အခု ပုံပမာပြုပြီး ပြောပြမယ့် ဆံသဆိုင်ဆိုတာ အမျိုးသားတွေ ညှပ်တဲ့ ဆံသဆိုင်ကို ဆိုလိုပါတယ်။
ဆံသဆိုင်ကလေးတွေ ဆိုင်ခန်းငှားခ မတတ် နိုင်ကြလို့ နေရာပြောင်းသွားရင်း ဘယ်ရောက်သွားမှန်း မသိရတော့တာတွေ ရှိတယ်။ ဆံညှပ်ခကလည်း နှစ်စဉ် ဈေးတက်တယ်။ လူအများစုက အိမ်နဲ့ နီးနီးနားနားရှိတဲ့ ဆံသဆိုင်မှာ ညှပ်ဖြစ်ကြတယ်။
ဆိုင်ခန်းခကြောင့် ဆိုင်နေရာပြောင်းသွားတာ သိပ်မဝေးဘူးဆိုရင် အဲဒီဆိုင်မှာပဲ သွားညှပ်ဖြစ်ကြတယ်။ ဖြစ်နေနိုင်သရွေ့တော့ ဆိုင်မပြောင်းကြဘူး။ ဘာလို့ အခုလို စွဲမြဲနေတာလဲ။
ညှပ်နေကျဆိုင်မှာ သွားညှပ်ရင် အရင်ပုံအတိုင်း ဆံသဆရာက ညှပ်ပေးတယ်။ ထွေထွေထူးထူး ပြောနေဖို့ မလိုတော့ဘူး။ ဘယ်လိုပုံမျိုး ညှပ်ပေးပါလို့ ရှင်းပြနေဖို့ မလိုတော့ဘူး။
အဲဒီအချက်ဟာ မိမိရဲ့ ဖောက်သည်တွေကို ကိုယ့်ဆီမှာ စွဲမြဲနေအောင် ထိန်းပေးထားနိုင်တဲ့ ဆေးစွမ်းကောင်းတစ်မျိုး ဖြစ်ပါတယ်။ အဲဒီဆေးနဲ့ မိမိထံမှာ ဖောက်သည်တွေ၊ မိတ်ဟောင်းတွေ စွဲမြဲအောင် လုပ်လို့ရတဲ့အပြင် မိတ်သစ်တွေကိုလည်း မိမိထံမှာ စွဲမြဲနေအောင် လုပ်လို့ရပါတယ်။ ဒီဆေးကို ဖော်ပေးရသူတွေ ကတော့ ဝယ်ယူသုံးစွဲသူတွေနဲ့ ထိတွေ့ရတဲ့ဝန်ထမ်း တွေဖြစ်ပါတယ်။
ဆံပင်ညှပ်ဖို့ ဘယ်အချိန်မှာ လိုအပ်လာသလဲ။ ဆံပင် ရှည်လာတဲ့အခါ လိုအပ်တယ်။ သပ်သပ်ရပ် ရပ်ရှိဖို့ လိုအပ်တဲ့အခါမှာလည်း လိုအပ်တယ်။
လုပ်ငန်းတစ်ခုအနေဖြင့် မိမိရောင်းချတဲ့ ကုန် စည်ဖြစ်ဖြစ်၊ ဝန်ဆောင်မှုဖြစ်ဖြစ် စားသုံးသူတွေက ဘယ်လိုအချိန်အခါမျိုး၊ ဘယ်လို အခြေအနေမျိုးတွေ မှာ လိုအပ်သလဲဆိုတာ သိအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။
မိမိထံ ဝယ်ယူဖို့ အလားအလာရှိကြသူတွေ ဝယ်ယူဖို့ မလိုအပ်သေးချိန်မှာ ကြော်ငြာဖိုးကို လျှော့သုံးတာမျိုးကို ဂရုပြုပေးရမှာ ဖြစ်ပါတယ်။ နို့မို့လို့ရှိရင် နွေခေါင်ခေါင်မှာ မိုးကာအင်္ကျီကို ကြော် ငြာတာမျိုး မလုပ်မိမှာ ဖြစ်ပါတယ်။ တကယ်လို့ လိုအပ်မယ့်အချိန်တွေ ဘယ်တော့ဖြစ်မှာလဲဆိုတာ စဉ်းစားပြီး သတ်မှတ်ပေးထားရမယ်။
ပြီးတော့ မလိုအပ်ဘူးလို့ ယူဆရတဲ့အချိန်တွေမှာ လိုအပ်တယ်လို့ ယူဆအောင်လုပ်ပေးနိုင်ဖို့ကိုလည်း ကြံဆပေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မိုးကာအင်္ကျီကို လက် တွေမပါဘဲ ချိုင်းပြတ် ချုပ်မယ်။ ရေလုံတဲ့ အိတ် ထောင်တစ်မျိုးကို ထည့်ချုပ်ပေးထားပြီး ဖုန်းထည့်လို့ ရအောင် စီစဉ်ပေးထားပြီး ရေပက်တဲ့ သင်္ကြန်ရက်အတွက် ကြော်ငြာအားသုံးစွဲပြီး ရောင်းအားမြှင့်တင် ပေးနိုင်ပါတယ်။
ဆံသဆရာတွေက ပုံမှန် ညှပ်နေကျ ဘိုကေ၊ ဘဲမြီး၊ ကတုံးဆံတောက် စတဲ့ပုံတွေအပြင်အနောက် တိုင်းမှ ပုံဆန်းတွေကိုလည်း ညှပ်ပေးခြင်းဖြင့် အဲဒီ လို အမောက်ထောင်တဲ့ပုံမျိုး ထားချင်စိတ်ပေါက် လာသူအဖို့ ဆံပင်ညှပ်ဆိုင်ကို ရောက်လာဖို့် ကြံဆ ဖန်တီးတတ်ကြပါတယ်။
ဆံသဆရာက ဆံပင်လာညှပ်တဲ့သူရဲ့ ဘဝကို အပြောင်းအလဲ ဖြစ်စေတယ်။ ဆံပင်ညှပ်ပြီးလို့ ထိုင်ခုံကထတဲ့အခါ မှန်ထဲမှာ ကိုယ့်ပုံရိပ်ကို ကြည့် ရှုစစ်ဆေးတယ်။ အပြောင်းအလဲ ဖြစ်သွားတာကို အရသာခံတယ်။ ဒီတော့ ဆံသဆရာရဲ့ အဓိကကျတဲ့ ဝန်ဆောင်မှုက ဘာလဲဆိုတော့ ဆံပင်ညှပ်ခံ သူရဲ့ ဘဝကို ပိုကောင်းအောင် ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။
စီးပွားရှာတဲ့ လုပ်ငန်းမှာလည်း စားသုံးသူရဲ့ ဘဝမှာ ပိုကောင်းသွားအောင် ဘယ်လိုပြောင်းလဲပေး နိုင်မလဲဆိုတာ မေးခွန်းထုတ်ပြီး အဖြေရှာကြရမှာ ဖြစ်ပါတယ်။ အဲဒီအဖြေကို အသုံးပြုပြီး စားသုံးသူ တွေ ဝယ်ယူသုံးစွဲအောင် လုပ်ပေးရမှာဖြစ်ပြီး သူတို့ ရဲ့ ဘဝမှာ ဘယ်လို ပိုမိုအဆင်ပြေသွားသလဲဆိုတာ သူတို့ အရသာခံနိုင်အောင်လည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။
အဲဒီအချက် အောင်မြင်ရင် ရရှိလိုက်တဲ့ ပိုမိုအဆင်ပြေသွားပုံကို နီးစပ်ရာလူတွေကို ပြောပြမယ်။ လူမှုကွန်ရက်တွေမှာလည်း တင်ပြကြမယ်။ အခမဲ့ ကြော်ငြာဝန်ဆောင်မှုကို လုပ်ငန်းက ရရှိသွားမှာဖြစ် ပါတယ်။
ဆံသဆိုင်တွေမှာ ဆံပင်ညှပ်ခကို သတ်မှတ်တဲ့အခါ နောက်ဆုံးဘိတ်မှာ သုံးစွဲတဲ့ ဘလိတ်ဓား တစ်ခြမ်းအတွက် ကုန်ကျစရိတ်ကို ထည့်တွက်ထားလေ့ရှိပါတယ်။ ညှပ်လို့ ပြီးသွားတဲ့အခါ အဲဒီ ဘလိတ် ဓားတစ်ခြမ်းနဲ့ အနားသတ်ပေးပါတယ်။ ညှပ်ခံသူ အဖို့ သေသေသပ်သပ်ဖြစ်အောင် ဂရုစိုက်ခံရတယ်လို့ ကျေနပ်မိတယ်။
ပြီးတော့ အခမဲ့ အဆစ်ပေးလိုက်သလို ယူဆမိတယ်။ အဲဒါက တန်ဖိုးတွက်လို့ ရတယ်။ တန်ဖိုး မဖြတ်နိုင်တာက ဆံပင်ညှပ်နေစဉ်မှာ ဆံသဆရာက ထွေရာလေးပါး ပြောဆိုပေးနေတာ ဖြစ်ပါတယ်။ ဟို အကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ စကား ပြောဖြစ်ကြတယ်။
ဝေဖန်ချင်တဲ့ကိစ္စကို ဝေဖန်ပြောဆိုလို့ ရသွားတယ်။ ဆွေးနွေးချင်နေမိတဲ့ ကိစ္စကို ပြောဆိုလို့ ရသွားတယ်။ ကိုယ်သိထားတဲ့အချက်တွေ ပြန်ဖောက်သည်ချခွင့် ရသွားတာမို့ ဆံပင်ညှပ်ခံသူ ဟာ ဆံသဆရာကို ခင်တွယ်မိရာမှ ဆံပင်ညှပ်ဆိုင်ရဲ့ ဖောက်သည်အဖြစ်သို့ ရောက်သွားလေ့ရှိပါတယ်။ ငွေကြေးကုန်ကျမှုမရှိပဲ ဆံပင်လာညှပ်သူတွေကို ဆွဲငင်သိမ်းဆည်းထားလိုက်တာ ဖြစ်ပါတယ်။
စီးပွားရှာလုပ်ငန်းတွေမှာလည်း အခမဲ့ပေးကမ်း ခြင်း ရှိနေအောင် စီစဉ်ပေးထားရမှာ ဖြစ်ပါတယ်။ အဓိကရောင်းကုန် သို့မဟုတ် အဓိကဝန်ဆောင်မှုနဲ့ သွယ်ဝိုက်ပတ်သက်တဲ့ တစ်စုံတစ်ခုကို လက်ဆောင် အဖြစ် ပေးနိုင်အောင် ကြံဆစီမံရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် နေ့လယ်စာ ထမင်းချိုင့် ပေးပို့တဲ့ ဝန် ဆောင်မှုကို လုပ်ကိုင်တယ်ဆိုရင် ငပိရည်ကောင်း ကောင်းကို တို့စရာနဲ့တကွ အခမဲ့ ထည့်ပေးလိုက်ရ မှာ ဖြစ်ပါတယ်။ သတိပြုသင့်တာက အခမဲ့ပေးတာ ဖြစ်ပေမဲ့ ထိုက်တန်တယ်လို့ ယူဆတဲ့ အရည်အသွေး ရှိဖို့ လိုပါတယ်။ ဒါမှ မိမိပေးတဲ့ လက်ဆောင်ကြောင့် မျက်နှာရမှာ ဖြစ်ပါတယ်။ မိမိထံမှာ စားသုံးသူ ခင်တွယ်မှာ ဖြစ်ပါတယ်။
ပြီးတော့ ဆံသဆရာက စကားစမြည်ပြောပေး တဲ့ဟာမျိုးလို တန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်ပြီး အခမဲ့ လည်း ဖောဖောသီသီ ပေးနိုင်မယ့်ဟာမျိုးကိုလည်း ကြံဆစီစဉ်ပေးထားရမှာ ဖြစ်ပါတယ်။
စားသုံးသူအဖို့ တန်ဖိုး မဖြတ်နိုင်ပေမဲ့ လုပ်ငန်းရှင်အနေဖြင့် ကုန်ကျမှု မရှိလှတဲ့ဟာမျိုးကို စီစဉ်ပေးထားရမှာ ဖြစ်ပါတယ်။ အရောင်းဆိုင်တစ်ခုမှာ ဝန်ထမ်းက ချိုသာသော စကားကို ပြုံးရွှင်သော မျက်နှာဖြင့် ပြောဆိုပေးခြင်း မျိုးဟာ စာသုံးသူတွေအဖို့ တန်ဖိုး အင်မတန် ကြီး မားပါတယ်။
ဆံသဆရာနဲ့ ပုံပမာခိုင်းနှိုင်းထားလို့ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ အလေးအနက်ထားပြီး ကျင့်သုံးကြည့်ရင် စားသုံးသူတွေကို မိမိထံ မှာ ခင်တွယ်နေကြတာကို လက်တွေ့အကျိုး ခံစားရရှိမှာ ဖြစ်ပါကြောင်း။
WMA