၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု စံချိန်တင်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု လျော့နည်းကျဆင်းလျက်ရှိသည်။၂ဝ၁၈ ခုနှစ် (ဧပြီမှ ဒီဇင်ဘာအထိ) ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့ထားပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၇၈ သန်း ရရှိထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ထားခြင်းဖြစ်ရာ ယခုနှစ်တင်ပို့မှုသည် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော် လျော့နည်းလျက်ရှိသည်။ဆန်တင်ပို့မှု လျော့နည်းနေမှုသည် မြန်မာနိုင်ငံက အားထားတင်ပို့ရသော တရုတ်ဈေးကွက်မှ ဝယ်လိုအားလျော့နည်းသွားခြင်းသည် အဓိကအကြောင်း ရင်းတစ်ရပ်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကမ္ဘာ့ဆန်ဈေးကျဆင်းမှုကို ရင်ဆိုင်ခဲ့ ရသည်။ ''ဆန်ပို့တာက မနှစ် (၂ဝ၁၇−၁၈) က ပမာဏလောက်တော့ မမီလောက်ဘူး။ အဓိက ဝယ်သူတွေဘက်က ဝယ်လိုအားနည်းတာကြောင့်ပါ''ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။
မြန်မာ့ဆန်ကို နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားဝင် ဝယ်ယူခြင်းမဟုတ်ပေ။ ထို့ကြောင့် တရုတ်အာဏာပိုင်များက တရားမဝင် ကုန်သွယ်မှု ဖမ်းဆီးမှုများ ပြုလုပ်ချိန်တွင် တရုတ်ဈေးကွက်မှ ဆန်ဝယ်လိုအား လျော့ကျသွားလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် မကြာခဏဆိုသလို တရုတ်ဘက်ခြမ်းတွင် ဆန်တင်သွင်းမှုကို ဖမ်းဆီးမှုများရှိခဲ့သည်။ ၂ဝ၁၈ ခုနှစ်တွင် ဆန်တင်ပို့မှုသည် နယ်စပ်လမ်းကြောင်းကုန်သွယ်မှုမှ ၅၂ ရာခိုင်နှုန်းရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၄၈ ရာခိုင်နှုန်းရှိသည်။ မြန်မာအနေဖြင့် ယခင်က တရုတ်နိုင်ငံဈေးကွက်သို့ နယ်စပ်လမ်းကြောင်းက တင်ပို့မှုသည် ဆန်တင်ပို့မှု၏ ၇ဝ−၈ဝ ရာခိုင်နှုန်းခန့် ရှိခဲ့သော်လည်း ၂ဝ၁၇ နောက်ပိုင်းတွင် ပင်လယ်ရေကြောင်းဖြင့် အာဖရိက၊ အီးယူ စသည့် ဈေးကွက်များသို့လည်း တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ပုံမှန်ပင်လယ်ရေကြောင်းတင်ပို့မှု ဈေးကွက်လည်း မြင့်တက်လာခဲ့သည်။
၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့သည်။ အဆိုပါပြည်ပသို့ ဆန်တင်ပို့နိုင်မှုပမာဏသည် နှစ်ပေါင်း ၅ဝ ကျော်အတွင်း တင်ပို့မှုအများဆုံးစံချိန်တစ်ခုလည်း ဖြစ်ခဲ့သည်။ လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်တင်ပို့မှုမြင့်မားလာရေး ရည်ရွယ်ပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ''အဓိကကတော့ ထုတ်လုပ်မှုအပိုင်း၊ အရည်အသွေးပိုင်း၊ ဈေးကွက်အသစ်အတွက် ချိတ်ဆက်မှုအပိုင်း၊ သတင်းအချက်အလက်နဲ့ သုတေသနအပိုင်းတွေ ပါလာမယ်''ဟု ဦးအောင်စိုးက ပြောသည်။ဥရောပသမဂ္ဂ (EU) က မြန်မာဆန်ပို့ကုန်အပေါ် အခွန်ပြန်လည်ကောက်ခံမှုကို ဇန်နဝါရီတတိယပတ်တွင် စတင်ခဲ့သည်။ မြန်မာနှင့် ကမ္ဘောဒီးယားတို့က တင်ပို့သည့် အင်ဒီကာ (Indica) ဆန်အမျိုးအစားကို ယခင်က အခွန်အကောက် ကင်းလွတ်ခွင့်ပေးထားမှုကို ရုပ်သိမ်းခဲ့ပြီး အခွန်ပြန်လည်ကောက်ခံခဲ့ခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂ (EU) က မြန်မာနှင့် ကမ္ဘောဒီးယားတို့က အင်ဒီကာဆန် အမျိုးအစားတင်ပို့မှု များပြားခြင်းကြောင့် ၎င်းတို့တောင်သူများ နစ်နာမှုရှိသည်ဟု ယူဆသဖြင့် အခွန်ပြန်လည်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဆန်တစ်တန်လျှင် ပထမတစ်နှစ်အတွက် ၁၇၅ ယူရို၊ ဒုတိယနှစ်အတွက် ယူရို ၁၅ဝ နှင့် တတိယနှစ်အတွက် ၁၂၅ ယူရို ကောက်ခံသွားမည်ဖြစ်သည်။မြန်မာက ဥရောပဈေးကွက်သို့ ဆန်တင်ပို့မှုအနက် အင်ဒီကာဆန်အမျိုးအစားတင်ပို့မှုသည် ၁၅−၂ဝ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် သက်ရောက်မှုအနည်းငယ်သာ ရှိမည်ဟု ဆန်ကုန်သည်များက သုံးသပ်ထားသည်။
Myanmar Time