တရုတ်နိုင်ငံက တင်သွင်းခွင့်မပြု၍ လက်ရှိ မူဆယ်တွင် ဆန်တန်ချိန် ခြောက်သောင်းကျော် ပိတ်မိ


07 May, 2019

တရုတ် - မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ဆန်များကိုတရုတ်နိုင်ငံဘက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် နောက်ပိုင်းကစပြီး တင်သွင်းခွင့်မပြုတဲ့အတွက် လက်ရှိအချိန် မူဆယ်မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်တွေမှာ ဆန်တန်ချိန် ခြောက်သောင်းကျော် ပိတ်မိနေတယ်လို့ ဆန်ကုန်သည်အချို့ထံမှ သိရပါတယ်။

ဆန်ကုန်သည်တစ်ဦးက အခု မူဆယ်နယ်စပ်ဂိုဒေါင်တွေမှာ ရှိနေတဲ့ဆန်တွေက အရင်လက်ကျန်ဆန်တွေဖြစ်ပါတယ်၊ တရုတ်နိုင်ငံက တင်ပို့ခွင့် မပေးတဲ့နောက်ပိုင်း မူဆယ်ဘက်ကို ဆန်ကားတွေ တက်လာတာ မတွေ့ရတော့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဒီမူဆယ်နယ်စပ်မှာ ပိတ်မိနေတဲ့ဆန်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ နေ့စဉ်နဲ့အမျှ စဉ်းစားနေရတယ်။

တရုတ်ဘက်က တရားမဝင် မှောင်ခိုတားဆီးမှုဆိုပြီးတော့ စီမံချက်တွေနဲ့ ဝင်တဲ့လမ်းကြောင်းတွေမှာ စောင့်ဖမ်းတာတွေရှိသလို ဖမ်းမိတဲ့လူတွေကို အရေးယူမှုတွေ ပြုလုပ်ကြတာရှိနေပြီး မြန်မာနဲ့ ထိစပ်မှုရှိနေတဲ့ နယ်စပ်မျဉ်း တစ်လျှောက်မှာ မှောင်ခိုမလုပ်ကြဖို့ ဆော်ဩနေကြတာတွေလည်း ရှိနေတဲ့အတွက် တရားမဝင်လမ်းကြောင်းက သွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူးလို့ ပြောပါတယ်။

မူဆယ် ဆန်စပါးကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဘိုဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်းကို အိုဗာဆီးလိုင်းမှ တင်သွင်းခွင့် ရရှိခဲ့တယ်လို့ ကြားသိရပါတယ်။ တင်ပို့တဲ့အခါ မူဆယ်မှာ ပိတ်မိနေတဲ့ ဆန်တွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားပေးစေလိုကြောင်း၊ လက်ရှိအချိန်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ ဆန်ကို တရားဝင်လမ်းကြောင်းမှ တစ်ဆင့် လိုင်စင်နဲ့ တင်ပို့ခြင်းကို ခွင့်ပြုထားပေမယ့်လည်း ဆန်အလုံးအရှည်အပေါ် မူတည်ပြီး ကန့်သတ်ထားတဲ့အတွက် ဆန်အမျိုးအစားအချို့မှာ လိုင်စင်နဲ့ တရားဝင်သွင်းရာမှာလည်း သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အခက်အခဲ ရှိနေပြီး ပိတ်မိနေခြင်းဖြစ်ကြောင်း ပြောပါတယ်။

မူဆယ်မှာ ဆန်များပိတ်မိနေချိန် ကုန်သည်အချို့အနေနဲ့ ဆန်အိတ်များ ပျက်စီးမှာစိုး၍ မြန်မာနိုင်ငံအတွင်းသို့ ပြန်သယ်ကြတာလည်းရှိပါတယ်။ လက်ရှိအခြေအနေတွေအရ ဆန်တင်ပို့မှုမှာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကထက် များစွာ လျော့နည်းကျဆင်းသွားပါတယ်။

ဒီအတိုင်း ဆက်ဖြစ်နေပါက အရောင်းအဝယ်ဒိုင်များအဖို့ ပိုဆိုးမှာဖြစ်သလို အလုပ်သမားများ၊ ကားသမားများနဲ့ အခြားအလွှာပေါင်းစုံကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဆန်စပါးစိုက်ပျိုးကြတဲ့ တောင်သူလယ်သမားများ၊ စက်ပိုင်းများအတွက်လည်း အခက်အခဲဖြစ်စေတယ်လို့ ဆန်ကုန်သည်များက သုံးသပ်ပြောကြားကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ ဆန်များတင်ပို့မှုကို လက်မခံပေမယ့်လည်း တရုတ်နိုင်ငံသားအချို့ကိုတော့ တင်သွင်းခွင့် လိုင်စင်ချထားပေးရာ ထိုတရုတ်နိုင်ငံသားများက မြန်မာနိုင်ငံအတွင်းမှ ဆန်ဈေးကို သိရှိထားသလို အချို့ဆိုရင် မြန်မာနိုင်ငံအောက်ပိုင်း ဆန်စပါးစိုက်ပျိုးရာ ဒေသတွေအထိ ကိုယ်တိုင် ဆင်းဝယ်နေကြပါတယ်။ ဒီပုံစံအတိုင်း တရုတ်ကုန်သည်များက ပြည်တွင်း ဆန်စိုက်ပျိုးရာ ဒေသတွေအထိ ဆင်းဝယ်ကြပါက မြန်မာကုန်သည်များအဖို့ ထိခိုက်နစ်နာမှုများ ဖြစ်စေပါတယ်။

လက်ရှိအချိန်မှာပင် တရုတ်နယ်စပ်တစ်လျှောက် တရားမဝင်ကုန်ပစ္စည်း တားဆီးရေးစီမံချက်ဖြင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းနဲ့ သကြားများကို ပိတ်ဆို့ထား၍ မြန်မာကုန်သည်များ၊ ကားသမားများ၊ အလုပ်သမားများ အဆင်မပြေကြကြောင်း၊ ကုန်သည်များအနေနဲ့ နယ်စပ်ဒေသမှာ အရင်ကလို တရုတ်နိုင်ငံအထိ နယ်စပ်မှသွားရောက် ရောင်းချခွင့်ရဖို့ လိုလားနေကြကြောင်း ကုန်သည်များရဲ့ ပြောကြားချက်အရ သိရပါတယ်။

Myanma Alinn 

Export, Import Read 2560 times