ထားဝယ်ခရိုင် လျှပ်စစ်ယူနစ်ကြေး တိုးမြှင့်ကောက်ခံမှရမည့် အနေအထား ဖြစ်ပေါ်


30 July, 2018

ထားဝယ်ခရိုင်လျှပ်စစ်ယူနစ်ကြေး ကို တိုးမြှင့်ကောက်ခံမှရမည့် အနေ အထား ဖြစ်ပေါ်နေကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဇူလိုင်လ ၁၇ ရက် တိုင်းအစိုးရသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဂက်စ်ဈေး တိုးမြင့်လာခြင်းကြောင့် ယူနစ်ကြေး တိုးမြင့်ကောက်ခံရမည့် အနေအထား ရောက်ရှိလာခြင်းဖြစ် သည်ဟု ဝန်ကြီးချုပ်က ပြောသည်။ လက်ရှိဂက်စ်ဈေးအရဆိုက တစ်ယူနစ် ၂၀၀ ကျပ်ဖြင့် ထုတ်လုပ်ဖြန့် ဖြူးရန် လုံး၀ မဖြစ်နိုင်ဘဲ တစ်ယူနစ် အနည်းဆုံး ၂၆၀ ကျပ်နှုန်းကောက်ခံမှရ မည့် အနေအထား ဖြစ်နေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း မီးသုံးစွဲသူ အချို့က ထပ်တိုးကောက်မည်ကို မလို လားကြဘဲ အခြားပြည်နယ်နှင့်တိုင်းများ နှင့် တန်းတူရရန် ပြည်ထောင်စုမှ တစ်စုံ တစ်ရာ ထောက်ပံ့ပေးသင့်ကြောင်း ပြောဆိုကြသည်။

“ကျွန်တော်တို့နဲ့ အနီးဆုံး မွန်ပြည် နယ်မှာတောင် တစ်ယူနစ်ကို ၃၅ ကျပ်ပဲ ပေးနေရတာ ကျွန်တော်တို့တိုင်းက ဘာဖြစ်နေလို့လဲပေါ့။ ကျွန်တော်တို့ အစိုးရကရော ဘာမှ မလုပ်ပေးတော့ဘူး လား သိချင်တာ”ဟု လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာ မီးလင်းရေးတာဝန်ခံ ဦးကျော်ဌေးက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကမူ တစ်ယူနစ် ကျပ် ၂၀၀ ထက်ပိုတိုး မည်ကို တိုင်းအစိုးရအဖွဲ့က လုံး၀ လက်မခံဟု ပြောသည်။

“လက်ရှိဂက်စ်ဈေးနဲ့ဆိုရင် ဘယ် နည်းနဲ့မှ ၂၀၀ နဲ့ မပေးနိုင်ပါဘူး။ ကျွန်မတို့အစိုးရအဖွဲ့ကလည်း ၂၀၀ ထက်ပိုတာကို လုံး၀ လက်သင့်မခံပါဘူး”ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

ဝန်ကြီးချုပ်၏ ပြောဆိုချက်အရ ဂက်စ်ဈေးမှာ ၂ နှစ် ကျော်ကျော်အတွင်း ၂ ဆခန့် တက်သွားခြင်း ဖြစ်သည်။

“အရင် ကြယ်နီလာကုမ္ပဏီက လုပ် တုန်းက ၅ ပွိုင့် ၇ ပဲ ဖြစ်ပါတယ် တစ်ယူနစ်တန်ဖိုးဟာ၊ အခု ၁၁ ဒဿမ ၉ ဖြစ်နေပါတယ်။ ၁၁ ဒဿမ ၉ ဖြစ် နေလို့ရှိရင် သူတို့ လုပ်နိုင်တဲ့လူအနေနဲ့က ဒီဂက်စ်ဈေးနဲ့ ထုတ်လုပ်ဖြန့်ချိ ၂၀၀ နဲ့ က လုံး၀ မဖြစ်နိုင်ပါဘူး” ဟု ဝန်ကြီးချုပ် က ပြောသည်။

ကြယ်နီလာကုမ္ပဏီမှာ ၂၀၁၅ ခုနှစ် က ထားဝယ်ခရိုင်အတွက် ဂက်စ်ဖြင့် လျှပ်စစ်စတင် ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။

ဝန်ကြီးချုပ်ပြောသည့် ၅ ပွိုင့် ၇ ဆိုသည်မှာ လျှပ်စစ်တစ်ယူနစ်အတွက် ဂက်စ်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဆင့် ကျသင့်ခဲ့သည်ကို ဆိုလိုခြင်း ဖြစ်နိုင်ကြောင်း ၂၀၁၅ ခုနှစ်က ထားဝယ် ခရိုင်တွင် လျှပ်စစ်ဖြန်ဖြူးခဲ့သည့် ဖိုးသီး ချို လျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီ မန်းနေး ဂျင်းဒါရိုက်တာ ဒေါက်တာဝင်းထိန်က ပြောသည်။

ယခုအချိန်တွင် လျှပ်စစ်တစ်ယူနစ် အတွက် ဂက်စ်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉ ဆင့် ပေးချေနေရသည်ဆိုပါက ဇူလိုင်လ ၂၁ ရက်နေ့ ဒေါ်လာပေါက် ဈေးအရ လျှပ်စစ်တစ်ယူနစ်အတွက် ဂက်စ်ဖိုး မြန်မာငွေ ၁၆၉ ကျပ်ခန့် ပေးချေရနေရခြင်း ဖြစ်သည်။

ယင်းသည် ဂက်စ်ဖိုးသက်သက် ဖြစ်ပြီး စက်များငှားရမ်းခ၊ ဖြန့်ဖြူးရေး စရိတ်နှင့် အခြားစရိတ်များ မပါဝင်သေး ပေ။

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခ ဈေးတက်မည့်အကြောင်းကို GGS ကုမ္ပဏီ တာဝန်ရှိသူများကလည်း ပြော ဆိုခဲ့ကြောင်း ရပ်ကျေးမီးလင်းရေးတာဝန်ခံများထံမှ သိရသည်။

GGS တာဝန်ရှိသူများနှင့် ထားဝယ် ၄ မြို့နယ်မှ ရပ်ကျေးမီးလင်းရေး တာဝန်ခံများ ဇူလိုင်လ ၁၄ ရက်နေ့ က ထားဝယ် ဇေယျထက်စံဟိုတယ် တွင် အစည်းအဝေးပြုလုပ်စဉ်တွင် မီတာခ ဈေးတက်ရန်ရှိသည်ဟု ပြောသွားကြောင်း ရပ်ကျေး မီးလင်းရေးတာဝန်ခံများက ပြောကြသည်။

“ဦးအောင်မြတ်(GGS ကုမ္ပဏီ၏ တာဝန်ရှိသူ) ပြောတာကတော့ မီတာခ ဈေးတက်ဖို့ရှိတယ်ပေါ့နော်။ အဲဒီလို ဈေးတက်တာ သူတို့နဲ့မဆိုင်ဘူးပေါ့။ ဘယ်အချိန်ကစပြီး တက်မယ်ဆိုတာ တော့ မပြောသွားဘူး” လောင်းလုံးမြို့ နယ် ပန်းဒလဲကျေးရွာ မီးလင်းရေးတာဝန် ခံ ဦးဇော်မင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ GGS ကုမ္ပဏီတာဝန်ရှိသူ ဦးအောင်မြတ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ရန် တနင်္သာရီ အပတ်စဉ်မှ GGS ရုံးသို့သွားရောက်ခဲ့ရာ တွေ့ခွင့်မရသဖြင့် ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ ပေ။

လျှပ်စစ်အခြေပြု လုပ်ငန်းရှင် အချို့ကမူ မီတာခတက်လျှင် လုပ်ငန်းရှင် အတွက် ပြဿနာ မကြီးမားနိုင်သော် လည်း ကုန်ဈေးနှုန်းတက်ကာ ဒေသခံ များသာ ပိုထိခိုက်မည်ဖြစ်ကြောင်း ပြော ကြသည်။

ထားဝယ်မြို့မှ ရေခဲစက်ပိုင်ရှင် တစ်ဦးက မီတာခ ဈေးတက်လျှင် ရေခဲစက်လုပ်ငန်းရှင်အတွက် ပြဿနာ မရှိနိုင်ဘဲ ရေခဲဈေးနှုန်းကို လိုက်တက် ရုံသာဟု ဆိုသည်။

“မီတာခဈေးတက်မယ်ဆို ရေခဲ ဈေးမြှင့်ဖို့ ရေခဲစက်ရုံပိုင်ရှင်တွေ ညှိနှိုင်း ပြီး ဈေးတင်ရတယ်။ အဓိက ထိခိုက်မှာ ကတော့ စားသုံးသူ ပြည်သူတွေပဲ နစ်နာကြမှာ”ဟု ၎င်းက ဆိုသည်။

တစ်ချို့လုပ်ငန်းရှင်များကမူ မီတာခတက်က လုပ်ငန်းကို ထိခိုက်နိုင် ကြောင်း ပြောကြသည်။

လက်ရှိတွင် မီတာခ တစ်လ သိန်း ၄၀ မှ ၆၀ ကြား ကျသင့်ပေးဆောင်နေရ သည်ဆိုသော ထားဝယ်မြို့အတွင်းရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးက မီတာခတက် တိုင်း ဟိုတယ်ခ ဈေးတင်ရန် မဖြစ်နိုင်ဟု ဆိုသည်။

“အခုတောင်မှ ဧည့်သည်က အဝင် နည်းရတဲ့ကြားထဲမှာ မီတာခတွေသာ ထပ်တက်မယ်ဆိုရင် အခက်အခဲတွေနဲ့ ရင်ဆိုင် ရနိုင်တာပေါ့။ အခန်းခ ဈေးနှုန်း ကတော့ တင်လို့မရဘူး၊ ဧည့်သည် ဝင်တာ အရမ်းနည်းနေတဲ့အချိန်မှာ ဈေး တက်လိုက်ရင် အဆင်မပြေဘူး၊ ပိုနည်း သွားလိမ့်မယ်” ဟု ယင်းဟိုတယ်ပိုင်ရှင်က ပြောသည်။

လက်ရှိအတိုင်းဆိုက လျှပ်စစ် ထုတ်လုပ်သူဘက်ကလည်း အရှုံးပေါ် နေမည်ဟု ထောက်ပြသူလည်း ရှိသည်။

ဝန်ကြီးချုပ်ပြောသည့် ဂက်စ်ဈေး နှုန်းအတိုင်း အမှန်ပင် ပေးချေနေရသည် ဆိုက လျှပ်စစ်ထုတ်လုပ်သူအတွက် မည်သို့မျှ အရင်းပြန်မရနိုင်ဘဲ အရှုံးပေါ် နေနိုင်ကြောင်း လက်ရှိ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တင်ဒါဝင်ပြိုင်ခဲ့ဖူးသော ဖိုးသီးချိုလျှပ် စစ်ဝန်ဆောင်မှုကုမ္ပဏီ မန်းနေးဂျင်းဒါ ရိုက်တာ ဒေါက်တာဝင်းထိန်က ပြော သည်။

“ဈေးက တက်မှကို ရမယ့်အနေ အထားပါ။ စီးပွားရေးသမားတစ်ယောက် အနေနဲ့ ပြောရရင် အစိုးရရဲ့ အခြားပံ့ပိုး မှုတွေ မရဘူးဆိုရင် (ယူနစ်ကြေး)တိုးမှ ကို ရမယ်ဖြစ်နေတယ်”ဟု ဒေါက်တာ ဝင်းထိန်က ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် ကမူ ယူနစ်ကြေး တိုးမကောက်ရရေး ပြည်ထောင်စုနှင့် ညှိနှိုင်းနေကြောင်း ပြောသည်။

“အနည်းဆုံး ၂၆၀ လောက်မှ ဖြစ် နိုင်မယ်ဆိုတဲ့အတွက်ကြောင့် ကျွန်မတို့ ဒီဂက်စ်ဈေးကို ပြည်ထောင်စုမှာ အမေ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ သမ္မတ ဦးဝင်းမြင့်ရယ် ကျွန်မတို့ ညှိနှိုင်း နေပါတယ်၊ စွမ်းအင်ဌာနကလည်း တာဝန်ရှိပုဂ္ဂိုလ်တွေ ညွှန်ချုပ်တွေ ပါဝင် ပြီးတော့ ညှိနှိုင်းနေပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြည်ထောင်စုနှိုင်းနေစဉ်အတွင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရေးတင်ဒါခေါ်ယူမှုကို ဆိုင်းငံ့ထားမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိတွင် GGS ကုမ္ပဏီက လျှပ် စစ်ထုတ်လုပ်ခွင့်ရရှိထားပြီး ဖြန့်ဖြူးရေး လုပ်ငန်းကို ယာယီ လုပ်ကိုင်ခွင့်ရရှိထား သည်။

ထားဝယ်ခရိုင်အတွင်း ကံပေါက် ဂက်စ်မီးဖြင့် ၂၀၁၅ ခုနှစ် ဇွန်လမှစ တစ်ယူနစ် ကျပ် ၃၀၀ နှုန်းဖြင့် စတင် ဖြန့်ဖြူးခဲ့သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင်မူ တစ်ယူနစ် ကျပ် ၂၁၀ သို့ ကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ ယခုချိန်အထိ တစ်ယူနစ် ကျပ် ၂၀၀ ဖြင့် ကောက်ခံနေ သည်။

Dawei Watch

Local News Read 540 times