ယခင်နှစ် ဧပြီလထက် ယခုနှစ် ဧပြီလကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၂၈၀ သန်းအထိ တိုးတက်လာ


21 May, 2018

ယခုနှစ် ဧပြီလ(ယာယီ)အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးသည် ယမန်နှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက တိုးတက်လာခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၈၀ အထိ တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့သည်။

ယခင်နှစ် ကာလတူ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၉၈၀ သန်း ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါ်လာ သန်း ၃၀၀ ခန့် တိုးမြင့်လာခဲ့ကြောင်း ပြည်ပကုန်သွယ်မှု စာရင်း ဇယားများအရ သိရပါသည်။

ကုန်သွယ်မှုများအနက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများတွင်လည်း ကုန်သွယ်မှုပမာဏမြင့်တက်လာသည်ကို မြင်တွေ့ရပြီး ပြည်ပတင်ပို့မှုတွင် ဧပြီလ အတွင်း အမေရိကန်ဒေါ်လာ ၈၆၆ သန်းတန်ဖိုးအထိ တင်ပို့နိုင်ခဲ့ပြီး ပြည်ပမှ သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၄၁၄ သန်းအထိ ရှိလာခဲ့သည်။

ပြီးခဲ့သည့်ဘဏ္ဍာ နှစ်ကာလတူ ဧပြီလက ပြည်ပပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၆၃ သန်းအထိ တင်ပို့ထားသည့်အတွက် ယခုနှစ် ဧပြီလ ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ကထက် ဒေါ်လာ သုံးသန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြည်ပမှ သွင်းကုန်တန်ဖိုးတွင်လည်း ယမန်နှစ် ဧပြီလက အမေရိကန် ဒေါ်လာ ၁၁၁၇ သန်းသာ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခုနှစ် ဧပြီလ သွင်းကုန်တန်ဖိုးနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂၉၇ သန်းခန့် မြင့်တက် လာခဲ့သည်။

ပြည်ပပို့ကုန် ပစ္စည်းများ အုပ်စုလိုက်တင်ပို့ခြင်းတွင် စက်မှုကုန်ချောပစ္စည်း များ တင်ပို့ခြင်းသည် အများဆုံး တင်ပို့နိုင်သည့် ပြည်ပပို့ကုန် အမျိုးအစားဖြစ်ပြီး ၂၀၁၈ ဧပြီ တစ်လတာအတွင်း ဒေါ်လာသန်း ၃၆၃ ဒသမ ၇၉၉ အထိ တင်ပို့နိုင်ခဲ့သဖြင့် ယမန်နှစ်ဧပြီလက အမေရိကန် ဒေါ်လာ ၃၃၀ ဒသမ ၄၆၇သန်းသာ တင်ပို့နိုင်ခြင်းနှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ဒေါ်လာ ၃၃ သန်းကျော် တိုးတက်ခဲ့သည်။

တိရစ္ဆာန်ထွက် ပစ္စည်းများ တင်ပို့ရာတွင်လည်း ယမန်နှစ် ဧပြီလက ဒေါ်လာ ၁ ဒသမ ၂၀၉ သန်းတန်ဖိုးသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်ဧပြီတွင် ဒေါ်လာသန်းပေါင်း ၁၈ ဒသမ ၉၄၆ သန်း အထိ ရှိလာခဲ့သည့် အတွက် ဒေါ်လာ ၁၇ သန်းကျော် တိုးတက်ခဲ့သည်။

ဧပြီလ၏ ပြည်ပကုန်သွယ်မှု စာရင်းဇယားများအရ လယ်ယာထွက်ပစ္စည်း များ တင်ပို့မှုတွင် ဒေါ်လာ၂၃၃ ဒသမ ၈၂၀ သန်း၊ ရေထွက်ပစ္စည်းများ တင်ပို့မှုတွင် ဒေါ်လာ ၅၇ ဒသမ ၆၄၁ သန်း၊ သတ္တုတွင်းထွက် ပစ္စည်းများ တင်ပို့မှုတွင် ဒေါ်လာ ၇၂ ဒသမ ၇၂၄ သန်း၊ သစ်တောထွက်ပစ္စည်းများတင်ပို့မှုတွင် ဒေါ်လာ ၁၅ ဒသမ ၃၁၃ သန်းနှင့် အခြားပစ္စည်းများ တင်ပို့ရာမှလည်း ဒေါ်လာ ၁၀၃ ဒသမ ၈၇၀ သန်း အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ကာလတူ ယမန်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက လယ်ယာထွက် ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၁၆ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့နိုင်မှုသည် ဒေါ်လာ ၈ သန်းကျော်နှင့် အခြားပစ္စည်းများ တင်ပို့နိုင်မှု တွင်လည်း ဒေါ်လာ ၄၇ သန်းကျော် ကျဆင်းခဲ့ပြီး အခြားကုန်စည်များ အားလုံးသည် ယမန်နှစ် ဧပြီလ ပို့ကုန်တင်ပို့နိုင်မှုထက် ပမာဏ တိုးတက်များပြားခဲ့သည်ကို စာရင်းများအရ သိရသည်။

ပြည်ပသွင်းကုန်ပစ္စည်းများ အုပ်စုလိုက် တင်သွင်းမှုတွင် လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများတင်သွင်းမှုသည် ဧပြီလအတွင်း အများဆုံး ပြည်ပ တင်သွင်းမှု ဖြစ်ခဲ့ပြီး ဒေါ်လာ ၆၇၄ ဒသမ ၈၀၈ သန်းအထိ ရှိလာခဲ့သည့် အတွက် ယမန်နှစ် ကာလတူ ဧပြီလက ၄၅၁ ဒသမ ၃၆၇ သန်းသာ တင်သွင်းထားခြင်းကြောင့် သွင်းကုန်တန်ဖိုး နှိုင်းယှဉ်ပါက ဒေါ်လာ ၂၂၃ သန်းကျော် မြင့်မားလာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှု တွင် ယမန်နှစ်ကထက် ဒေါ်လာ ၄၃ ဒသမ ၆၅၅ သန်း ပိုမို များပြားခဲ့ပြီး ၂၀၁၈ ဧပြီလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှုသည် ၄၄၁ ဒသမ ၀၆၂ သန်းခန့် ရှိကြောင်း သိရသည်။

လူသုံးကုန်ပစ္စည်းများ တင်သွင်းခဲ့မှုတွင်လည်း ဧပြီလအတွင်း ဒေါ်လာ ၂၉၇ ဒသမ ၉၀၀ သန်း တန်ဖိုးရှိ ကုန်စည်များ တင်သွင်းနိုင်ခဲ့သည့်အတွက် ယမန်နှစ် ကာလတူ ဧပြီလက ၂၆၇ ဒသမ ၇၁၁ သန်းသာ တင်သွင်းနိုင် ခဲ့ခြင်းကြောင့် ဒေါ်လာ သန်း ၃၀ ကျော် တိုးတက်တင်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

Source: MOI

Export, Import Read 553 times