ဇန်နဝါရီ(၁၈)ရက်နေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး က ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး စီးပွားရေးဇုန် ဖြစ်လာမယ့် စီမံကိန်းပါ။ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် အရှေ့ အနောက် စီးပွားရေးစင်္ကြန်နဲ့ တောင်ဘက်ခြမ်း စီးပွားရေးစင်္ကြန်တို့ကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
စတုရန်း ကီလိုမီတာ၂၀၀ ကျယ်ဝန်းတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းထဲကနေ အီတာလျံထိုင်းကုမ္ပဏီဟာ ထိုင်း-မြန်မာဆက်သွယ်မယ့် ထီးခီး-ထားဝယ် နှစ်လမ်းသွားစီမံကိန်း အပါအဝင် ကနဦးစီမံကိန်း(၈)ခုကို ဆောင်ရွက်ခွင့် ရထားတာ ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်က ထားဝယ် အထူးစီးပွားရေးဇုန်ကို အီတာလျံထိုင်းကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ စီမံကိန်း စတင် လုပ်ဆောင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ စီမံကိန်းကို အီတာလျံထိုင်းဘက်က အကောင်အထည်ဖော်နိုင်မှု အားနည်းတဲ့အတွက် ခေတ္တ ရပ်နားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အစိတ်အပိုင်း တချို့ကို တင်ဒါ ပြန်ခေါ်တဲ့အခါ အီတာလျံထိုင်းက ပြန်လည်ရရှိခဲ့တာပါ။
အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ ပင်မစီမံကိန်းကြီးတစ်ခုလုံးကို အစိုးရက ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်နေရာကနေ အခုအခါ အီတာလျံထိုင်းနဲ့ စာချုပ်ကို မြန်မာအစိုးရဘက်က ရပ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာအစိုးရဘက်က စာချုပ် ရပ်ဆိုင်းလိုက်ရတာနဲ့ ပတ်သက်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရဲ့ အတွင်းရေးမှူး ဦးတင်ထူးနိုင်က "သူတို့ဘက်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့မှုကော်မတီကို ပေးဆပ်ရမယ့် ငွေကြေးတွေ မပေးဆပ်နိုင်တာက အကြောင်းရင်း တစ်ရပ်ပါ။ စီမံကိန်း ဆောင်ရွက်ဖို့ ဘဏ္ဍာငွေရ ရှိနိုင်မယ့် အစီအစဉ်တွေ၊ အထောက်အထားတွေ တင်ပြနိုင်တာ မရှိတာက တစ်ချက်ပါ၊။ နောက်တခုကတော့ စီမံကိန်းကို မည်သို့မည်ပုံ ဆောင်ရွက်မယ်၊ ဘယ်တော့မှာ ဆောင်ရွက်မယ် ဆိုတဲ့ အချိန်ဇယားတွေ တောင်းဆိုတာကိုလည်း ဆောင်ရွက်ခဲ့တာ မရှိပါဘူး။ ဒါတွေက အဓိက အချက်တွေပါ" လို့ ဘီဘီစီကို ပြောပါတယ်။
စာချုပ် ရပ်ဆိုင်းလိုက်တဲ့အတွက် ဥပဒေအရ လျော်ကြေး တောင်းဆိုမယ် ဆိုတာမျိုး အီတာလျံထိုင်း ကုမ္ပဏီက နိုင်ငံတကာမီဒီယာတွေမှာ ပြောဆိုထားတာနဲ့ ပတ်သက်လို့လည်း ဦးတင်ထူးနိုင်က "ဥပဒေကြောင်းအရ လျော်ကြေး ဆိုတာမျိုး သူတို့ဘက်က ဆောင်ရွက်လာမယ် ဆိုရင်လည်း ကျွန်တော်တို့ဘက်ကနေ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေနဲ့ ပြင်ဆင် ဆောင်ရွက်သွားမှာပါ" လို့ ပြောပါတယ်။
အီတာလျံထိုင်းနဲ့ စာချုပ်လုပ်ပိုင်ခွင့်တွေကို မြန်မာအစိုးရဘက်က ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ ကနဦးသတင်းတွေ ထွက်ပေါ်တဲ့နောက်မှာ ရှယ်ယာဈေးကွက်မှာ အီတာလျံထိုင်းရဲ့ ရှယ်ယာစျေးတွေ ထိုးကျသွားခဲ့ပါတယ်။
မြန်မာအစိုးရဘက်က အခုလို စာချုပ် ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေအကြား စိုးရိမ်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတယ်လို့ နိုင်ငံခြားမီဒီယာတွေက ဆိုပါတယ်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)ရဲ့ ဒါရိုက်တာ ဗစ်ကီ ဘိုးမန်း ကတော့ ဒီလို စာချုပ်ရပ်ဆိုင်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှုရှိမလာနိုင်ဘူးလို့ ပြောပါတယ်။
"ဒီလို စာချုပ် ရပ်ဆိုင်းမှုကြောင့် တခြား နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး။ ဒါက ကုမ္ပဏီတစ်ခုနဲ့ ဆိုင်တဲ့ကိစ္စပါပဲ။ ဒါကတော့ တစ်ပိုင်းပေါ့။ ဒါပေမယ့် တကယ် အရေးကြီးတဲ့ အချက်ကတော့ အဲဒီနေရာမှာ ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေသေးတယ်။ ဒါတွေကို တိတိကျကျ ဖြေရှင်းဖို့ လိုတယ်။ နောက်တစ်ခုက ဘယ်သူနဲ့ပဲ ဆက်လုပ်လုပ် စီမံကိန်းရဲ့ သက်ရောက်မှုတွေကို စနစ်တကျ လေ့လာစိစစ်ဖို့ လိုတယ်။ ရေအနက်မှာ သက်ရောက်နိုင်မှု၊ သဘာဝ ပတ်ဝန်းကျင်အပါအဝင် တခြား ထိခိုက်နိုင်ခြေ၊ အဲဒါတွေ အားလုံးကို ကြိုတင် ပြင်ဆင် တွက်ချက်ဖို့ လိုတယ်" လို့ ထောက်ပြပါတယ်။
လက်ရှိမှာတော့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကြီးရဲ့ ပင်မစီမံကိန်းကြီးကို G to G လို့ခေါ်တဲ့ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ၊ ထိုင်းနဲ့ ဂျပန် သုံးနိုင်ငံအကြား ဆက်လက် ဆွေးနွေးသွားမယ်လို့ မြန်မာအစိုးရဘက်က ပြောနေပါတယ်။
"ဒီထားဝယ် အထူးစီးပွားရေးဇုန် ပြီးသွားရင် ဘန်ကောက်ကို ကားနဲ့ သွားချိန်က အချိန်လေးနာရီပဲ ကြာမယ်၊ အရှေ့ အနောက် စီးပွားရေးစင်္ကြန် East West Corridor နဲ့ တောင်ဘက်ခြမ်း စီးပွားရေးစင်္ကြန် Southern Economic Corridor တို့ကို ချိတ်ဆက်နိုင်မှာ ဖြစ်သလို မလက္ကာ ရေလက်ကြားကို သွားမယ့် လမ်းကြောင်းကိုလည်း အစားထိုး အသုံးပြုလာနိုင်လို့ မဟာဗျူဟာ ကျတဲ့နေရာမှာ တည်ဆောက်ထားတာပါ" လို့ အစောပိုင်း ကာလတွေတုန်းက ဒေါက်တာတင်ထူးနိုင်က ဘီဘီစီကို ဖြေကြားထားပါတယ်။ ဒါပေမယ့် စီမံကိန်းတွေအလိုက် တင်ဒါသစ် ခေါ်ဖို့ကတော့ လက်ရှိမှာ မရှိသေးဘူးလို့ ဆိုပါတယ်။
တနင်္သာရီကမ်းရိုးတန်း တစ်လျှောက် (၁၃) ကီလိုမီတာ အရှည်မှာ ဆောင်ရွက်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂၀၂၃ ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ အစိုးရဘက်က ခန့်မှန်းထားပါတယ်။
ဘီဘီစီ