မသေချာမှုများနှင့် ရှေ့ဆက်ရမည့် ထားဝယ်အထူးစီးပွားရေးဇုန်


19 January, 2021

မြန်မာအစိုးရသည် ၂၀၀ စတုရန်းကီလိုမီတာ စီမံကိန်းကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံဖြင့် တည်ဆောက်ရန် သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံ၏ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) တွင် အတားအဆီးများရှိခဲ့သည်။ 

ဒီဇင်ဘာ ၃၀ ရက်နေ့တွင် Italian-Thai Development (ITD) သည် ပေးသွင်းရမည့် ငွေ ပေးသွင်းရန် ပျက်ကွက်ခြင်းနှင့် အခြားအချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့် ကုမ္ပဏီနှင့် ၎င်း၏ဖွံ့ဖြိုးရေးကုမ္ပဏီများအား မြန်မာအစိုးရဘက်မှ ဖယ်ရှားခဲ့သည်ဟု ကြေညာခဲ့သည်။ အဆိုပါကြေညာချက်သည် ထား၀ယ်အထူး စီးပွားရေးဇုန်ကို တည်ဆောက်သူများအတွက် ငွေကြေးနှင့် လူမှုဆက်ဆံရေးပြဿနာများကို ဖြစ်ပေါ်စေသည်။

အထူးစီးပွားရေးဇုန်သည် နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံး အခွင့်အလမ်းတစ်ခုဖြစ်ပြီး မလက္ကာရေလက်ကြားကိုဖြတ်သန်းရန် မလိုတော့ဘဲ ရေကြောင်းကုန်သွယ်မှုကို ခွင့်ပြုနိုင်သည့်အတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။

၎င်းသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းတွင် တည်ရှိပြီး ရန်ကုန်မှ ကီလိုမီတာ ၆၀၀ ကျော်၊ ထိုင်းနိုင်ငံ Kanchanaburi မှ ၁၅၀ ကီလိုမီတာ အကွာတွင်ရှိသည်။ ထားဝယ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် Chonburi ပြည်နယ်ရှိ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်ထားသောလမ်းကို မြန်မာနိုင်ငံ၊ အရှေ့တောင်ပိုင်းရှိ တောတောင်များတွင်တည်ဆောက်နေသည်။

လွန်ခဲ့သော ၁၃ နှစ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်တွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်မှုများမရှိခဲ့သော်လည်း  မြေယာသိမ်းဆည်းမှုများ၊ အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးမှုများနှင့် သတင်းအချက်အလက်ရရှိခြင်း နည်းပါးမှုများကို ကန့်ကွက်ခဲ့ကြသည်။

စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်မှာ မသေချာသော်လည်း ဒေသခံအချို့ကို နေရာပြောင်းရွှေ့ပြီးဖြစ်ပြီး လူအများစုက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကို ဖျက်ဆီးသည်ဟု ယူဆကြသည်။ ထားဝယ်စီမံကိန်းသည် မသေချာမှုများနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့်ဒုက္ခရောက်နေသည်။ ထားဝယ်အထူးစီးပွားရေးဇုန်သည် ငွေကြေးပြဿနာများ၊ အသက်မွေး၀မ်းကျောင်းနှင့် ပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှုများနှင့် ရုန်းကန်နေရသည်။

ထားဝယ်စီမံကိန်းတွင်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့်ရေနံဓာတုထုတ်လုပ်မှုတို့ပါဝင်သည်။ အထူးစီးပွားရေးဇုန်ကို ပထမဆုံး ခွင့်ပြုခဲ့သောအခါ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၅၈ ဘီလီယံခန့်ကုန်ကျမည့် ရေကာတာ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ ရေနံချက်စက်ရုံနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတို့ကို ဆောက်လုပ်ရန် အစီအစဉ်များရှိသည်။

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ITD (Italian-Thai Development) ကို စီမံကိန်းအတွက် အဓိကကုမ္ပဏီအဖြစ် ၇၅ နှစ်လုပ်ပိုင်ခွင့်ကို ခွင့်ပြုခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ITD သည် ငွေကြေးကိစ္စရပ်ကြောင့် စီမံကိန်းမှ နှုတ်ထွက်ခဲ့သည်။ ထိုနှစ်တွင်ပင် ဒေသခံများသည် ထားဝယ်ရှိမြေယာအခွင့်အရေးများနှင့် အခြားချိုးဖောက်မှုများအပေါ် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြသည်။

စီမံကိန်းသည် ဒေသခံများ၏ ပြင်းထန်သောကန့်ကွက်မှုများကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရသည်။ RAND ကော်ပိုရေးရှင်း၊ ထားဝယ်ဖွံ့ဖြိုးရေးအသင်းနှင့် EarthRights International တို့မှပြုလုပ်သော ဒေသဆိုင်ရာ ထင်မြင်ချက်များနှင့် လူ့အခွင့်အရေးသက်ရောက်မှုများကို အဓိကလေ့လာမှုများပြုလုပ်ခဲ့သည်။ လူထုခြေပြုအဖွဲ့အစည်းများက အဆိုပါ စီးပွားရေးဇုန်သည် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို အဓိကခြိမ်းခြောက်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။  

၂၀၁၅ ခုနှစ်တွင် မြန်မာအစိုးရသည် စီမံကိန်း၏ပထမအဆင့်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အကုန်အကျခံ၍ ITD ကို ပြန်လည်ခေါ်ယူခဲ့သည်။ အနည်းဆုံး တရုတ်ကုမ္ပဏီ ၈ ခုမှ စိတ်ဝင်စားမှု ရှိနေသော်လည်း  ITD သည် စီမံကိန်းအတွက်  ရင်းနှီးမြှုပ်နှံမှု မရရှိကြောင်း ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ် သဘောတူညီချက်များတွင် ဂျပန်နိုင်ငံနှင့် ၎င်း၏ နိုင်ငံခြားဖွံ့ဖြိုးရေးအေဂျင်စီများသည် ထား၀ယ်အထူး စီးပွားရေးဇုန်ကို နောက်ကွယ်မှပံ့ပိုးပေးသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က စီမံကိန်းကို ဂျပန်နိုင်ငံက အပြည့်အဝ ပံ့ပိုးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏အခန်းကဏ္ဍများမှ တစ်ခုမှာ Thailand’s Neighboring Countries Economic Development Cooperation Agency (NEDA) နှင့် အလုပ်လုပ်ရန်ဖြစ်သည်။

သို့သော် ထားဝယ်နှင့်ထိုင်း ဆက်သွယ်မည့်လမ်းတွင် သိသိသာသာဆန့်ကျင်မှုများရှိနေ၍ အချို့ဖြစ်ရပ်များတွင် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံလုံးက ဒေသခံများနှင့် အမျိုးသားအုပ်စုများက ဆောက်လုပ်ရေးလုပ်ငန်းကို သဘောမတူသောကြောင့် အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်၍ ပြင်းထန်သောဆန့်ကျင်မှုရှိခဲ့သည်။ ထားဝယ်နှင့်ထိုင်း ဆက်သွယ်မှုလမ်းသည် မြေယာအငြင်းပွားမှုများကို ဖြစ်ပေါ်စေပြီး ရေအရင်းအမြစ်များကို ဆိုးကျိုးသက်ရောက်စေသည့်အပြင် ဂေဟစနစ်များကိုပါ ပျက်စီးစေသည်။ အဆိုပါသက်ရောက်မှုများသည် လမ်းတစ်လျှောက် နေထိုင်သူများ၏ စားနပ်ရိက္ခာနှင့် အသက်မွေး၀မ်းကျောင်းများကို ခြိမ်းခြောက်ခဲ့သည်။

ITD ၏ ဥက္ကဋ္ဌ Premchai Karnasuta သည် နာမည်ဆိုးဖြင့်ကျော်ကြားနေချိန် ထိုင်းအာဏာရှင်အဖွဲ့များက သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များကို တောရိုင်းတိရစ္ဆာန်များဘေးမဲ့ပေးသည့်နေရာတွင် တွေ့ရှိခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် နိုင်ငံရေးအရ အုံကြွမှုတစ်ခုဖြစ်စေနိုင်သော်လည်း စီမံကိန်းအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်မည်မဟုတ်ပါ။ လတ်တလော ကြေညာချက်များနှင့် ယခင်က ကျရှုံးမှုများရှိခဲ့သော်လည်း ITD သည် ထားဝယ်သို့ ပြန်လာနိုင်ဖွယ်ရှိသည်။  စီမံကိန်းရှေ့ဆက်သွားသည်နှင့်အမျှ မြန်မာနိုင်ငံ၏ NLD အစိုးရသည် အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်သော အခြေခံအဆောက်အအုံများကို ထပ်မံလျှော့ချနိုင်သည်။ သို့သော် အစိုးရနှင့်အထူးစီးပွားရေးဇုန်တွင် ငွေကြေးထောက်ပံ့သူများက မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို မသိသေးသ၍ ထားဝယ်ဒေသခံများအနေဖြင့် လာမည့်နှစ်များအတွက် မသေချာမှုများနှင့် မငြိမ်မသက်မှုများကို ရင်ဆိုင်ရဦး မည်ဖြစ်သည်။

Ref: ASEAN Today

Investment/Divestment Local News Read 422 times