လတ်တလော ငါးခြောက်ဈေးကွက်အခြေအနေ


12 June, 2018

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အညာဒေသများမှ ငါးခြောက်ဝယ်လိုအားနည်းပါးလာသည့်အတွက် ဘုရင့်နောင်ပွဲရုံရှိ ငါးခြောက်ဈေးကွက်တွင် ယမန်နှစ်ထက် ဝယ်လိုအား ၄၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဘုရင့်နောင်ဈေးကွက်ရှိ ငါးခြောက်ပွဲရုံမှ သိရပါသည်။
ငါးခြောက်ဈေးကွက်တွင် ရန်ကုန်တိုင်းဒေသကြီးထက် အညာဒေသမှ ဝယ်ယူမှုပိုမိုများပြားသော်လည်း ယခင် ၁၀ အိတ်ခန့်ဝယ်ယူသူမှာ လက်ရှိတွင် တစ်သာဝယ်ယူလျက်ရှိပြီး ရန်ကုန်ဈေးကွက်တွင်လည်း သုံးပုံနှစ်ပုံခန့် အရောင်းအဝယ်ကျဆင်းသွားကြောင်း သိရပါသည်။

လတ်တလောတွင် ဘုရင့်နောင်ကုန်စည်ဈေးကွက်တွင် ငါးခြောက်ဈေးနှုန်းများမှာ ပလာတူး ငါးခြောက် တစ်ပိဿလျှင် ငွေကျပ် ၅၀၀ မှ ၁၂၀၀ ကြား၊ ငါးနီတူခြောက်တစ်ပိဿလျှင် ငွေကျပ် ၃၅၀၀ မှ ၅၅၀၀ ကြား၊ ငါးပုတ်သင်လုံးခြောက် တစ်ပိဿလျှင် ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ ကြား၊ ငါးတန်ခြောက်တစ်ပိဿလျှင် ငွေကျပ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိဈေးနှုန်းရှိကြောင်း သိရပါသည်။

လက်ရှိတွင် ကမ်းဝေးငါးဖမ်းခွင့်ပိတ်ထားသည့်အတွက် ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်းသို့ ကမ်းနီးငါးများသာ ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းချိုသာသဖြင့် ယင်းငါးခြောက်များသာ အနည်းငယ်အဝယ်လိုက်နေကြောင်း၊ ငါးခြောက်များမှာ တာရှည်အထားမခံသည့်အတွက် ဈေးလျှေ့ာရောင်းရသောကြောင့် အရှုံးပေါ်လေ့ရှိကြောင်း သိရပါသည်။

ပြည်တွင်းတွင် ငါးခြောက်ဈေးကွက်မှာ သင်္ကြန်၊ သီတင်းကျွက်နှင့် တန်ဆောင်မုန်းလတို့တွင်သာ အရောင်းအဝယ်ကောင်းသော်လည်း ကျန်အချိန်များတွင် အရောင်းအဝယ်အေးကြောင်း သိရပါသည်။

 Myawady

Local News Read 850 times