ကျိန်စာသင့်နေဆဲဖြစ်တဲ့ မြန်မာ့လေကြောင်းကဏ္ဍ


26 July, 2018

FMI လေကြောင်းလိုင်းဟာ ငါးနှစ်ခန့်လုပ်ငန်းလည်ပတ်ပြီးနောက် ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့က အရှုံးပေး ထွက်ခွာခဲ့ရတဲ့တတိယမြောက်လေကြောင်းလိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။

ဖက်စပ်စီးပွားရေးလုပ်ငန်း အစီအစဉ်နဲ့ ပြည်တွင်းဖက်စပ်စီးပွားရေးလုပ်ငန်းကုမ္ပဏီအစီအစဉ်များ အဆုံးသတ်သွားချိန်မှာ ယခုဖြစ်စဉ်ဟာ လေကြောင်းလုပ်ငန်းအတွင်း အစိုးရရဲ့ ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုကာကွယ်ပေးခြင်းမူဝါဒအပေါ် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ကုန်နေပြီဆိုတာကို ပြသလိုက်တဲ့ သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။

“မြန်မာ့လေကြောင်းလုပ်ငန်းအတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းမှာ စိန်ခေါ်မှုများ တဖြည်းဖြည်းမြင့်တက်လာ နေပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ FMI လေကြောင်းလိုင်းကို ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ရပါတယ်” ဟု FMI ရဲ့ ဥက္ကဌဖြစ်သူ ဆာ့ဂျ်ပန်းက လွန်ခဲ့သော သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ လုပ်ငန်းယာယီရပ်ဆိုင်းမှုကြောင့် ပိုလျှံဝန်ထမ်း ၁၃၄ ဦးအထိ ရှိလာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တဲ့ ရန်ကုန်အခြေစိုက် FMI လေကြောင်းလိုင်းဟာ ပြည်တွင်းသယ်ယူပို့ဆောင် မှုနဲ့ စင်းလုံးငှားဝန်ဆောင်မှုများကိုပေးခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ သံတွဲမြို့တို့ အထိ ပျံသန်းပြေးဆွဲခဲ့ပါတယ်။ Yangon Land ထံသို့ စတော့ရှယ်ယာ ၄၀ ရာခိုင်နှုန်းခန့်ရောင်းချခဲ့အပြီး ၂၀၁၅ ခုနှစ်မှာ First Myanmar Investment Co., Ltd (FMI) ဟာ FMI လေကြောင်းလိုင်းအတွင်း ၁၀ ရာခိုင်နှုန်းခန့် ရင်းနှီးထည့်ဝင်ခဲ့ပါတယ်။

FMI လေကြောင်းလိုင်းဟာ Air Bagan နဲ့ Apex လေကြောင်းလိုင်းတို့ပြီးနောက် မြန်မာ့လေကြောင်း လုပ်ငန်းအတွင်းမှာ အရှုံးပေးထွက်ခွာခဲ့ရတဲ့ တတိယမြောက်လေကြောင်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့ အချိန်ထိ မြန်မာ့လေကြောင်းလုပ်ငန်းအတွင်းက ပြည်တွင်းကုမ္ပဏီ ၁၀ ခုထဲမှ ၃ ခုခန့်ဟာ အရှုံးပေးထွက်ခွာခဲ့ ရပြီးပြီဖြစ်ပါတယ်။

FMI လေကြောင်းကုမ္ပဏီဟာ စရိတ်ချွေတာရေးလေကြောင်းလိုင်းဖြစ်တဲ့ မလေးရှားအခြေစိုက် AirAsia ကုမ္ပဏီ နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကြိုးပမ်းခဲ့ဖူးပါတယ်။ ထိုစဉ်က မစ္စတာပန်ဟာ AirAsia ရဲ့ စီအီးအိုဖြစ်သူ တိုနီဖာဒန်ဒက်ဇ်နဲ့အတူ ဆစ်ဒနီမြို့မှာတွေ့ဆုံပြီး ဖက်စပ်စီးပွားရေးလုပ်ငန်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။ သို့သော်လည်း မေလ ၁၅ ရက်နေ့တုန်းက မစ္စတာဖာဒန်ဒက်ဇ်က စေ့စပ်ညှိုနှိုင်းမှုကို ရပ်တန့်လိုက်ပြီဖြစ်တယ် လို့ ပြောခဲ့ပါတယ်။ အကယ်၍ ညှိုနှိုင်းမှုအဆင်ပြေခဲ့ပါက ဖက်စပ်လေကြောင်းကုမ္ပဏီကြီးဟာ အပြည်ပြည်ဆိုင် ရာနဲ့ ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်မှုကို စတင်လုပ်ကိုင်နေမှာဖြစ်ပါတယ်။ သို့သော်လည်း မြန်မာ အာဏာပိုင်များဟာ ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးတဲ့အနေနဲ့ ပြည်ပလေကြောင်းကုမ္ပဏီတွေ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်ခြင်းမပြုဖို့ ဆက်လက်တားမြစ်ခဲ့ပါတယ်။

“AirAsia အနေနဲ့ FMI Air နဲ့အတူ ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ ဆွေးနွေးခဲ့ချိန်မှာ သူတို့အနေနဲ့ ပြည်တွင်း လေကြောင်းခရီးစဉ်များကို ပြေးဆွဲသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။တကယ်လို့ ကျနော်တို့ဘက်က ခွင့်ပြုလိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ တော်တော်လေး ထိခိုက်သွားပါလိမ့်မယ်” ဟု မြန်မာ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောခဲ့ပါတယ်။

AirAsia နဲ့ FMI Air တို့ရဲ့ ပူးပေါင်းလုပ်ကိုင်မယ့်အစီအစဉ်ဟာ ပြီးခဲ့တဲ့မေလမှာ တားမြစ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ယင်းမတိုင်ခင်ကလည်း ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးလေကြောင်းကုမ္ပဏီကြီး ANA ဟာ မြန်မာပြည်က ရွှေသံလွင်လုပ်ငန်းစုကြီးနဲ့ အတူ Asian Blue ဖက်စပ်လေကြောင်းကုမ္ပဏီကြီးထူထောင်ဖို့ စီစဉ်ခဲ့ဖူးပြီး လေကြောင်းအော်ပရေတာ အသိအမှတ်ပြုလက်မှတ်အတွက် လျှောက်ထားခဲ့ဖူးသော်လည်း အစိုးရဘက်မှ ဖြေရှင်းချက်မပေးပဲ ပယ်ချခဲ့ဖူးပါတယ်။ ဒါဟာ ANA ရဲ့ ဒုတိယမြောက်ကြိုးပမ်းချက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း Asian Wings Airways နဲ့အတူ ဖက်စပ်လုပ်ကိုင်ဖို့ လျှောက်ခဲ့တုန်းက ပယ်ချခံခဲ့ရဖူးပါတယ်။

ပူးပေါင်းလုပ်ငန်းများလုပ်ကိုင်ဖို့ ကြိုးပမ်းမှုများကို အစိုးရဘက်က ပယ်ချနေခြင်းဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုတိုးတက်စေပြီး လေကြောင်းလုပ်ငန်းကြီး အပြိုင်အဆိုင် တိုးတက်ဖြစ်ထွန်းစေမယ်လို့ ကတိကဝတ်ပြုခဲ့ဖူးတဲ့ အစိုးရရဲ့ပြောဆိုချက်နဲ့လည်း သွေဖီနေပါတယ်။ လွန်ခဲ့သော ၂၀၁၃-၁၄ ခုနှစ်ကတည်းက လေကြောင်းလုပ်ငန်းကဏ္ဍမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့ဖူးသော်လည်း မြန်မာအစိုးရဟာ အပြောနဲ့အလုပ်မညီဖြစ်နေတာကို တွေ့နေရပါတယ်။

၂၀၁၆ မြန်မာအစီရင်ခံစာထဲမှာ လေကြောင်းလုပ်ငန်းအကြံပေးအဖွဲ့ကြီး CAPA-Centre က မြန်မာပြည်ရဲ့ လေကြောင်းဈေးကွက်ဟာ ဈေးကွက်အပြိုင်ကုမ္ပဏီ ၁၀ ခုနဲ့ ပြည့်ကြပ်နေပြီး အသစ်ထပ်မံဝင်ရောက်လာတဲ့ APEX နဲ့ FMI လေကြောင်းလိုင်းတို့ဟာလည်း တိုးတက်လာခြင်းမရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။

အစိုးရအနေနဲ့ လေကြောင်းလုပ်ငန်းကဏ္ဍအတွင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်း MAI ကလွဲလို့ ကျန်တဲ့ပြည်တွင်းလေကြောင်းလိုင်းများဟာ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများဖြစ်ပါတယ်။ ဒါပေမယ့် ဒီလေကြောင်းလိုင်းတွေဟာလည်း လိုင်စင်ကိစ္စများနဲ့ အခြား သက်သေသာဓကများအရ အစိုးရနဲ့ ပက်သက်မှုအချို့ရှိတယ်လို့ ပြောလို့ရပါတယ် ဟုလည်း CAPA က ပြောခဲ့ ပါတယ်။ အဓိကပြသနာကတော့ လေကြောင်းကဏ္ဍအတွင်း ကျန်ရှိနေသေးတဲ့ လုပ်ငန်းရှင်တွေဟာလည်း လုပ်သမျှ မဖြစ်သလို Air KBZ အပါအဝင် အများစုဟာ အရှုံးပေါ်နေကြပါတယ်။

“မြန်မာနိုင်ငံအတွင်းကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်များ နည်းပါးသွားတာကြောင့် ကျမတို့ အနေနဲ့ မနှစ်က ၂၅က နေ ၃၀ ရာခိုင်နှုန်းအထိ အရှုံးပေါ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ဇန်နဝါရီလကနေ မေလ အထိ ကျမတို့အနေနဲ့ ၃၀ ရာခိုင်နှုန်းလောက် အရှုံးပေါ်ခဲ့ပြီးပါပြီ” ဟုမန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းနှင့် Air KBZ တို့မှ အထွေထွေမန်နေဂျာဖြစ်သူ ဒေါ်အေးမြသာက ပြောခဲ့ပြီး လေကြောင်းပြေးဆွဲမှုများကို ရပ်နား သွားမယ့်အစီအစဉ်မရှိသေးကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက European Chamber of Commerce ရဲ့ ထုတ်ပြန်ခဲ့တဲ့ ခရီးသွားဧည့်သည်ကဏ္ဍပေးစာ ထဲမှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေရဲ့ စရိတ်စကမြင့်မားမှုကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေနဲ့ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေးနဲ့ ကျိုက်ထီးရိုးတို့လောက်ပဲ အဖွဲ့လိုက်အတူတကွ သွားလာနေကြပြီး ပင်လယ်ကမ်းခြေအပန်းဖြေနေရာများကိုတော့ ရောက်ရှိဖို့ခက်ခဲနေတယ်လို့ ဖော်ပြထားပါတယ်။ ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ သံတွဲလို နေရာမျိုးအထိ ပျံသန်းပြေးဆွဲနေတဲ့ FMI Air လေကြောင်းလိုင်းကလည်း ရပ်နားလိုက်ပြီဖြစ်တာကြောင့် ခရီးသွားဧည့်သည်များအနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားကို သွားရောက်လည်ပတ် ဖို့ ပိုမိုခက်ခဲသွားပြီလည်း ဖြစ်ပါတယ်။

Myanmar Times

Local News Read 2441 times