မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ သိရပါသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ ပြည်ပသို့ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၇ ဒသမ ၇၅၆ ဘီလျံကျော်သာရှိခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကာလတူတွင် ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံအထိရှိခဲ့ကြောင်း သိရပါသည်။
ကုန်သွယ်မှုပမာဏများကိုနှိုင်းယှဉ်ပါက ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၀ ဘီလျံကျော်အထိရရှိမည်ဟုမျှော်မှန်းထားကြောင်းနှင့် သမိုင်းတစ်လျှောက်အမြင့်ဆုံးကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည့် ယခင်နှစ်ထက်ပင် ပိုမိုမြင့်မားနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၀၁၈ ခုနှဏ် ဖေဖော်ဝါရီလလယ်အထိ ပို့ကုန်နှင့် သွင်းကုန်တွင် မနှစ်ကကာလတူထက် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံခန့် ပိုမိုများကြောင်း၊ ယင်းအနက် သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်၊ ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော် ပိုရထားသည့်အနေအထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၂၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄ ဒသမ ၃၃၅ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရပါသည်။
လက်ရှိဘဏ္ဍာနှစ် မတ် ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၉၂၆ ဘီလျံနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၁၆၅ ဘီလျံပါဝင်ကြောင်း သိရပါသည်။
Eleven