအစားများ ဖြစ်သည်။ မတ်ပဲနှင့်ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက အားထားတင်ပို့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ပဲမျိုးစုံတင်ပို့မှုသည် ၂ဝ၁၅−၁၆ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၂ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ၊ ၂ဝ၁၆−၁၇ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄ သန်း၊ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ၊၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၃ သန်း၊ ပို့ကုန်ဝင်ငွေ ဒေါ်လာသန်း ၇ဝဝ ကျော်သာ ရရှိခဲ့သည်။
နှစ်စဉ်နိုင်ငံ၏ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှာပေးနိုင်သော ပဲမျိုးစုံကဏ္ဍသည် ၂ဝ၁၇ သြဂုတ်တွင် အိန္ဒိယက ပဲတင်သွင်းခြင်း ကန့်သတ်မှုဖြစ်ခဲ့ပြီး ပဲဈေးနှုန်းများကျဆင်းခဲ့ခြင်းကြောင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ ကျဆင်းခဲ့သည်။
ပဲမျိုးစုံသည် ၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်မတိုင်ခင်က မြန်မာနိုင်ငံ၏ ပို့ကုန်အများဆုံးဖြစ်သော သဘာဝဓာတ်ငွေ့ပြီးနောက် ဒုတိယအများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး ပဲတင်ပို့မှုသည် နိုင်ငံ၏လယ်ယာထွက်သီးနှံတင်ပို့မှုတွင် ၃၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
''မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယရဲ့ပိတ်ပင်မှုကြောင့် ပြည်တွင်း၊ ပြည်ပမှာ တခြားသီးနှံစိုက်ပျိုးဖို့ လိုတယ်ဆိုတာ ညွှန်ပြနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရင်ဆိုင်နေရတဲ့ ပို့ကုန်လိုငွေကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်မယ်'' ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဌ ဦးထွန်းလွင်က ပြောသည်။
ဈေးကွက်အပြောင်းအလဲ
*****
နိုင်ငံ၏ အဓိကကျသော ပို့ကုန်ဖြစ်သည့် ပဲမျိုးစုံကဏ္ဍသည် ၂ဝ၁၇ သြဂုတ်တွင် အိန္ဒိယ၏ ပဲတင်သွင်းမှု ကန့်သတ်ချက်ထွက်ပေါ်ပြီးနောက် ဈေးနှုန်းများကျဆင်းခဲ့ပြီး ပဲစိုက်တောင်သူများနှင့် ကုန်သည်များအပေါ် ရိုတ်ခတ်မှု ကြီးမားခဲ့သည်။ ၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်များအတွင်း ယခင်က မတ်ပဲတစ်တန်လျှင် ကျပ်၁ဝ သိန်းမှ ၁၅ သိန်းအထိရှိခဲ့ရာမှ ၂ဝ၁၇ သြဂုတ်နောက်ပိုင်းတွင် မတ်ပဲတစ်တန်လျှင် ကျပ်လေးသိန်းဝန်းကျင်သာ ရှိသည်အထိ ကျဆင်းသွားခဲ့သည်။
ပဲစိုက်တောင်သူများနှင့် ကုန်သည်များသည် ၂ဝ၁၈ မတ်လတွင် အိန္ဒိယ၏ပဲတင်သွင်းမှုအတွက် ထုတ်ပြန်သည့် ကန့်သတ်ပမာဏ (Quota) အပေါ် တစ်ဖန်ပြန်၍ မျှော်လင့်ချက် ကြီးမားခဲ့သော်လည်း လက်တွေ့တွင်မူ အိန္ဒိယဘက်က ဈေးကစားမှုကြောင့် အနိမ့်ဈေးဖြင့်သာ ရောင်းချခဲ့ရသည်။ အိန္ဒိယဘက်ခြမ်းတွင် မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဝဝ ကျော် ဈေးရှိနေချိန်တွင် မြန်မာထံမှ မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ၂၈ဝ၊ ၃ဝဝ ဝန်းကျင်ဖြင့်သာ ဝယ်ယူနေသည်။
ယင်းသို့ဖြစ်ရခြင်းမှာ အိန္ဒိယ၏ ကန့်သတ်ချက်ဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံတန်ချိန် သုံးသိန်းသာ ဝယ်ယူမည်ဆိုသည့်အချက်၊ အိန္ဒိယ၏သွင်းကုန်လိုင်စင်ကန့်သတ်ချက်များနှင့် မြန်မာဘက်တွင် ပဲတန်ချိန် သုံးသိန်းသတ်မှတ်ချက်အတွင်းဝင်အောင် ပြည်တွင်းဈေးကွက်မှ အပြိုင်အဆိုင်ရောင်းချခြင်းများကြောင့် ဈေးနှုန်းများကျဆင်းခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က သုံးသပ်သည်။
ထို့ကြောင့် လာမည့် စိုက်ပျိုးရာသီများတွင် မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှုကို လျှော့ချရန်နှင့် အခြားဈေးကွက်ဝင်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြံပြုသည်။
ဘယ်သီးနှံ စိုက်ပျိုးမလဲ
*****
၂ဝ၁၇ သြဂုတ်မှ ၂ဝ၁၈ သြဂုတ်၊ တစ်နှစ်တာကာလအချိန်အထိ မြန်မာနိုင်ငံ၏ မတ်ပဲနှင့် ပဲစင်းငုံဈေးကွက်သည် စိုက်ပျိုးသူတောင်သူများနှင့် ကုန်သည်များ အကျိုးအမြတ်မရရှိဘဲ အရှုံးပေါ်သည့် အနေအထားမျိုးဖြစ်နေသည့်အတွက် အဆိုပါ သီးနှံအမျိုးစားများအစား အခြားဈေးကွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများက ဝိုင်းဝန်းဆော်သြမှုများရှိလာပြီဖြစ်သည်။
ဈေးကွက်ဝင်သီးနှံများအဖြစ် အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ ပဲပုပ်၊ ကုလားပဲ၊ မြေပဲ စသည့်သီးနှံများ စိုက်ပျိုးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အကြံပြု ပြောဆိုထားသည်။
ဈေးကွက်အနေအထားအရလည်း အဆိုပါသီးနှံများသည် တရုတ်၊ ဥရောပနှင့် ဒေသတွင်းနိုင်ငံများတွင် ဈေးကွက်များရှိနေပြီး စိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်များလည်းရှိနေသည်ဟု ဦးတိုးအောင်မြင့်က ပြောသည်။
''အစေ့ထုတ်ပြောင်းက ကမ္ဘာ့ကုန်သွယ်မှုမှာ တန်ချိန် ၅၃ သန်းကျော်ရှိတယ်။ ကျွန်တော်တို့ဆီက ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းက တရုတ်ဘက်ကို သွားတယ်။ တရုတ်မှာ မွေးမြူရေးအစာနဲ့ တခြားအစားအစာတွေအတွက် သုံးတယ်။ ဒါကြောင့် ပြည်တွင်းမှာ ပြောင်းဈေးတွေ အရမ်းမြင့်ပြီး ပစ္စည်းပြတ်သလိုဖြစ်ပြီး ပြည်တွင်းတိရစ္ဆာန်အစာအတွက် အော်နေတဲ့အခြေအနေမျိုး (မလုံလောက်သော အခြေအနေမျိုး) တောင် ဖြစ်နေတယ်။ ပြောင်းဟာလည်း ဈေးကွက် ကြီးပါတယ်။ နိုင်ငံခြားအတွက်ရော၊ ပြည်တွင်း မွေးမြူရေးအတွက်ပါ ပြောင်းဟာ ဈေးကွက်ခိုင်မာတယ်လို့ ပြောလို့ရတယ်'' ဟု ဦးတိုးအောင်မြင့်က ပြောသည်။
တစ်ဧကစိုက်ပျိုးလျှင် ရရှိမည့်အကျိုးအမြတ်များအရ ပဲတီစိမ်းသည် ကျပ်သုံးသိန်း၊ ကုလားပဲသည် ကျပ်နှစ်သိန်း၊ ပဲပုပ်သည် ကျပ်နှစ်သိန်း၊ အစေ့ထုတ်ပြောင်းသည် ကျပ်နှစ်သိန်းမှ ငါးသိန်း၊ နှမ်းသည် ကျပ်နှစ်သိန်းနှင့် မြေပဲသည် ကျပ်နှစ်သိန်းတို့ ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ရှိဈေးကွက်နှင့် တွက်ခြေကိုက်နိုင်မှု အချက်အလက်များကို ကိုးကား၍ ဦးတိုးအောင်မြင့်က ပြောသည်။
''သီးနှံပြောင်းလဲစိုက်ပျိုးဖို့ လွယ်လွယ်ပြောလို့ရပေမဲ့ တောင်သူတွေ တကယ်ပြောင်းစိုက်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ အားလုံးလည်း သိပါတယ်။ မျိုးစေ့၊ နည်းပညာတွေ သက်ဆိုင်ရာဌာနတွေက ကူညီပေးဖို့ လုပ်ဆောင်ပေးစေလိုပါတယ်'' ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဌ ဦးထွန်းလွင်က ပြောသည်။
''အရေအတွက်ထက် အရည်အသွေးကို မြှင့်တင်ဖို့လိုပါတယ်။ ပဲတောင်သူတွေကို နိုင်ငံတော်က အရည်အသွေးမြှင့်တင်ရေး ရှုထောင့်ကနေ ပံ့ပိုးဖို့လိုပါတယ်''ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက အကြံပြုသည်။
အဆိုပါဆွေးနွေးပွဲတွင် တောင်သူများဘက်က သတင်းအချက်လက်များ လွယ်ကူစွာ ဖြန့်ဖြူးပေးရန်၊ ဈေးနှုန်းအာမခံချက်ပေးရန်၊ စိုက်ပျိုးရေ ရရှိရန်ဆောင်ရွက်ပေးရန်၊ ပဲအစားထိုး အခြားစိုက်ပျိုးသီးနှံ ထုတ်ပြန်ပေးရန်၊ ဒေသအလိုက် စိုက်ပျိုးသင့်သည့်သီးနှံများကို စနစ်တကျဆောင်ရွက်ပေးရန်၊ သီးနှံအရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းခွဲခြားပြီး ဝယ်ယူပေးရန်၊ နှစ်စဉ်ဖြစ်နိုင်ခြေရှိသော သီးနှံဈေးနှုန်း ခန့်မှန်းထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။
ပြည်ပတင်ပို့ရန် ဈေးကွက်ဝင် သီးနှံစိုက်ပျိုးရာတွင် ဈေးနှုန်းအရယှဉ်ပြိုင်နိုင်မှု၊ အရည်အသွေးကောင်းမွန်မှုနှင့် ဈေးကွက်လိုအပ်ချက်တို့သည် အဓိကအရေးကြီးပြီး အစိုးရက ထုတ်ပြန်ထားသော ကောင်းမွန်သည့်စိုက်ပျိုးရေးအလေ့အကျင့်ကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် စိုက်ပျိုး/မွေးမြူဝန်ကြီးဌာနတို့က အကြုံပြုခဲ့သည်။
''ဈေးကွက်စီးပွားရေးမှာ ကိုယ်ဘာစိုက်လဲဆိုတာ အရေးမကြီးပါဘူး။ ဈေးကွက်လိုအပ်ချက်အတိုင်း စိုက်ပျိုးပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက သီးနှံမျိုးတွေ၊ စိုက်ပျိုးရေးနည်းပညာတွေ၊ အသိပညာပေးတာတွေကို တောင်သူတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးဖို့လိုပါတယ်''ဟု စိုက်ပျိုးရေးပညာရှင် ဦးတင်ထွဋ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံကို မိုးရာသီတွင် ဧက သုံးသန်းခန့်၊ ဆောင်းရာသီတွင် ဧက ခုနစ်သန်းခန့် စိုက်ပျိုးလျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိပြည်တွင်းပဲဈေးကွက်
*****
ကုန်စည်လက်ကျန်နည်းပါပြီး ဝယ်လိုအားများခြင်းကြောင့် ပြည်တွင်းစားသုံးမှုများသော ပဲများ ဈေးနှုန်းမြင့်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲဈေးကွက်မှ စုံစမ်းသိရသည်။
ပြည်တွင်းစားသုံးမှုများသော ပဲကြီး၊ စားတော်ပဲ၊ ကုလားပဲ စသောပဲအများစုမှာ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှုများရှိနေပြီး ပြည်ပတင်ပို့သည့် မတ်ပဲ၊ ပဲစဉ်းငုံ တို့မှာ ဈေးနှုန်းကျဆင်းနေကြောင်း ရွှေမြှားပဲမျိုးစုံရောင်းဝယ်ရေးမှ ဦးခင်မောင်လှ ကပြောသည်။
"ပြည်တွင်းပဲတွေက ဈေးတက်တယ်။ Export ပဲတွေကတော့ မတက်ဘူး။ အခုတော့ ဈေးကျနေတယ်။ အဓိက အိန္ဒိယဝယ်လက်ကို သွားတာဆိုတော့ အိန္ဒိယကဈေးမပေးဘူး။ နောက်သူတို့က တန်ချိန်တွေနဲ့ သတ်မှတ် ထားတော့ ဒီဘက်ကရောင်းလိုတဲ့အားကများနေတယ်။ ပြည်တွင်းလက်ကျန်များတော့ ရောင်းချင်တဲ့သူများ တယ်။ အဲဒီထဲမှာ ကိုယ့်ပစ္စည်းပါအောင်တွန်းရောင်းတော့ ဈေးတွေကကျကုန်တယ်။ ဲ" ဟု ၎င်းကပြောသည်။
ပြည်တွင်းစားသုံးမှုများသည့် ပဲဈေးနှုန်းများတက်လာရခြင်းသည် ကုန်စည်ဒိုင်တွင် ပဲလက်ကျန်နည်းလာခြင်းနှင့် ဝယ်လိုအားများလာခြင်းကြောင့်ဖြစ်ပြီး ယမန်နှစ်ကဖြစ်ပေါ်ခဲ့သော ရာသီဥတုကြောင့် ပဲအထွက်နှုန်းများ လျော့ နည်းမှုရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ပဲစိုက်တောင်သူများအနေဖြင့် ဈေးနှုန်းပိုမိုရရှိသည့် Export ပဲများကိုသာ အဓိကထား စိုက်ပျိုးခြင်းကြောင့် ပြည်တွင်းပဲလက်ကျန်မှာ နည်းလာပြီး ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဘုရင်နောင်ကုန်စည်ဒိုင်၏ ပဲဈေးကွက်မှ သိရသည်။
"ပဲဈေးနှုန်းတွေကတော့ အပြောင်းအလဲများတယ်။ တစ်ရက်တစ်ဈေးလိုဖြစ်နေတယ်။ ပြည်တွင်းစားသုံးတဲ့ ပဲ ဈေးကတော့ စပေါ်တုန်းကထက် ၂၅ရာခိုင်နှုန်းလောက်ဈေးတက်လာတယ်။ အရင် ခုနစ်သောင်းလောက်က အခု တစ်သိန်းဝန်းကျင် ဖြစ်လာတယ်" ပဲရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။
ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံစသည့် ပဲများကိုနှစ်စဉ် ပြည်ပသို့တန်ချိန် ၁သန်းကျော် တင်ပို့လျှက် ရှိပြီး အမေရိကန် ဒေါ်လာ ၁ဘီလီယံကျော် ပုံမှန်ရရှိခဲ့သည်။ ၂၀၁၇-၁၈ခုနှစ်ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ပဲတန်ချိန် ၁သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၇၀၀ကျော်သာရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
Source: myanmar times/ mizzima